စနစ်တကျ အရက်သောက်နည်း

စနစ်တကျ အရက်သောက်နည်း

ကွယ်လွန်သွားပြီဖြစ်သော ဆရာမင်းလူ ၏ ယမကာလုလင် စာအုပ်သည် အရက်သမားတို့အကြောင်းကို အထူးသေချာစွာ ရေးသားထားနိုင်ခြင်းကြောင့် နာမည်ကျော်၏။ မောင်ဒေါက်တာသည်လည်း ဆရာမင်းလူကို အားကျပုံရသည်။ သူ့ဆေးခန်းတွင် အရက်သမားတွေ အများအပြား လာရောက်ပြသကြသည်။ သောက်လိုက်၊ ဖြတ်လိုက်၊ အရက်နာကျလိုက်၊ ကတုန်ကယင်ဖြစ်လိုက်၊ အရက်ကြောင်ကြောင်လိုက် စသော ယမကာဆိုင်ရာ ရောဂါဝေဒနာများကို ကုသပေးရသည်။

အရက်သမားတွေကို ကုပေးရလွန်းသဖြင့် သူ့ကို အချို့က အရက်သမားအထူးကုဆရာဝန်ဆိုသော ဘွဲ့ကိုပင် ပေးထားကြသည်။ အမှန်တော့ မင်းလူစာအုပ်ထဲကလိုပြောရလျှင် အရက်သမားလို့ခေါ်ခြင်းသည် ရိုင်းပါသည်၊ ယမကာလုလင် ဟု ယဉ်ယဉ်ကျေးကျေးခေါ်သင့်ပါသည်။ ထို့အတူ မောင်ဒေါက်တာကိုလည်း ယမကာအထူးကုဆရာဝန်လောက်သာ ဘွဲ့ပေးသင့်ပါသည်။

ယနေ့လည်း ယမကာဝေဒနာသည်လေးတစ်ယောက် မောင်ဒေါက်တာ့ထံ လာရောက် ဆေးကုပါသည်။ သူကတော့ ပြောရမည်ဆိုလျှင် ဖောက်သည်အရင်း (regular customer) ဖြစ်နေပါပြီ။ အရက်ကို အမြဲတစေစွဲသောက်နေသူတော့ မဟုတ်။ သို့သော် သူငယ်အချင်းအပေါင်းအသင်း စုံလို့သောက်ဖြစ်သည်ဆိုလျှင်လည်း မှောက်အောင်သောက်တတ်သူ။ ထို့နောက်တွင်တော့ ဆက်တိုက်သောက်ဖြစ်သွားပြီး တစ်ချိန်ချိန်တွင် ပြန်ဖြတ်ဖို့ကြိုးစားလေ့ရှိသူ။ ယခုလည်း ဝါဝင်တော့မည် ဖြစ်သဖြင့် သူ ဖြတ်ဖို့ပြင်နေခြင်းဖြစ်သည်။ သည်တွင် ထုံးစံအတိုင်း အိပ်မပျော် အစားမဝင် လူက တုန်တုန်ရီရီ ဖြစ်လာနေသည်။

‘အခြေအနေကတော့ သိပ်တော့မဆိုးသေးပါဘူး ဆရာ။ ကျွန်တော်က ကိုယ့်အခြေအနေကိုယ် သိလို့ ဆရာ့ဆီလာပြီး ကြိုကာ ထားတာပါ။ ဟိုတခေါက်ကလို ဆရာဆေးထိုးပေးလိုက်ရင် သက်သာတယ် ဆရာ။ သိပ်မခံရတော့ဘူးပေါ့’

‘ခင်ဗျားကသာ သိပ်မဆိုးဘူးပြောနေတာဗျ။ အခု လူက ခြေတုန်လက်တုန်တွေတောင် ဖြစ်နေပြီလေ။ ပြီးတော့ အဲသည်တခေါက်က ကျနော့်ကို ကတိပေးသွားတာကျတော့ လုံးဝနောက်ထပ်မသောက်တော့ဘူး။ ပြတ်ပြီဆိုဗျ အခုက ဘယ့်နှယ့်လဲ’

