ရာသီအကူးအပြောင်းမှာ မဖျားရအောင်

ရာသီအကူးအပြောင်းမှာ မဖျားရအောင်

ရာသီအကူးအပြောင်းကာလမှာ ဖြစ်လေ့ရှိတဲ့ တုပ်ကွေးရောဂါဖြစ်ပွားလျှင် အလွန်ခံရခက်လှပါတယ်။အလုပ်မလုပ်နိုင်၊ ကျောင်းမသွားနိုင်သည်အထိ ခံစားရဆိုးရွားပါတယ်။ လည်ချောင်းနာ၊ နှာပိတ်၊နှာရည်ကျ၊ ချောင်းဆိုး၊ ခေါင်းကိုက်၊ ဖျား၊ ကိုယ်လက်ကိုက်ခဲစသောတုပ်ကွေးလက္ခဏာများသည် ကူးစက်ခံရသူအဖို့ အလွန်ခံရခက်သောလက္ခဏာများပင်ဖြစ်ပါတယ်။

အအေးမိနှာစေးခြင်းသည် သာမန်ရောဂါလေးမှစ၍ အဆုတ်ပွအဆုတ်ရောင်၍ ဆေးရုံတက်ကုသရသည်အထိ ပြင်းထန်နိုင်ပါတယ်။ အအေးမိတုပ်ကွေးရောဂါသည် ဗိုင်းရပ်စ်ပိုးများကြောင့် ဖြစ်ပွားလေ့ရှိပြီ ရောဂါဖြစ်ပွားသူ ချောင်းဆိုး၊ နှာစေးခြင်းမှတဆင့် သေးငယ်သောအမှုန်အမွှားများလေထဲသို့ ပျံနှံ့ကူးစက်နိုင်ပါတယ်။ ထိုအမှုန်အမွှားများ ကပ်ငြိနေနိုင်သော အရာပစ္စည်းများ ထိတွေ့ကိုင်တွယ်ခြင်းမှတဆင့်လည်း ကူးစက်ခံရတတ်ပါတယ်။ ထို့ကြောင့်တစ်ယောက်ဖြစ်လျှင် တစ်အိမ်လုံးအလျင်အမြန်ကူးစက်နိုင်ပါတယ်။

တုပ်ကွေးရောဂါသည် ကိုယ်ခံအားနည်းသောအချိန်တွင် ပိုမိုကူးစက်တတ်ပါတယ်။ တုပ်ကွေးရောဂါသည် ကိုယ်ခံအားမကောင်းသာ ကလေးသူငယ်များ၊ သက် ကြီးရွယ်အိုများနှင့် နာတာရှည်ရောဂါသည်များ မကူးစက်အောင် အထူးဂရုစိုက်ရပါတယ်။ တုပ်ကွေးကူးစက်သူများသည် အနည်းဆုံး၅ရက်မှ တစ်ပတ်ထိ ကြာမြင့်တတ်ပါတယ်။ ကိုယ်လက်ကိုက်ခဲ၊ ဖျားနာမှု့ ပျောက်သည့်တိုင်အောင်ရက်သတ္တပတ်အနည်းငယ်ထိ နွမ်းလျနေတတ်ပါတယ်။

သက်သာစေသောနည်းလမ်းများကတော့ အပြည့်အဝအနားယူပါ။ အာဟာရရှိသော အရည်များများသောက်ပါ၊ လတ်ဆတ်သော အသီးဖျော်ရည်များ သောက်ပါ၊ ဓာတ်ဆားရည် သောက်ပါ၊ ရေဓာတ် အလျင်အမြန် ဖြည့်တင်းပေးပါ။ ကိုယ်ခံအားတက်စေသော အစားအစာများ စားပေးပါ။ ရေနွေးငွေ့ရှူပါ။ လည်ချောင်းနာအတွက် ဆားရည်ပလုတ် ကျင်းပါ။

