fbpx

ဆယ်လ်ဖီရိုက်ပြီး လူမှုမီဒီယာပေါ်ခဏခဏတင်သူများတွင် စိတ်ပိုင်းဆိုင်ရာပြဿနာတခုခုရှိနိုင်

 

ဆယ်လ်ဖီရိုက်ပြီး လူမှုမီဒီယာပေါ်ခဏခဏတင်သူများတွင် စိတ်ပိုင်းဆိုင်ရာပြဿနာတခုခုရှိနိုင်

ဂရိဒဏ္ဍာရီမှာ Narcissus ဆိုတဲ့လူငယ်လေးတစ်ယောက်ဟာ ရေအိုင်ထဲမှာပေါ်နေတဲ့ သူ့အရိပ်သူ အကြွေကြီးကြွေပြီး အဲ့ဒီရေအိုင်ကနေမခွဲနိုင်မခွာရက်တွေဖြစ်လိုက်တာမှာ နောက်ဆုံး လူဘဝကနေ ပန်းလေးတစ်ပွင့်အဖြစ်တောင် ပြောင်းသွားပါသတဲ့။အဲဒီ ပန်းကလေးကို Narcissus လို့ခေါ်ကြပါတယ်။ဒီဘက်နောက်ပိုင်း စိတ်ပညာမှာလည်း ကိုယ့်ကိုယ်ကိုလိုတာထက်ပိုပြီးချစ်တတ်နေတာ တနည်းပြောရရင် အလွန်အမင်းတကိုယ်ကောင်းဆန်နေတတ်တာမျိုးကို Narcissism လို့ ခေါ်ပါသတဲ့။များသောအားဖြင့် အဲဒီလိုလူစားတွေဟာ လူမှုရေးနယ်ပယ်မှာ အဆင်မပြေတတ်ကြပါဘူး။သူတို့ရဲ့ စရိုက်လက္ခဏာတွေထဲက သိသာတဲ့အချက်တွေကတော့

တကိုယ်ကောင်းအရမ်းဆန်တာ

ကိုယ်ချင်းစာစိတ်လုံးဝမထားတတ်တာ

အလွန်အမင်းအထင်ကြီးမှုခံချင်တာ

ကိုယ့်ကိုယ်ကို တကယ်ရှိတဲ့အဆင့်ထက်ပိုပြီး အရေးပါအရာရောက်တယ်လို့ ထင်တတ်တာ

နေရာတိုင်း ငါသိငါတတ် လုပ်ချင်တာ

သူတို့ကိုပြန်မပြောရဲတဲ့သူတွေကို နိုင်လိုမင်းထက်ပြုမူချင်တာ

နောင်တမရတတ်တာ ကျေးဇူးမတင်တတ်တာ တွေပဲဖြစ်တယ်။ဒါကြောင့် ဒီ Narcissism ဆိုတာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုလို့ သတ်မှတ်ထားကြတယ်။

မိုဘိုင်းဖုန်းတွေနဲ့ အင်တာနက်အသုံးပြုလို့ရလာတဲ့အချိန်ကစပြီး ဆိုရှယ်မီဒီယာတွေကို လူတန်းစားမရွေးအသုံးပြုလာကြပါတယ်။ဒီဆိုရှယ်မီဒီယာတွေမှာ ကိုယ့်ဘဝရဲ့ အမှတ်တရဖြစ်ဖွယ်တွေကို မိသားစု ဆွေမျိုး သူငယ်ချင်းတွေနဲ့ အတူတကွမျှဝေလာနိုင်တယ်။ကမ္ဘာအနှံ့က လူတွေနဲ့လည်း  အလွယ်တကူချိတ်ဆက်လာနိုင်တယ်။တချို့ဆို ဆိုရှယ်မီဒီယာကို စနစ်တကျအသုံးပြုပြီး အောင်မြင်နေတဲ့သူတွေတောင် ရှိပါတယ်။ဒါပေမဲ့ ဆယ်လ်ဖီအပါအဝင်ဓာတ်ပုံတွေအများကြီးတင်နေတာကတော့ သိပ်မကောင်းဘူးလို့ စမ်းသပ်မှုတွေက ဆိုပါတယ်။

