စိတ်ကစဉ့်ကလျားဖြစ်မှုဝေဒနာမှာ ကမ္ဘာပေါ်တွင်လူသားများအတွက် ကပ်ဘေးဒုက္ခသဖွယ်ဖြစ်လာ နိုင်သည်ဟု ကျွမ်းကျင်ပညာရှင်များက မှတ်ချက်ပြုလိုက်ကြသည်။ ကျန်းမာရေးအတွက်အရေးကြီးသော ပြဿနာတစ်ရပ် ဖြစ်ပြီးလာမည့်မျိုးဆက်သစ်များ စောင့်ရှောက်ရေး၏ အခက်အခဲတစ်ရပ်ဖြစ်လာဖွယ်ရာ ရှိသည်။
လေးစက္ကန့်တိုင်းတွင်လူတစ်ဦးသည် စိတ်ကစဥ့်ကလျားဖြစ်မှုဝေဒနာခံစားကြရပြီး၊ ကမ္ဘာတစ်ဝန်းတွင် ဝေဒနာခံစားနေရသူပေါင်း ၄၄သန်းခန့်ထိရှိသည်။ ၂၀၅၀ ပြည့်နှစ်ရောက်ပြီဆိုလျှင် စိတ်ကစဥ့်ကလျားဖြစ်နေသူ ပေါင်း ၁၃၅သန်းထိ ရှိလာနိုင်သည်။
စိတ်ကစဉ့်ကလျားဖြစ်မှုကိုစောစွာ အဖြေထုတ်သိရှိနိုင်ရန်အလွန်ပင်အရေးကြီးသည်။ ဆရာဝန်တစ်ဦး ကလူနာအားစိတ်ကစဥ့်ကလျားဝေဒနာရှိသသည်ဟု မှတ်ချက်ပြုလျှင်၊ ဤအဆင့်မှာ အစဦးအခြေအနေဟုမှတ် ယူမရနိုင်တော့ပါ။ စိတ်ကစဥ့်ကလျားဖြစ်မှုမှာ ဦးနှောက်ကလာပ်စည်းများ ပျက်ယွင်းသေဆုံးပြီး ၁၀နှစ် ၁၅နှစ် ခန့်ရှိနေခဲ့ပြီးမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ မှတ်ဉာဏ်စွမ်းရည်စမ်းသပ်စစ်ဆေးမှုဖြင့် ရောဂါကိုစစ်ဆေးသိရှိနိုင်ပါ သည်။
စိတ်ကစဉ့်ကလျားဖြစ်မှုကို ဆေးဝါးများဖြင့် ကုသ၍မရနိုင်ခြင်းမှာ ရောဂါလက္ခဏာများ မြင်တွေ့ရချိန် တွင် ဦးနှောက်ကလာပ်စည်းများ ပျက်စီးယိုယွင်းသေဆုံးခဲ့ပြီး ဖြစ်နေသောကြောင့်ဖြစ်သည်။ ရာစုနှစ်သစ်တွင် ဦးနှောက်အား ပုံရိပ်ဖော်စစ်ဆေးခြင်းဖြင့် စိတ်ကစဥ့်ကလျားဖြစ်စေနိုင်မည့် ဦးနှောက် အခြေအနေကို ကြိုတင် စစ်ဆေးသိရှိနိုင်ခဲ့ပြီဖြစ်သည်။
စိတ်ကစဉ့်ကလျားဖြစ်မှုမှာ ဝေဒနာတစ်ခုသာဖြစ်ပြီး ရောဂါပေါင်းများစွာကြောင့်ဖြစ်ပေါ်လာရခြင်းဖြစ် သည်။ အယ်လ်ဇိုင်းမားရောဂါ Alzheimer’s disease မှာ စိတ်ကစဥ့်ကလျားဖြစ်မှုအတွက် အဓိကကြောင်းရင်း ဇာစ်မြစ်တစ်ခုဖြစ်သည်။
စိတ်ကစဥ့်ကလျားဖြစ်မှုကို ရပ်တန့်ပစ်နိုင်မည့် ဆေးဝါးဟူ၍မရှိသေးပေ။ ဝေဒနာကိုဟန့်တားနိုင်ပြီး
လက္ခဏာများကို သက်သာပျောက်ကင်းစေမည့် ဆေးဝါးသစ်များကို ဖေါ်ထုတ်ရန်အရေးကြီးလှပေသည်။
အဆုတ်ကင်ဆာရောဂါကို ကာကွယ်လိုလျှင်စီးကရက်မသောက်ရန်ဖြစ်သည်။ နှလုံးရောဂါဘေးမှ ကင်းဝေးလိုလျှင် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ လုပ်ဆောင်ပြီးကျန်းမာရေးနှင့် ညီညွတ်သောအစား အစာများစားသုံးရန် လိုအပ်သည်။ စိတ်ကစဥ့်ကလျားဖြစ်မှုကိုကာကွယ်ရန်ကား လွယ်ကူလှသည် မဟုတ်ပေ။ ကာကွယ်နိုင်မည့် နည်းလမ်းဟူ၍ ရှင်းလင်းစွာ မရှိသေးပေ။
UK တွင် အသက် ၉၅နှစ် နှင့်အထက် သက်ရွယ်ကြီးသူ သုံးဦးတွင်တစ်ဦးမှာ စိတ်ကစဥ့်ကလျားဝေဒနာ ခံစားနေရသည်။ လေ့ကျင့်ခန်းမှန်မှန် လုပ်ဆောင်ခြင်းနှင့် အစားအစာကို ဂရုစိုက်စားသုံးခြင်းကြောင့် အယ်လ် ဇိုင်းမားရောဂါဖြစ်ပွားမှုကို နှေးကွေးစေနိုင်သည်ဟုဆိုသည်။ အဝလွန်ကဲမှုမှရှိအောင် လုပ်ဆောင်ခြင်း၊ စီးကရက်မသောက်ခြင်း၊ လေ့ကျင့်ခန်းမှန်မှန်လုပ်ဆောင်ခြင်း၊ သွေးဖိအားမှန်ကန်အောင် ထိန်းချုပ်ခြင်း၊ သွေး၌ သကြား ဓာတ်မှန်ကန်စေခြင်းနှင့် ကိုလက်စထရောပါဝင်မှုကို မျှတစေခြင်းတို့သည်လည်း စိတ်ကစဥ့်ကလျား ဖြစ်မှုကို အတိုင်းအတာတစ်ခုအထိ ကာကွယ်မှုပေးနိုင်သည်။
မိသားစုဝင်တစ်ဦးတွင် စိတ်ကစဉ့်ကလျားဝေဒနာ ရှိနေခဲ့ပါက၊ အဆိုပါ မိသားစုအဖို့ အခက်အခဲများစွာ ကြုံတွေ့ရနိုင်သည်။ လူနာများအား စောင့်ရှောက်ရန်မှာလည်း ကြီးမားသော ဝန်ထုပ်ဝန်ပိုးသဖွယ် ဖြစ်နေသည်။
Author – ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)