fbpx

စိုးရိမ်ပူပန်မှုတွေ နည်းနိုင်သမျှနည်း‌အောင် ဘယ်လိုနေမလဲ ?

စိုးရိမ်ပူပန်မှုတွေ    နည်းနိုင်သမျှနည်း‌အောင် ဘယ်လိုနေမလဲ

ကိလေသာကင်းတဲ့ သူတော်စင်တွေ ကလွဲရင် ကျွန်တော်တို့သာမန်ပုထုဇဉ် လူသားတွေမှာ စိုးရိမ်ပူပန်မှု၊စိုးရိမ်သောကတွေဟာ အနည်းနဲ့အများဆိုသလိုရှိပါတယ်။

သို့သော် တချို့သူတွေမှာ စိုးရိမ်စိတ်ဟာ သာမန်ထက်လွန်ကဲနေတတ်ပြီး မဖြစ်သေးတဲ့အရာ ဖြစ်မလာသေးတဲ့ကိစ္စတွေကို တအားပူပန်တတ်ကြပါတယ်။

အကြမ်းအားဖြင့် စည်းကင်းတင်းကျပ်တဲ့၊ရန်လိုတတ်တဲ့၊ပြသာနာပေါင်းစုံ ရှိတဲ့ မိသားစု ပတ်ဝန်းကျင် အသိုင်းအဝိုင်းမှာ ကြီးပြင်းလာတဲ့သူတွေဟာ စိုးရိမ်သောကစိတ်လွန်ကဲတတ်လေ့ရှိပါတယ်။

ဒီလိုစိုးရိမ်စိတ်တအားများတတ်တာဟာ ကောင်းတဲ့အကျင့်မဟုတ်ပါ။

စိုးရိမ်စိတ်တွေတအားများတဲ့အခါ စိတ်သောကရောက်ပြီး စိတ်ပူပန်ရတဲ့အတွက် သင့်အနေနဲ့ပျော်ရွှင်မှုကို မရရှိနိုင်တော့ဘဲ စိတ်ပင်ပန်းမွန်းကြပ်လာနိုင်ပါတယ်။

တဖြည်းဖြည်းနဲ့လည်း အထီးကျန်လာနိုင်ပါတယ်။

စိုးရိမ်စိတ်တွေက သင့်ကို ဆုံးဖြတ်ချက်အမှားတွေလည်း ချမိစေတတ်ပါတယ်။

ဒါကြောင့်ဒီတပတ်မှာ စိုးရိမ်သောကဖြေဖျောက်နိုင်တယ့်နည်းလမ်းတချို့ကို သိသလောက်ရေးသားတင်ပြချင်ပါတယ်။

ဘာလုပ်ရင်ဘာဖြစ်မယ်ဆိုပြီး ကြိုတွေးကာ စိုးရိမ်ပူပန်နေတာထက် လက်ရှိလောလောဆယ်ဖြစ်နေတာကိုပဲဦးစားပေးစဉ်းစားပါ။

အကြောပြေစေမယ့် ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းလေးတွေလုပ်ပေးပါ။

အသက်ပြင်းပြင်းရှုသွင်းရှုထုတ်ရတဲ့လေ့ကျင့်ခန်းတွေလုပ်ပါ။

အိပ်ရေးဝအောင်အိပ်ပါ။မူးယစ်ဆေးဝါးနဲ့ အရက်ကို အလွန်အကျွံမသုံးပါနဲ့။

ကိုယ်သောကရောက်နေရတဲ့အကြောင်းကိစ္စတွေကို စဉ်းစားဖို့ နေ့စဉ်မိနစ် ၃၀(နာရီဝက်)ခန့် သတ်မှတ်ထားပါ။

အဲ့လိုသတ်မှတ်ထားတဲ့အချိန်ရောက်မှ စာရွက်လေးတရွက်ယူပြီး ဘယ်ကိစ္စတွေနဲ့စိုးရိမ်သောကများနေလဲဆိုတာကို နံပါတ်၁၊၂၊၃၊၄ အစဉ်လိုက်ရေးချကြည့်ပါ။ချရေးကြည့်ပြီး ဒါတကယ်စိုးရိမ်သင့်တဲ့ကိစ္စလား ဆိုတာကို စဉ်းစားသုံးသပ်ကြည့်ပါ။

ဒီစိုးရိမ်ပူပန်မှု၊သောကတွေဟာ စိတ်ခံစားမှုတွေပဲဖြစ်တယ်။ဒီပူပန်သောကတွေကို ရင်ဆိုင်ဖြေရှင်းနိုင်တယ်၊နောက်ဆုံး ရင်ဆိုင်မဖြေရှင်းနိုင်ရင်တောင် တယောက်ယောက်ကိုအကူအညီတောင်းလို့ရနိုင်တာပဲ ဆိုတဲ့စိတ်ကိုမွေးပါ။

အဆုံးသတ်အနေနဲ့ အကြံပေးလိုတာက စိုးရိမ်ကြောင့်ကြမှုသောကတွေကို တိုက်ထုတ်ဖို့သင်ကိုယ်တိုင် သင့်စိတ်ကိုလေ့ကျင့်ဖို့လိုပါတယ်။လိုအပ်ပါက စိတ်ပိုင်းဆိုင်ရာဆရာဝန်တွေနဲ့လည်းပြသတိုင်ပင်နိုင်ပါတယ်။

ဒီလိုမှမဟုတ်ရင် ကြာလာတာနဲ့အမျှ သင်ဟာပိုပြီးစိုးရိမ်သောကတွေများများလာပြီး ဆောက်တည်ရာမရဖြစ်လာနိုင်ပါတယ်။

စိုးရိမ်ပူပန်စိတ်များတာက သေစေနိုင်လောက်တဲ့ရောဂါမဟုတ်ပေမယ့် ဘဝမှာနေပျော်ဖို့၊နေ့ရက်တွေကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ပြီး အသက်ရှည်ရှည်နေရဖို့၊ အဓိပ္ပာယ်ရှိရှိနေရဖို့အတွက် စိုးရိမ်ပူပန်စိတ်တွေကို တိုက်ခိုက်အနိုင်ယူဖို့လိုပါတယ်။

Dr 528

 

 

ဆက်စပ် ဆောင်းပါးများ