သိပ်မကြာသေးခင်က လုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုမှာ ဆိုရှယ်မီဒီယာပေါ်မှာ ဆယ်လ်ဖီပုံတွေ အလှဓာတ်ပုံတွေ ”အလွန်အမင်း” တင်နေတဲ့သူတွေဟာ ဒီ Narcissism ဆိုတဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာဖြစ်လာနိုင်ချေရှိတယ်လို့ တွေ့ရှိရပါတယ်။ဗြိတိန်က ဆွမ်ဆီးတက္ကသိုလ်နဲ့ အီတလီက မီလန်တက္ကသိုလ်တို့မှာ အသက် ၁၈ နှစ်ကနေ ၃၄ နှစ်ကြား လူပေါင်း ၇၄ ယောက်ကို လေးလကြာ စမ်းသပ်မှုတွေပြုလုပ်ခဲ့ပါတာပါ။ဒီထဲက ၆၀% လောက်က facebook အသုံးပြုပြီး ၂၅%လောက်က အင်စတာဂရမ်အသုံးပြုပါတယ်။၁၃ %လောက်ကတော့ တွစ်တာနဲ့ စနပ်ချတ်လို ဆိုရှယ်မီဒီယာတွေ သုံးကြပါတယ်။

ပုံမှန်အားဖြင့် သူတို့တွေဟာ ဆိုရှယ်မီဒီယာတွေကို တနေ့ အနည်းဆုံး ၃ နာရီ အသုံးပြုကြသူများဖြစ်ပြီး (အလုပ်အတွက်အသုံးပြုခြင်း မပါ) တချို့ဆိုရင် တနေ့ကို ၈ နာရီလောက်အထိ အသုံးပြုလေ့ရှိတယ်လို့ ဆိုပါတယ်။လေ့လာဆန်းစစ်မှုတွေအရ အဆိုပါ အသုံးပြုသူတွေထဲမှ အလှဓာတ်ပုံတွေ ဆယ်လ်ဖီဓာတ်ပုံတွေ အများအပြားတင်တတ်တဲ့သူတွေမှာ ရှေ့မှာဖော်ပြခဲ့တဲ့ တကိုယ်ကောင်းအရမ်းဆန်လွန်းပြီး ကိုယ့်ကိုယ်ကို မဟားဒယား အထင်ကြီးတတ်တဲ့ Narcissism ဆိုတဲ့ စိတ်အခြေအနေမျိုး ၂၅ % လောက် တိုးလာတာကို တွေ့ရှိရပါတယ်။စိတ်ဝင်စားဖို့ကောင်းတာတခုက ဓာတ်ပုံထက်စာရင် စာတွေပဲတင်တာများတဲ့လူတွေမှာတော့ ဒါမျိုးမတွေ့ရှိရပါဘူးတဲ့။

ဆိုရှယ်မီဒီယာပေါ်မှာ အထူးသဖြင့် ဖေ့စဘုတ်ပေါ်မှာ လိုက်ခ်တွေ ဆင်းန်တွေ တိုးလာရင် လူတွေဟာ ကိုယ့်ကိုယ်ကို အရေးပါအရာရောက်သယောင်ယောင် ထင်လာတတ်ကြပြီး တဖြေးဖြေး အာရုံစိုက်ခံရမှုကို မရမကလိုက်ရှာချင်နေတဲ့သူတွေ (Attention Seeker) တွေ ဖြစ်လာနိုင်ပါတယ်။ဒီဘက်နှစ်တွေမှာ အခုပြောခဲ့တဲ့ Narcissism လို့ခေါ်တဲ့စိတ်ပိုင်းဆိုင်ရာပြဿနာနဲ့ ဆိုရှယ်မီဒီယာကြားက ဆက်နွယ်မှုကို ပညာရှင်တွေ အာရုံစိုက်လေ့လာမှုတွေ ပြုလုပ်လာတာကြောင့် နောင်မကြာမီကာလတွေမှာ ဒီ့ထက်ပိုပြီး စုံစုံလင်လင် သိလာရဦးမှာ ဖြစ်ပါတယ်။

Dr. KG

 

ဆက်စပ် ဆောင်းပါးများ