fbpx

၂၀၁၇ ခုနှစ်၊ ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ်

ကမ္ဘာ့ကုလသမဂ္ဂက ကမ္ဘာ့လူဦးရေ သန်း ၅,၀၀၀ ပြည့်ခဲ့တဲ့ ၁၉၈၇ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်ကို ကမ္ဘာ့လူဦးရေနေ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးမှာ အရေးတကြီးဖြေရှင်းရမယ့် လူဦးရေဆိုင်ရာပြဿနာတွေကို အာရုံစိုက်မိလာစေရန်အတွက် ၁၉၉၀ ပြည့်နှစ်ကစပြီး ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ်ကို နှစ်စဉ်ကျင်းပခဲ့ပါတယ်။ ဒီနှစ်ကမ္ဘာ့လူဦးရေနေ့ရဲ့ ဆောင်ပုဒ်ကတော့ “တိုင်းပြည် သာယာဖွံ့ဖြိုးဖို့ ကိုယ်တိုင်ပါဝင်ဆုံးဖြတ်လို့၊ မိသားစုစီမံကိန်းချမှတ်စို့” “Family Planning: Empowering People, Developing Nations” ဖြစ်ပါတယ်။ အဆိုပါဆောင်ပုဒ်ရဲ့ အဓိက ဦးတည်ချက်ကတော့ လုံခြုံစိတ်ချရတဲ့ မိသားစုစီမံကိန်းတွေကို အမျိုးသမီးတွေကိုယ်တိုင် လိုလိုလားလား ချမှတ်ဆောင်ရွက်လာစေရေး စီမံဆောင်ရွက်ပေးရန် ဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ တွက်ချက်မှုအရ ယနေ့ကမ္ဘာ့လူဦးရေဟာ ၇ ဒသမ ၅ ဘီလီယံခန့် ရှိနေပြီး ၂၀၃၀ ပြည့်နှစ်တွင် နောက်ထပ် ၁ ဘီလီယံတိုးလာပြီး သက္ကရာဇ် ၂၁၀၀ ပြည့်နှစ်တွင် ၄ ဘီလီယံ ထပ်မံတိုးလာလိမ့်မယ်ဟု ခန့်မှန်းထားတယ်လို့ ဆိုပါတယ်။ ဒီလို ပိုတိုးပွားလာတဲ့လူဦးရေအတွက် စားနပ်ရိက္ခာတွေ၊ ရေနဲ့ တခြားအသုံးဝင်သယံဇာတတွေ ထပ်မံလိုအပ်လာမှာဖြစ်ပါတယ်။

၁၉၅၀-၁၉၅၅ ခုနှစ်ဝန်းကျင်က မိခင်တစ်ဦးရဲ့ မွေးဖွားနှုန်းဟာ ကလေးငါးဦးနှုန်းရှိခဲ့ပြီး ၂၀၁၀-၂၀၁၅ ခုနှစ်မှာတော့ ၂ ဒသမ ၅၁ ဦးနှုန်း ကျဆင်းလာကာ၊ ၂၀၅၀ ပြည့်နှစ်ဝန်းကျင်ရောက်ရင် ၂ ဒသမ ၂၅ ဦး နှုန်းကျဆင်းလာမယ်လို့ ခန့်မှန်းထားတယ်လို့ သိရပါတယ်။

မွေးဖွားနှုန်းကျဆင်းလာပေမယ့် ၂၀၅၀ ပြည့်နှစ်မှာ ကမ္ဘာ့လူဦးရေဟာ ၉ ဒသမ ၇ ဘီလီယံထိ ရောက်ရှိ လာနိုင်ပြီး အဆိုပါလူဦးရေဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ၈ ဒသမ ၄ ဘီလီယံနှင့် ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတွမှာ ၁ ဒသမ ၃ ဘီလီယံရှိမယ်ဟု ခန့်မှန်းထားပါတယ်။

ကလေးမွေးဖွားနှုန်းမြင့်မားလာတာဟာ ဆင်းရဲနွမ်းပါးမှုနဲ့ ဆက်စပ်နေသလို ဖွံ့ဖြိုးဆဲနိုင်ငံအများစုက ပြည်သူတွေဟာလည်း အလွန်အမင်းဆင်းရဲနွမ်းပါးမှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရဆဲဖြစ်တယ်လို့ ဆိုပါ တယ်။ လက်ရှိကာလမှာ လူဦးရေတိုးနှုန်းကိုလျှော့ချရန် နည်းလမ်းများစွာရှိနေတဲ့အထဲက အထိရောက်ဆုံးနည်းလမ်းတစ်ခုကတော့ မိသားစုစီမံကိန်းနည်းလမ်းတွေကို ထိထိရောက်ရောက် အသုံးချနိုင်စေရန် ပံ့ပိုးပေးခြင်း၊ မိသားစုစီမံကိန်းတွေ ရှိခြင်းအားဖြင့် လူ့အခွင့်အရေးတွေ မြှင့်တင်ပေးနိုင်ပြီး ဆင်းရဲနွမ်းပါးမှုကို လျှော့ချနိုင်တဲ့အပြင် ကျန်းမာရေး၊ ပညာရေးနှင့် ကျား၊ မ သာတူညီမျှရှိရေး အပါအဝင် လူမှုဘဝတွေလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါတယ်လို့ ဆိုထားပါတယ်။