ရေချို ခရုမှ တစ်ဆင့် ကူးစက်တတ်သော Schistosoma ကပ်ပါးပိုးကြောင့် ဖြစ်ရသည့် Schistosomiasis ရောဂါ
လတ်တလော ဒီရောဂါဟာ ရခိုင်ပြည်နယ်ဘက်မှာ အဖြစ်များနေတာကြောင့် ဒါနဲ့ ပတ်သတ်ပြီး နည်းနည်းလေး ပြောပြပေးချင်တာကြောင့် ရေးလိုက်တာပါ။
ဒီရောဂါ ကို ဖြစ်စေတဲ့ Schistosoma ဟာ ကပ်ပါးပိုးတစ်မျိုးပဲ ဖြစ်ပါတယ်။ ဒီအကောင်ကို ကပ်ပါးပိုးလို့ သတ်မှတ်ထားရတာဟာ သူဟာ သူ့အတွက် လိုအပ်တဲ့ အစာအာဟာရ ကို လူကနေ ရယူတဲ့ အတွက် ကြောင့်ပဲ ဖြစ်ပါတယ်။
Schistosoma ကပ်ပါးပိုးတွေဟာ မျိုးနွယ်စိတ်(Species) အမျိုးမျိုးရှိပါတယ်။ ဒီမျိုးစိတ်တွေပေါ် မူတည်ပြီး သူရဲ့ ရောဂါ လက္ခဏာတွေဟာ ကွဲပြားသွားနိုင်ပါတယ်။
Schistosoma ဘယ်လို ကူးစက်တာလဲ???
ကူးစက်ခံထားရဲ့ လူရဲ့ ဆီး ဝမ်းတွေက တစ်ဆင့် သူတို့ဟာ ရေချို မြစ်ချောင်းအင်းအိုင်တွေထဲကို ရောက်သွားပါတယ်။ အဲနောက်မှာ ဒီကပ်ပါးတွေဟာ ပုံစံပြောင်းပြီး ရေချိုခရုကိုယ်ထဲကို ဝင်သွားကြပါတယ်။
နောက်ထပ်လူတစ်ယောက်ကို ထပ်ပြီး ကူးစက်နိုင်ဖို့အတွက် ရေချိုခရုတွေကိုယ်ထဲမှာ ထပ်ပွားကြပါတယ်။ ခရုတွေကိုယ်ထဲက စွန့်ထုတ်လိုက်တဲ့ အခါမှာတော့ ရေချိုထဲကို ပြန်ရောက်သွားကြပါတယ်။
ခရုကိုယ်ထဲက ထွက်လာတဲ့ ကပ်ပါးကောင်တွေဟာ တခြားလူတစ်ယောက်ကို ကူးစက်နိုင်မဲ့ ပုံစံအနေအထား နဲ့ ထွက်လာတာဖြစ်တဲ့ အတွက် ဒီ ကပ်ပါးကောင်တွေ ရှိနေတဲ့ မြစ်ချောင်းအင်းအိုင်တွေထဲကို ဆင်းမိတဲ့အခါ ကပ်ပါးကောင်တွေ ကူးစက်တာကို ခံရမှာပဲ ဖြစ်ပါတယ်။
ကူးစက်တတ်တဲ့ပုံစံကို ရဖို့ ကပ်ပါးတွေဟာ ပုံစံပြောင်းရတာတွေ ရှိတဲ့အတွက် အသက်ရှူလမ်းကြောင်းက တဆင့် ကူးစက်တတ်တဲ့ ရောဂါတွေလို လူတစ်ဦး နဲ့ တစ်ဦး တိုက်ရိုက်ကူးစက်တာမျိုး မရှိဘူး ဆိုတာကိုတော့ အထူးပြောပြချင်ပါတယ်။
ဒါကြောင့် ကူးစက်မခံချင်တဲ့အခါ ရောဂါ ဖြစ်နေတဲ့သူကို ရှောင်နေဖို့ မလိုပါ။ မလိုအပ်ပဲနဲ့ မြစ်ချောင်းအင်းအိုင်တွေထဲကို မဆင်းဖို့ကသာ အရေးကြီးပါတယ်။
ဘယ်လိုလက္ခဏာတွေ ဖြစ်သလဲ???