‘ဟုတ်တယ်ဆရာရေ့ အဲသည်တုန်းက တော်တော်ကြာအောင်ပြတ်သွားသေးတယ်ဗျ။ ပြီးတော့ သင်္ဘောတက်နေတဲ့ သူငယ်ချင်းတကောင် ပြန်ရောက်လာတာနဲ့ အားလုံးစုံကြရင်း ပြန်သောက်မိသွားတာကနေ စတာပဲ ဆရာရေ့’

‘အင်းပေါ့ဗျာ.. ဘယ်လိုပဲဖြစ်ဖြစ်ပေ့ါ သည်ထက်တော့ လျှော့ဖို့ ကြိုးစားတော့လေ။ အခုက သောက်လိုက်ဖြတ်လိုက်နဲ့…သောက်ဖြတ်ကြီးလုပ်နေတာက တော်တော်ကြာနေတော့ ခဏခဏ ဆို မကောင်းဘူးဗျ’

‘ဟုတ်တယ် ဆရာ ဒါပေမယ့် အခုလို သောက်နေရာကနေ တုံးတိဖြတ်လိုက်ရင် ပိုဆိုးသလိုပဲနော် ဆရာ။ အဲဒါ ကျနော် စဉ်းစားတာလေ။ တုံးတိ မဖြတ်ဘဲ ပုံမှန်လေးပဲ သောက်ပြီးနေလိုက်ရင် ပိုအဆင်ပြေမလားဆရာ။ များလည်းမများစေပဲနဲ့.. ရံဖန်ရံခါလောက်လေးပေါ့’

‘ဟုတ်ပြီ။ ပထမဆုံးအနေနဲ့ပြောချင်တာက ပုံမှန်ရံဖန်ရံခါ သောက်မယ်ဆိုတာကိုက စိတ်မချချင်စရာပဲ။ အကို့လို သောက်တဲ့အချိန်မှာ အမှောက်သောက်တတ်တဲ့လူက မများအောင်ပုံမှန်သောက်မယ်ဆိုတာက လွယ်ပါ့မလား။ ဖြစ်နိုင်မယ်ဆိုရင်တောင် ပုံမှန်ဆိုတာက ဘယ်လောက်ကိုဆိုလိုတာလဲ။ ဘာအရက်အမျိုးအစားလဲ။ ဒါမျိုးတွေက ရှိသေးတယ်လေ’

‘ကျွန်တော် သောက်တာများတာကတော့ ဝီ (ဝီစကီ) ပေါ့ဗျာ။ တစ်ခါသောက်ရင် တစ်ပြား (တစ်ပုလင်း) လောက်တော့ သောက်တတ်တယ်လေ ဆရာ။ အဲသည်လောက်ဆို အဆင်ပြေမလား’

‘ကျွန်တော့်နဲ့တော့ ဈေးလာမဆစ်နဲ့ပေါ့ဗျာ။ ကိုယ့်ခန္ဓာကိုယ်နဲ့ ဈေးညှိကြည့်ပါ။ ကျွန်တော်က ကြမ်းခင်းဈေးဘယ်လောက်လဲဆိုတာပဲ ပြောပြမယ်ဗျာ။ ကဲ တစ်နေ့ကို အရက်ဘယ်လောက်လောက်သောက်ရင် ခန္ဓာကိုယ်အတွက် ဘေးဥပါဒ်မဖြစ်စေလောက်ဘူးဆိုပြီး သုတေသနလုပ်ထားတာတွေရှိတယ်ဗျ။ ယောကျာ်းနဲ့ မိန်းမတော့ မတူဘူး။

ယောကျ်ားက တစ်နေ့ကို စံသတ်မှတ်ထားတဲ့အရက်ပမာဏ (standard drinks) နှစ်ယူနစ်စာ သောက်လို့ရတယ်။ မိန်းမတွေကတော့ တစ်ယူနစ်စာပဲတဲ့။ ဟုတ်ပြီလေ..အဲသည်စံယူနစ်ဆိုတာဘာလဲ..ကျွန်တော်ပြန်ရှင်းပြပါ့မယ်။ စံပြုအရက်ပမာဏ (standard drink) ဆိုတာ အရက်စစ်စစ် (pure alcohol) ပမာဏ ၁၄ ဂရမ်ကို ဆိုလိုပါတယ်တဲ့။

