မလာခင်က ကြိုသိနေတယ်

မလာခင်က ကြိုသိနေတယ်

ဒေါသတွေထွက်နေပြီလား ၊ ဘာအကြောင်းကိုမှန်း မယ်မယ်ရရမရှိ မသိပဲ စိတ်တို စိတ်မရှည်၊ ဝမ်းနည်းလွယ်တယ် မျက်ရည်လွယ်နေပြီဆိုရင် ပြက္ခဒိန် ကို တစ်ချက် ကြည့်လိုက်ပါတော့ ရာသီလာခါနီးနေပါပြီ ။ ဒီလက္ခဏာတွေက ရာသီမလာခင် တစ်ပတ် နှစ်ပတ်လောက် ဆိုရင် စပြီး ဖြစ်တတ်ပါတယ် ၊ ရာသီ စလာပြီဆိုရင်တော့ သက်သာသွားပါတယ် ။ အမျိုးသမီး တစ်ဦးနဲ့ တစ်ဦး ဝေဒနာ ပြင်းထန်မှု မတူကြပါဘူး ၊ အများစု 75% လောက်က လက္ခဏာ သိပ်မပြင်းထန် ကြပါဘူး။ အရမ်းပြင်းထန်တဲ့ ဝေဒနာရှင်တွေကတော့ အလုပ်အကိုင်ပျက်တဲ့ အထိ ၊ ပတ်ဝန်းကျင်မှာ အမျိုးသားနဲ့ အဆင်မပြေတဲ့ အထိ ခံစားကြရပါတယ်။

အဓိက ဖြစ်ရတဲ့ အကြောင်းရင်းကတော့ estrogen, progesterone ဟော်မုန်းအပြောင်းအလဲ ကြောင့် serotonin ကို အတက်အကျဖြစ်စေတယ်။ ယင်း serotonin ဓာတ်က စိတ်ခံစားမှု mood အပြောင်းအလဲကို ထိန်းချုပ်ထားတာဖြစ်ပါတယ်။ ဒါ့ကြောင့်လဲ ဝမ်းနည်းလွယ် ၊ စိတ်ထိခိုက်လွယ်တာ ဖြစ်နေတော့တာပါပဲ။

အမျိုးသား ၊ သို့မဟုတ် အိမ်က မိသားစုဝင် ၊ သူငယ်ချင်းတွေနဲ့ မကြာခဏ စိတ်ကောက်ရန်ဖြစ် ဖြစ်တတ်ပါတယ်။ ဒီလို အချိန်ဆိုရင် မျော်လင့်ချက်မဲ့သလို ခံစားရမယ်၊ စိုးရိမ်ပူပန်စိတ် ၊ စိတ် အတက်အကျမြန်တာ၊ စိတ်ဝင်စားမှု နည်းပါလာတာ၊ ပုံမှန်ထက် မောပန်း နွမ်းနယ်နေတာ၊ အစားအသောက်ပျက်တာ၊ တခါတလေ အရမ်းစားတာ ၊ အရမ်းအိပ်တာ၊ အိပ်ပျော်ဖို့ခက်ခဲတာ၊ ရင်သားတင်းလာတာ၊ ခေါင်းကိုက်၊ အဆစ်အမြစ်ကိုက်၊ ကြွက်သားနာ၊ စတဲ့ အချက်တွေ ဖြစ်ပေါ်လာပါတယ်။ ကိုယ်အလေးချိန်လဲ တက်လာပါတယ်။

ယင်း အချက်တွေက စိတ်ကျရောဂါ၊ စိုးရိမ်စိတ်များတဲ့ရောဂါ၊ စိတ်တက်ကျ ရောဂါ လက္ခဏာတွေနဲ့ အတော်လေးဆင်တူပါတယ်။ မတူတာကတော့ PMS က ရာသီလာပြီဆိုတာနဲ့ ဝေဒနာတွေ သက်သာပျောက်ကင်းသွားတာပါ။ အဓိက ကတော့ အားဆေးသောက်ပြီး ကောင်းကောင်း အနားယူ၊ တရားထိုင် ၊ စိတ်ကို ငြိမ်အောင်ထားပြီး လိုအပ်တဲ့ အကိုက်ခဲ ပျောက်ဆေးတွေ သောက်ရင် လုံလောက်ပါတယ်။

ကျန်းမာကြပါစေ
Dr Lynn

ဆက်စပ် ဆောင်းပါးများ