fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 316 Total Cases
😥 6 Deaths
😇 245 Recovered

အမျိုးသမီးတိုင်းလိုလို ကြုံတွေ့ရနိုင်တဲ့ ဆီးလမ်းကြောင်းပိုးဝင်ခြင်း

အမျိုးသမီးတိုင်းလိုလို ကြုံတွေ့ရနိုင်တဲ့ ဆီးလမ်းကြောင်းပိုးဝင်ခြင်း
ဆီးပိုးဝင်တယ်ဆိုတာ ပြင်ပမှပိုးမွှားများ အများအားဖြင့် ဘက်တီးရီးယားတွေဟာ ဆီးထွက်ပြွန်(Urethra)မှတဆင့် ဆီးလမ်းကြောင်းစနစ်ရှိ အင်္ဂါအစိတ်အပိုင်းများသို့ ဝင်ရောက်ကူးစက်ခြင်းဖြစ်ပါတယ်။

ဆီးပိုးဝင်တာ ဟာ အမျိုးသမီးရော အမျိုးသားရောဖြစ်နိုင်ပါတယ်။

ဒါပေမယ့် အမျိုးသမီးတွေက အမျိုးသားတွေထက် ဆီးပိုးဝင်နိုင်ခြေပိုများပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ အမျိုးသမီးတွေရဲ့ဆီးလမ်းကြောင်းက အမျိုးသားတွေထက်စာရင်ပိုတိုလို့ပါ။

ဒါ့အပြင် ဆီးထွက်တဲ့အပေါက်ဟာ မိန်းမကိုယ်ပေါက်၊စအိုပေါက် တို့နဲ့ နီးကပ်တာကြောင့် ဆီးပိုးဝင်နိုင်ခြေပိုများရခြင်းဖြစ်ပါတယ်။

အမျိုးသမီးတွေမှာဆီးပိုးဝင်ရတဲ့အကြောင်းရင်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။တကိုယ်ရည်သန့်ရှင်းမှုအားနည်းခြင်း

ရေပုံမှန်မချိုးတာ၊ရေချိုးတဲ့အခါမှာလည်း လိင်အင်္ဂါတဝိုက်သန့်ရှင်းရေးမလုပ်တာ၊အတွင်းခံတွေ၊အိပ်ရာခင်းတွေကို သန့်သန့်ရှင်းရှင်း မလျှော်ဖွတ်တာ၊သေချာနေမလှမ်းတာ၊ဆီးသွားပြီးချိန်မှာမိန်းမကိုယ်ကို ခြောက်သွေ့အောင်အဝတ်သန့်နဲ့သေချာမသုတ်တာ တွေဟာ ဆီးပိုးဝင်ခြင်းကိုဖြစ်စေနိုင်ပါတယ်။

၂။လိင်မှတဆင့်ကူးစက်သောရောဂါဖြစ်ခြင်း

မသန့်ရှင်းတဲ့လိင်ဆက်ဆံရာမှတဆင့် သို့မဟုတ် မသန့်ရှင်းတဲ့ပစ္စည်းတွေသုံးပြီးအာသာဖြေရာမှတဆင့် ဖြစ်တတ်တဲ့ လိင်အင်္ဂါကြွက်နို့ဖြစ်တာ၊ရေယုန်ဖြစ်တာ၊ဆီးပူညောင်းကျဖြစ်တာ စတဲ့ လိင်မှတဆင့်ကူးစက်ရောဂါတွေဖြစ်ပါက အမျိုးသမီးတွေမှာဆီးပိုးဝင်နိုင်ခြေပိုများပါတယ်။ဘာဖြစ်လို့လဲဆိုတော့ အထက်မှာတခါပြောခဲ့တဲ့အတိုင်း အမျိုးသမီးတွေမှာ ဆီးသွားတဲ့အပေါက်နဲ့ လိင်အင်္ဂါမိန်းမကိုယ်အပေါက်ဟာ နီးကပ်စွာတည်ရှိလို့ပါ။

၃။ဆီးကိုကုန်အောင်မပေါက်ခြင်း

ဆီးသွားတဲ့အခါမှာ ဆီးမကုန်ဘဲကျန်နေပါက ပေါက်ပြီးတဲ့အချိန်မှာ ကျန်တဲ့ဆီးဟာ အတွင်းခံအဝတ်ထဲ ထွက်ကာ အတွင်းခံအဝတ်ကိုစိုစွတ်စေပါတယ်။အဲ့အခါမှာ ဘက်တီးရီးယားတွေပေါက်ပြီး ဆီးပိုးဝင်နိုင်ပါတယ်။ဒီလိုနည်းနဲ့ဆီးပိုးဝင်တာဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ကိုယ်ဝန်ရင့်လာတဲ့အခါ သားအိမ်ကတဖြည်းဖြည်းကြီးလာပြီး ဆီးအိမ်ကိုသွားဖိတဲ့အတွက်ကြောင့်ပါ။

၄။သားဆက်ခြားရာတွင်သုံးသောပစ္စည်းများ

သားဆက်ခြားရာမှာသုံးသောတချို့ပစ္စည်းများကြောင့်လည်းဆီးပိုးဝင်နိုင်ပါတယ်။ဥပမာ ချောဆီမပါတဲ့ကွန်ဒုံး သုံးတာ၊သုတ်ကောင်သေစေတဲ့အာနိသင်ပါတဲ့ကွန်ဒုံးသုံးတာ၊အမျိုးသမီးသုံးကွန်ဒုံးသုံးတာ တွေဟာ အခန့်မသင့်ရင် လိင်အင်္ဂါယားယံမှုကိုဖြစ်စေပြီး ဆီးပိုးဝင်စေနိုင်ပါတယ်။

၅။လစဉ်သုံးပစ္စည်းများ

ရာသီပေါ်စဉ်သုံးတဲ့ ဂွမ်းထုပ်၊Pad၊Tampon၊ရာသီခံခွက် စတာတွေကို ရာသီဆင်းတာများများ နည်းနည်း အချိန်မှန်(အကြမ်းအားဖြင့် တရက်ကို နှစ်ကြိမ် သုံးကြိမ်)လဲပေးဖို့လိုပါတယ်။နည်းတယ်ဆိုပြီးမလဲဘဲထားပါက ပိုးတွေပေါက်နိုင်ပြီး ဆီးပိုးဝင်ခြင်းကိုဖြစ်စေနိုင်ပါတယ်။

၆။သွေးဆုံးခြင်း

သွေးဆုံးပြီးတဲ့အမျိုးသမီးတွေမှာ အီစတိုဂျင်ဟော်မုန်းနည်းသွားတဲ့အတွက် သားအိမ်ကျွံ့တာ၊ဆီးအိမ်ကျွံတာ တွေဖြစ်နိုင်ပါတယ်။အဲ့လိုဖြစ်တာအခါ ဆီးသွားရခက်ပြီး ဆီးကျန်တာကိုဖြစ်စေနိုင်တဲ့အတွက် ဆီးပိုးဝင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

ဒါတွေအပြင် ဝမ်းချုပ်ခြင်း၊ဆီးချိုဖြစ်ခြင်း၊ကျောက်ကပ်မှာကျောက်တည်ခြင်း၊ခုခံအားကျဆင်းမှုရောဂါရှိခြင်း၊မွေးရာပါဆီးလမ်းကြောင်းပုံမှန်မဟုတ်ခြင်း တွေကလည်း ဆီးပိုးဝင်ခြင်းကိုဖြစ်စေနိုင်ပါတယ်။

Dr 528

ဆက်စပ် ဆောင်းပါးများ