အကြမ်းဖျင်းဆိုရရင်တော့ ဝိုင်တစ်ဖန်ခွက်၊ ဘီယာတစ်ဗူး၊ အရက်အပြင်းဆိုရင်တော့ တစ်ပက် (၁.၅ အောင်စ) လောက်နဲ့ သွားညီတယ်ဗျ။ ဆိုတော့ အမျိုးသားတွေက တစ်နေ့ကို အဲဒါမျိုးနှစ်ကြိမ်သောက်လို့ရမယ်။ သောက်တတ်တဲ့ အမျိုးသမီးတွေ ဆိုရင်လည်း တစ်ကြိမ်လောက်တော့ သောက်လို့ရမယ်။ ဒါဆို ဘေးဥပါဒ်မဖြစ်ဘဲ ပြောရမယ်ဆိုရင် ကျန်းမာရေးအရ ကောင်းကျိုးတွေတောင် ရနိုင်တယ်တဲ့’

‘ဟ တယ်ဟုတ်ပါလား အရက်က ကျန်းမာရေးအရ ကောင်းတာတွေလည်း ရှိတယ်ပေ့ါ ဟုတ်လား။ ဒါတွေကို လူတွေများများသိအောင်လုပ်ရမယ်ဗျ။ ပြောပြပါဦးဆရာ’

‘အရင်ဆုံး ကျွန်တော် ပြောချင်တာက အဲဒီကျန်းမာရေးကောင်းကျိုးရှိနိုင်တယ် ဆိုတာ ခုနက ကျွန်တော်ပြောခဲ့တဲ့ ပမာဏထက် မများမှ ရမှာနော်။ နောက်တစ်ခုက ဒါသည် အနောက်တိုင်းလူနေမှုယဉ်ကျေးမှု စနစ်အရပြောတာ။ ကျွန်တော်တို့ဆီမှာ အရက်ကို ဘာသာရေးအရ အားမပေးဘူး။ လူတိုင်းသောက်သုံးသင့်တယ်လို့လည်း လက်မခံထားကြဘူး။ ဒါကြောင့် ကျန်းမာရေးအရကောင်းကျိုးရှိရုံလောက်နဲ့ သုံးစွဲကြပါလို့ ကျွန်တော်တို့က မတိုက်တွန်းဘူးနော်’

‘ဟုတ်ပါတယ်ဆရာရယ်။ ကျွန်တော်လည်း အရက်ကောင်းကြောင်း လိုက်ကြော်ငြာချင်တာမဟုတ်ပါဘူး။ ဆေးဖြစ်ဝါးဖြစ်ဆိုပြီး ရှေးကတည်းကလူကြီးတွေ မှီဝဲခဲ့ကြသေးတာမျိုး ရှိတယ်ဆိုတာကို သောက်တတ်တဲ့လူတွေ သိအောင် ပြောပြချင်ရုံပါ။ မသောက်တတ်တဲ့လူတွေကို ဆွယ်မလို့မဟုတ်ပါဘူး။’

‘ဟုတ်ပါတယ်ဗျာ။ အရက်ဆိုတာ မဆွယ်ဘဲနဲ့တောင် သောက်တတ်လာကြတာ။ အကိုက အသိပညာအဖြန့်ကောင်းတော့ လူတွေပို အရက်စွဲကုန်မှာဆိုးလို့ပါ။ ကျွန်တော့်အမြင်ကတော့ သောက်ချင်တဲ့လူက သောက်မှာပဲ၊ အရေးကြီးတာက ကိုယ့်ကျန်းမာရေးနဲ့ သူများစိတ်ချမ်းသာရေးကို အနှောင့်အယှက် မဖြစ်ရင် ပြီးတာပဲ’

‘ဟုတ်တာပေ့ါဆရာရယ်၊ မှန်လိုက်လေ.. အဲဒါကြောင့် ကိုယ့်ကျန်းမာရေးအတွက် သင့်တော်တဲ့ ပမာဏပဲ သောက်မယ်။ ဘာတွေ ကောင်းကျိုးရှိမလဲ ဆိုတာလေးပဲ ပြောပြပါ’

‘အဓိကကတော့ အရက်အသင့်အတင့်သောက်တတ်တဲ့လူတွေဟာ နှလုံးသွေးလှည့်ပတ်မှုပိုကောင်းပြီး နှလုံးသွေးကြောကျဉ်းခြင်း ဖြစ်တာ နည်းပါးစေနိုင်တယ်တဲ့’

