သားအိမ်မရှိတော့လျှင် ဘာဖြစ်မလဲ

သားအိမ်မရှိတော့လျှင် ဘာဖြစ်မလဲ

အမျိုးသမီးအားလုံးအတွက် သားအိမ်သည် အရေးကြီးသော အင်္ဂါတစ်ခုဖြစ်ပါတယ်။ သားအိမ်ရောဂါတခုခုကြောင့် သားအိမ်ထုတ်ခဲ့ရမည်ဟု ဆရာဝန်ကညွန်ကြားခဲ့သော် သင့်အတွက် စိုးရိမ်လွန်ကဲမှု အမြင့်ဆုံးထိရောက်သွားနိုင်ပါတယ်။ သားအိမ်ထုတ်ရသော အကြောင်းရင်းများမှာ

– သားအိမ်အလုံးတည်၍ သွေးဆင်းနာကျင်ခြင်း
– သားအိမ်ကျခြင်း
– သားအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ သားဥအိမ်ကင်ဆာ
– သားအိမ်ပွခြင်း
– မူမမှန်ဆင်းခြင်းစသော အကြောင်းရင်းများကြောင့် ထုတ်ရတတ်ပါတယ်။

သားအိမ်တဝက်ထုတ်ခြင်း၊ သားအိမ်တခုလုံးနှင့် သားအိမ်ခေါင်းထုတ်ခြင်းနှင့် သားအိမ်တခုလုံး/ သားအိမ်ခေါင်းနှင့် မိန်းမကိုယ်တခုလုံးထုတ်ခြင်းစသည်တို့ရှိပါတယ်။

ဗိုက်ဖွင့်သားအိမ်ထုတ်နည်းနှင့် မှန်ပြောင်းဖြင့် သားအိမ်ထုတ်နည်းစသည်ဖြင့်ကွဲပြားပါတယ်။

သားအိမ်ထုတ်ရာတွင် သားဥအိမ်နှစ်ဘက်လုံး တစ်ပါးတည်းထုတ်ခဲ့သော် အဆိုပါ အမျိုူသမီးသည် သွေးဆုံးသည့်အခြေအနေသို့ ရောက်ရှိပါလိမ့်မယ်။ သားဥအိမ်ကျန်ခဲ့ပါက သွေးဆုံးသည့်အခြေအနေကို အခြားသူများထက်စော၍ ရောက်နိုင်ပါလိမ့်မယ်။ သားအိမ်ထုတ်ပြီးနောက် မူလအခြေအနေသို့ အမြန်ဆုံးပြန်ရောက်ရန်မှာ မည်သည့်နည်းဖြင့် ထုတ်ခဲ့သည်အပေါ်မူတည်ပါတယ်။

ဗိုက်ဖွင့်၍ သားအိမ်ထုတ်နည်း

အဆိုပါနည်းဖြင့် ခွဲထုတ်ပါက ခွဲပြီး ၂ ရက် ၃ ရက်အကြာ ဆေးရုံဆင်းနိုင်သော်လည်း လုံးဝအခြေအနေကောင်းမွန်ရန် ၆ ပတ် ၈ ပတ်ခန့် အချိန်ယူရပါမယ်။ အိမ်အလုပ်များပင် ဆရာဝန်ခွင့်မပြုဘဲ မလုပ်သင့်ပါ။ လမ်းလျောက်နိုင်သည်ဆိုသော်ငြားလည်း အလေးအပင်မမသင့်ပါ။ ခြောက်ပတ်ခန့်ကြာပြီးနောက်ပိုင်းမှသာ လိင်ဆက်ဆံခြင်းအပါအဝင် ပုံမှန်လှုပ်ရှားမှုများပြုလုပ်သင့်ပါတယ်။

