fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 316 Total Cases
😥 6 Deaths
😇 245 Recovered

ကိုယ်ဝန်ဆောင်နှင့် အာထရာဆောင်း အပိုင်း (၂)

ကိုယ်ဝန်ဆောင်နှင့် အာထရာဆောင်း အပိုင်း (၂)

အပိုင်း (၁) မှာ အာထရာဆောင်းအလုပ်လုပ်ပုံ၊ အာထရာဆောင်းရိုက်ခါနီး ဘာလို့ရေအဝသောက်ခိုင်းရတာလဲ၊ အာထရာဆောင်းခဏခဏ ရိုက်ရင် အန္တရာယ်ရှိလားဆိုတာတွေနဲ့ ပတ်သက်ပြီး ရေးသားတင်ပြခဲ့ပါတယ်။

အခုအပိုင်း (၂) မှာတော့ ဆီးစစ်ရင် နှစ်ကြောင်းပေါ်ပေမယ့် အာထရာဆောင်းရိုက်ကြည့်တော့ ဘာလို့ဘာမှမတွေ့တာလဲ။  ကိုယ်ဝန်ဆောင်စဉ် အာထရာဆောင်းရိုက်ခြင်းဖြင့် ဘာအကျိုးကျေးဇူးတွေရနိုင်လဲ။ ကိုယ်ဝန်ဆောင်စဉ်မှာ အနည်းဆုံး ဘယ်နှစ်ကြိမ်ရိုက်သင့်လဲ ဘာအတွက်ကြောင့်လဲဆိုတာတွေကို ဆက်ပြောပြပါမယ်။

ကိုယ်ဝန်ရှိရှိချင်း အာထရာဆောင်းရိုက်ရင် အာထရာဆောင်းမှာမပေါ်နိုင်ပါဘူး။ ဆီးစစ်တာတောင်မှ ကိုယ်ဝန်ရှိပြီး နှစ်ပတ်အကြာမှာ စစ်မှ သိနိုင်တာပါ။ အာထရာဆောင်းမှာတော့ ကိုယ်ဝန် ၆ ပတ်လောက်ရမှ ပေါ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ရှိပြီး နှစ်ပတ်အကြာမှာ ဆီးစစ်ရင်ကျ ကိုယ်ဝန်ရှိကြောင်းပေါ်ပြီး အာထရာဆောင်းသွားရိုက်ရင်ကျ အာထရာဆောင်းမှာ မပေါ်တာပါ။ ဒီအတွက်ကြောင့်ပဲ ဆီးစစ်လို့ ကိုယ်ဝန်ရှိကြောင်းပေါ်ရင် ဆရာဝန်တွေက အာထရာဆောင်းကို နောက်တလောက်နေမှ ရိုက်ခိုင်းလေ့ရှိပါတယ်။

ကိုယ်ဝန်ဆောင်စဉ်မှာ အာထရာဆောင်း ဘယ်နှစ်ကြိမ်လောက် ရိုက်သင့်လဲဆိုရင်တော့ ပထမ သုံးလအတွင်းမှာ တကြိမ်၊  ဒုတိယသုံးလအတွင်းမှာ တကြိမ်၊ နောက်ဆုံးသုံးလအတွင်းမှာ တကြိမ် စုစုပေါင်း အနည်းဆုံး သုံးကြိမ် ရိုက်သင့်ပါတယ်လို့ ယူဆပါတယ်။

ဘာကြောင့်လဲ ဘယ်လိုအကျိုးတွေရှိလဲဆိုတာကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

အာထရာဆောင်းကို ပထမသုံးလအတွင်း ရိုက်သင့်တဲ့အကြောင်းကတော့ ပထမသုံးလအတွင်းမှာရိုက်ရင် ကိုယ်ဝန်သန္ဓေသားအသက် ဘယ်လောက်ရှိပြီကို ၉၈ ရာခိုင်နှုန်းနီးပါး မှန်အောင် စက်က အနီးစပ်ဆုံး တွက်ချက်ပေးနိုင်လို့ပါ။ ပထမသုံးလမှာ မရိုက်ဘဲ ဒုတိယသုံးလ သို့မဟုတ် နောက်ဆုံးသုံးလမှာမှ ရိုက်မယ်ဆိုရင် ကိုယ်ဝန်သန္ဓေသားအသက် (ကိုယ်ဝန်ဘယ်နှစ်လ) ကို တွက်ချက်တာက ပထမသုံးလအတွင်းမှာ ရိုက်တာလောက် တွက်ချက်မှု မတိကျနိုင်ပါဘူး။