‘ဟာ ကောင်းတာပေါ့ဆရာ။ ဟုတ်ပြီ နောက်ပြီးရော ဘာအကျိုးကျေးဇူးတွေရှိသေးလဲမသိဘူး’

‘အင်း မရှိတော့ဘူးဗျ။ ဒီတစ်ချက်ပဲ အတိအကျရှိတာ။ ကျန်တာကတော့ သောက်တာကြာရင်ကြာသလို၊ များရင်များသလို အသည်းရောင်၊ အသည်းခြောက်၊ ရေဖျဉ်းစွဲ၊ အာရုံကြောအားနည်း၊ နှလုံးအမောဖောက်၊ အစာအိမ်သွေးကြောပေါက် စတဲ့ ဆိုးကျိုးတွေပဲ ရနိုင်တယ်’

‘သြော် ဆရာရယ် ကျွန်တော်ကတော့ ကိုယ့်ဘက်က မဲများတယ်ဆိုပြီး အားတက်ရမလားမှတ်တယ်။ ကောင်းတာကတစ်ခုထဲ မကောင်းတာက ဆယ်ခုမကဆိုတော့’

‘တကယ်က လူတွေကအရက်သောက်တာ မဟုတ်ဘဲ အရက်ကလူကို သောက်သွားတဲ့အခါ အဲသည်လိုဖြစ်ကုန်ကြတာပါ။ အခု ကျွန်တော်ပြောခဲ့သလို အထိန်းအကွပ်နဲ့ သောက်ရင် ဆိုးကျိုးတွေကို ကာကွယ်နိုင်သလို ကောင်းကျိုးတွေလည်းရနိုင်တာပေါ့ဗျ။ နောက်ပြီး အရက်ကိုလည်း စိတ်ချရတဲ့ အမျိုးအစားတွေပဲ မှီဝဲပါ။ စိတ်မချရတဲ့ နည်းစနစ်တွေနဲ့ ချက်ထားတဲ့ အရက်ညံ့ညံ့တွေ ရှောင်ပါ။ ဒါတွေကလည်း လိုတာထက်ပိုပြီး ဘေးဥပါဒ်ဖြစ်စေနိုင်တယ်။

နောက်ပြီး သောက်တဲ့အချိန်လည်း အစာအဟာရဝင်အောင် ပြန်စားပေးပါ။ အမြည်းများများ၊ အရက်နည်းနည်းသောက်တာက တကယ်တော့ ကောင်းပါတယ်ဗှ။ ပိုအရေးအကြီးတာက အရက်မစွဲစေဖို့ပဲ။ အရက်ဆိုတာက ပြောရမယ်ဆိုရင်တော့ လုံးဝပြတ်အောင် ဖြတ်ဖို့မလွယ်ဘူးဗျ။ ရှေးလူကြီးတွေ ပြောခဲ့သလိုပဲ။ မသောက်ဖူးခင်ကတည်းက ဖြတ်ထားမှသာ ပြတ်နိုင်မှာပဲဗျ’

‘ကောင်းပါပြီဆရာ။ ဘယ်လိုပဲဖြစ်ဖြစ် ဆရာ့ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ အသောက်သမားတွေအတွက်ကတော့ ဆရာ့ဆေးခန်းကို အားကိုးနေကျရတပဲ။ ဆရာကလည်း ဆရာပဲ အရက်နဲ့ပတ်သက်ပြီးလည်း အတော်ကျွမ်းကျင်တာပဲနော်။ အဲဒါကြောင့် ဆရာ့ကို အရက်အထူးကုဆရာဝန် လို့ခေါ်ကြတာထင်တယ်ဗျ’

‘ယမကာအထူးကုဆရာဝန်လောက်တော့ လုပ်ပါဗျာ။ တကယ်တော့ ကျွန်တော်က အရက်ကိုသောက်သာသောက်တတ်ပြီး မသိနားမလည်ကြတဲ့ ယမကာလုလင်တွေကို ယမကာကျေးကျွန်ဘ၀ မရောက်အောင် ကူညီချင်ရုံပါပဲ။ ယမကာရဲ့ မာယာတွေကို နားလည်စေချင်တာပါဗျို့’

ဒေါက်တာထွန်းလင်း