မိန်းမကိုယ်မှတဆင့် သို့မဟုတ် မှန်ပြောင်းဖြင့်သားအိမ်ထုတ်နည်း

အဆိုပါနည်းသည် အခြားနည်းထက် ပိုမိုကောင်းမွန်နိုင်သည်ဆိုသော်ငြားလည်း ပြန်လည်ကောင်းမွန်ရန် အချိန်ယူရသည်မှာ အတူတူပင်ဖြစ်ပါတယ်။

သားအိမ်ထုတ်ပြီးသည့်နောက် ချမ်းတုန်ဖျားခြင်း၊ မူမမှန်ဆင်းခြင်း၊ အလွန်အမင်းနာကျင်ကိုက်ခဲခြင်း၊ ခွဲသည့်နေရာနီရဲခြင်း၊ ဆီးသွားရ၊ ဝမ်းသွားရခက်ခဲခြင်းနှင့် အသက်ရူခက်ခဲခြင်းစသော လက္ခဏာများခံစားရပါက အမြန်ဆုံးဆရာဝန်ဆီပြန်ပြပါ။

အမျိုးသမီးတယောက်အနေဖြင့် သားအိမ်မရှိပါက သွေးဆင်း၊ ခါးနာ၊ ဗိုက်အောင့်ဝေဒနာများ သက်သာပျောက်ကင်းစေပါတယ်။ အဆိုပါဝေဒနာများသက်သာကာ ပိုမိုကောင်းမွန်သော အိမ်ထောင်ရေးသုခရရှိစေနိုင်ပါတယ်။ သားဥအိမ်များ ဖယ်ထုတ်ခဲ့ပါက အပူအအေးဒဏ်မခံနိုင်ခြင်း၊ စိတ်ကယောင်ချောက်ချားဖြစ်ခြင်းစသော သွေးဆုံးကိုင်ဝေဒနာများခံစားရနိုင်ပါတယ်။

ဟောမုန်းအပြောင်းအလဲများကြောင့် မိန်းမကိုယ်ခြောက်သွေ့ခြင်း၊ လိင်စိတ်ခံစားမှုပြောင်းလဲနိုင်ပါတယ်။ ထိုအခြေအနေတွင် ဟော်မုန်းအစားထိုးကုသနည်းကို ဆေးရုံပေါ်မှာတင် စတင်ကုသရပါတယ်။ ဝေဒနာဆိုးတခုခုကြောင့် သားအိမ်ကို မထုတ်ချင်ဘဲထုတ်ခဲ့ရပါက စိတ်ဓာတ်ကျဝေဒနာပါတွဲလျက် ခံစားရပါက စိတ်ကျန်းမာရေးအထူးကုနှင့်ပါ သေချာပြသသင့်ပါတယ်။

သားအိမ်ထုတ်ပြီးနောက် ဟော်မုန်းအစားထိုးကုသနည်းကို ရွေးချယ်ကုသမှုခံယူသည့်အခါ ရင်သားကင်ဆာရှိပါက မသင့်တော်ပါ။ အချို့အမျိုးသမီးများသည် သားအိမ်ထုတ်ပြီးနောက် လိင်ဆက်ဆံရာတွင် အဆင်မပြေမှု ကြုံတွေ့ရတတ်ပါတယ်။ အဆိုပါပြဿနာကို ချောဆီသုံးခြင်း၊ အနေအထားမှန်နေခြင်းနှင့် အီစထရိုဂျင်လိမ်းဆေးဖြင့် ခြောက်သွေ့မှုသက်သာရန်ပြုလုပ်ခြင်းဖြင့် ဖြေရှင်းနိုင်ပါတယ်။ သားအိမ်ထုတ်ပြီးနောက် တင်းပါးဆုံကြွက်သားလျော့တွဲမှု ပြဿနာများကြုံတွေ့ရတတ်ပါတယ်။ ဆီးမထိန်းပြဿနာကို ကီကယ်လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ထိန်းနိုင်ပါလိမ့်မယ်။

Dr.ပြည့်ရှင်း

ဆက်စပ် ဆောင်းပါးများ