အဲ့လို ကိုယ်ဝန်သန္ဓေသား အသက်တွက်ချက်မှု မတိကျရင် ခန့်မှန်းမီးဖွားရက် တွက်ချက်တာပါ မှားနိုင်ချေပိုများပါတယ်။

ဒါကြောင့် နောက်ဆုံးရာသီလာခဲ့တဲ့အကြိမ်ရဲ့ ပထမဆုံးရက် (First day of last menstruation) ကို သေချာမမှတ်မိတဲ့ အမျိုးသမီးတွေဆိုရင် ပထမသုံးလအတွင်း အာထရာဆောင်းရိုက်ဖြစ်အောင် ရိုက်ဖို့လိုပါတယ်။ ဒါ့အပြင် သန္ဓေသားက သားအိမ်အတွင်းမှာ ရှိလား သို့မဟုတ် သားအိမ်ပြင်ပမှာ သန္ဓေတည်နေတာလား။ ကလေးက တယောက်လား၊ အမွှာလား ဆိုတာတွေလည်း သိနိုင်ပါတယ်။

အာထရာဆောင်းကို ဒုတိယသုံးလ (၁၈ ပတ်ကနေ အပတ် ၂၀) အတွင်းမှာ ဒုတိယအကြိမ်ထပ်ရိုက်သင့်တဲ့ အကြောင်းကတော့ ယောက်ျားလေးလား၊ မိန်းကလေးလား သိဖို့နဲ့၊ ကလေးရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ပုံမှန်ဟုတ် မဟုတ် သိဖို့ပါပဲ။

အာထရာဆောင်းကို တတိယသုံးလမှာ နောက်တကြိမ် ထပ်ရိုက်သင့်တဲ့ အကြောင်းကတော့ ကလေးကြီးထွားမှုနဲ့ အနေအထား၊ ရေမွှာရည် နည်းလားများလား၊ အချင်းက ပုံမှန်ရှိရဲ့လား။ အချင်းရှေ့ရောက်နေလား စတာတွေကို သိဖို့လိုအပ်လို့ပါ။

ကဲ  ဒါဆိုရင်တော့ စာဖတ်ပရိသတ် မေမေတွေ အာထရာဆောင်းရိုက်တာနဲ့ ပတ်သက်ပြီးတော့ နည်းနည်းလောက်ပဲဖြစ်ဖြစ် ပိုရှင်းသွား ပိုသိသွားမယ်လို့ ထင်ပါတယ်။ အရင်တုန်းကတော့ ရိုက်ပေးတဲ့ ဆရာဝန်ကပဲ ဖန်သားပြင်ကိုကြည့်ပြီး အဖြေထုတ်ပေးပါတယ်။

အခုနောက်ပိုင်းတော့ တချို့ဆေးရုံတွေမှာ ကိုယ်ဝန်ဆောင်တွေ အာထရာဆောင်းရိုက်ရင် ဖန်သားပြင်ကို ရိုက်ပေးတဲ့ဆရာဝန်သာမက ကိုယ်ဝန်ဆောင်မိခင်ပါ မြင်ရအောင် ဆောင်ရွက်ပေးထားပြီး ရိုက်ပေးတဲ့ဆရာဝန်ကိုယ်တိုင် ဖန်သားပြင်ပေါ် ပေါ်လာတဲ့ သန္ဓေသားပုံရိပ်လေးအကြောင်းကို အာထရာဆောင်းရိုက်ရင်း တခါတည်းရှင်းပြပေးတဲ့ ဝန်ဆောင်မှုတွေလည်း ရှိနေပါပြီ။

Author : Dr. 528

ဆက်စပ် ဆောင်းပါးများ