ဒီအကောင်တွေ ဖောက်ဝင်လာတဲ့ အရေပြားမှာ ယားယံပြီး ကျန်ခဲ့နိုင်ပါတယ်။
ကိုယ်တွင်းကို ဖောက်ဝင်လာပြီးတဲ့ ၃ ၄ ၅ပတ်လောက် ကြာပြီးတဲ့အခါမှာတော့ ဖျားတာ တကိုယ်လုံး ယားယံတာ ကိုယ်လက်နာကျင်တာတွေ ဖြစ်လာနိုင်ပါတယ်။ အဆုတ် တွေ ဆီရောက်တဲ့ အခါမှာ ချောင်းဆိုးတာ တွေ ဖြစ်နိုင်သလို အသည်းတွေကို ရောက်တဲ့ အတွက်ကြောင့်လည်း အသည်းရောင်တဲ့ အတွက် ဗိုက်အောင့်တာ တွေလည်း ရှိနိုင်ပါတယ်။
ဘာ အန္တရာယ်ရှိသလဲ???
ဒီကပ်ပါးပိုးတွေရဲ့ ကြောက်စရာကောင်းတဲ့ အချက်ကတော့ ကြာလာတဲ့အခါ သူတို့ဟာ ကိုယ်တွင်း အင်္ဂါတွေမှာ နောက်ဆက်တွဲ ရောဂါတွေကို ဖြစ်စေနိုင်လို့ ပါပဲ။
လူကိုယ်တွင်းမှာ ရှိနေတဲ့ တစ်ရှူးတွေ ထဲကို Schistosoma ကပ်ပါးပိုးဥတွေ ရောက်တဲ့အခါမှာ နာတာရှည် Schistosomiasis ရောဂါတွေ ဖြစ်လာရပါတယ်။ နောက်ဆက်တွဲရောဂါတွေဟာ ဒီ ကပ်ပါးပိုးတွေ ကိုယ်တွင်းကို စဝင်လာပြီး လပေါင်းနှစ်ပေါင်းများစွာ ကြာတဲ့အခါမှ ဖြစ်တာ ဖြစ်တဲ့ အတွက် ဒါတွေ ဖြစ်လာတဲ့ အချိန်မှာ ဒီကပ်ပါးပိုး ဝင်ဖူးတယ် ဆိုတဲ့ ရောဂါရာဇဝင်ကို မေ့နေတတ်ကြပါတယ်။
Schistosoma haematobium လို့ခေါ်တဲ့ မျိုးစိတ်တစ်မျိုးကတော့ ဆီးအိတ်နံရံ တွေမှာ ဥတွေကို သွားချထားတတ်ပါတယ်။
ဥတွေ စရောက်ခါစအချိန်မှာ ဆီးအိတ်နေရာမှာ ရောင်တဲ့ အတွက် ဝမ်းဗိုက်အောက်ပိုင်းမှာ နာကျင်တာ ၊ ဆီးသွားတဲ့အချိန် သွေးပါတာမျိုး တွေရှိနိုင်ပါတယ်။ဒီဥတွေကြောင့် ကြာလာတဲ့ အခါမှာတော့ ဆီးအိတ် ကင်ဆာအထိ ဖြစ်သွားနိုင်ပါတယ်။
Schistosoma japonicum နဲ့ mansoni တွေဟာတော့ အူနံရံတွေမှာ ဥတွေ သွားချတဲ့ အတွက် အူရောင်ပြီး ဗိုက်အောင့်တာ ဝမ်းလျှောတာတွေ ဖြစ်တတ်ပါတယ်။သူဟာလည်း ကြာလာတဲ့ အခါမှာ အူလမ်းကြောင်းကို ကျဉ်းစေတာမျိုးတွေကို ဖြစ်စေပါတယ်။
Schistosoma ကူးစက်ခံရတဲ့ အခါမှာ ကျန်ခဲ့တဲ့ နောက်ဆက်တွဲပြဿနာတွေဟာ ကြောက်စရာ ကောင်းလှပါတယ်။ ဒါကြောင့် ဒီကပ်ပါးပိုး မကူးစက်ခံ ရဖို့ အတွက် မြစ်ချောင်းအင်းအိုင်တွေထဲကို မဆင်းကြဖို့ ပြောပြပေးလိုပါတယ်။
Dr. မွှေး