ကိုယ်လက်ကိုက်ခဲမှု့ သက်သာစေသော အကိုက်အခဲပျောက်ဆေးများ ၊ နှာစေး၊နှာပိတ်ခြင်း၊ချောင်းဆိုးခြင်းသက်သာစေသော အိမ်သုံးဆေးဝါးများ သောက်သုံးနိုင်ပါတယ်။ လိုအပ်မှသာ ပိုးသတ်ဆေး၊ ဗိုင်းစ်ရပ်သတ်ဆေးများကို ဆရာဝန်ညွန်ကြားချက်ဖြင့် သောက်သုံးရမှာ ဖြစ်ပါတယ်။

တုပ်ကွေးရောဂါကာကွယ်နည်းများမှာ
-ကိုယ်ခံအားကောင်းစေရန် ပြုမူနေထိုင်ပါ။ အိပ်ရေးဝဝ အိပ်ပါ။ အနားယူပါ။ စိတ်ဖိဆီးမှု့ လျော့ချပါ။ကိုယ်ခံအားတက်စေမည့် အစားအစာများ စားသုံးပါ။ လက်ဆေးပါ။ တစ်ခုခုကိုင်တွယ်ပြီးတိုင်း လက်ကို သေချာစွာ ဆပ်ပြာနှင့် ဆေးပါ။ မျက်စိ၊နှာခေါင်းနှင့် ပါးစပ်ကိုလက်ဖြင့် အလွယ်တကူ မထိတွေ့ပါစေနဲ့။ ချောင်းဆိုးနှာချေခဲ့လျှင် နှာခေါင်းကို အဝတ်စ၊ တစ်ရူးစဖြင့် ပိတ်၍ဆိုးပါ။ နှာခေါင်းစည်းတပ်ပြီးနေပါ။ တုပ်ကွေးရှိသူသည် အိမ်သားများနဲ့ ဝေးဝေးနေပါ။ လူနေထူထပ်သောနေရာများကို ရှောင်ရှားပါ။

ကြိုတင်ကာကွယ်မှု့အနေဖြင့် ကာကွယ်ဆေး ထိုးထားနိုင်ပါတယ်။ သို့သော် တုပ်ကွေးဖြစ်စေသော ဗိုင်းရပ်စ်အမျိုးအစားများစွာရှိပြီး တစ်ရာသီနှင့် တစ်ရာသီဖြစ်စေသော တုပ်ကွေးကွာခြားနိုင်သောကြောင့် ဆရာဝန်နဲ့တိုင်ပင်ပြီးမှ ထိုးပါ။

တုပ်ကွေးရောဂါသည် အချို့လူများတွင် နောက်ဆက်တွဲဆိုးကျိုးများ ခံစားရလေ့ရှိပါတယ်။အသက်ကြီးသူများ၊ ငယ်ရွယ်သူများ၊ ကိုယ်ဝန်ဆောင်များ၊ နာတာရှည်ရောဂါသည်များတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများပိုမို ဖြစ်ပွားတတ်ပါတယ်။

တုပ်ကွေးကြောင့်ခံစားရတဲ့ ကိုယ်လက်ကိုက်ခဲခြင်း၊ နှာစေး၊နှာပိတ်၊နှာချေ၊ လည်ချောင်းနာ၊ ချောင်းဆိုးခဲ့လျှင် အလျင်အမြန်သက်သာစေနိုင်သော အိမ်သုံးဆေးဝါးများ သောက်သုံးခြင်း၊ ကိုယ်ခံအားကောင်းအောင်နေထိုင်ခြင်းနှင့် ကူးစက်မှု့ မပြန့်ပွားအောင် ကာကွယ်ခြင်း စသည်တို့ဖြင့် ရာသီတုပ်ကွေးဝေဒနာကို ကုသသင့်ပါတယ်။

Author : Dr. ပြည့်ရှင်း

ဆက်စပ် ဆောင်းပါးများ