အမျိုးသားအသည်းရောင်အသားဝါရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစီမံချက်အနေဖြင့် ၂၀၁၇ ခုနှစ်၊ မေလရဲ့စတုတ္ထပတ်မှ စတင်ပြီး အသည်းရောင်အသားဝါစီရောဂါ လူနာ (၂,၀၀၀) ဦးကို ဆေးကုသမှုပေးတော့မှာ ဖြစ်ပါတယ်။ ဆေးကုသခွင့်ရရှိမယ့်လူနာတွေကို ဦးစားပေးရွေးချယ်ရာတွင် ကျင့်ဝတ်နဲ့ အညီဆောင်ရွက်သွားမှာဖြစ်ပြီး အသည်းရောင်အသားဝါစီကို ကာကွယ်နိုင်ရန် အတွက် သွေးနဲ့ သွေးပစ္စည်းတွေရဲ့ ဇီဝလုံခြုံမှုအဆင့်အတန်း(Bio-safety) အပြည့်အဝရရှိရန် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
DMR ရဲ့ ၂၀၁၆ ခုနှစ်အချက်အလက်အရ မြန်မာတစ်နိုင်ငံလုံးမှာ အသည်းရောင်အသားဝါစီပိုး ဖြစ်ပွားမှုနှုန်းဟာ မွန်ပြည်နယ်ဟာ ၁၀.၃ ရာခိုင်နှုန်းနဲ့ အမြင့်ဆုံးမှာရပ်တည်ကာ ပဲခူးတိုင်းဒေသကြီးနဲ့ ချင်းပြည်နယ်ကတော့ ဝ.၃၂ ရာခိုင်နှုန်းနဲ့ အနည်းဆုံးဖြစ်ပါတယ်။ အသည်းရောင်အသားဝါဘီပိုး ပျံ့နှံ့မှုနှုန်းအမြင့်ဆုံးကတော့ ရန်ကုန်တိုင်းဒေသကြီးဖြစ်ကာ ၁၂.၄ ရာခိုင်နှုန်း ရှိနေပြီး အသည်းရောင် အသားဝါဘီပိုး ပျံ့နှံ့မှုအနည်းဆုံးကတော့ မကွေးတိုင်းဒေသကြီးဖြစ်ပြီး ၃.၃ ရာခိုင်နှုန်းသာ ရှိခဲ့ပါတယ်။
အသည်းရောင်အသားဝါဘီရောဂါ ဖြစ်ပွားနှုန်းက အသက် ၃၀- ၃၉ နှစ် အရွယ်တွေမှာ အများဆုံးတွေ့ရပြီး အသည်းရောင်အသားဝါစီပိုးပျံ့နှံမှုကို အသက် ၅၀- ၅၉ နှစ်အရွယ်တွေမှာ တွေ့ရတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ လူဦးရေ ၃.၃ သန်းဟာ အသည်းရောင်အသားဝါဘီရောဂါ ခံစားနေရပြီး အသည်းရောင်အသားဝါစီပိုးရှိသူတွေကတော့ ၁.၃ သန်းခန့်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
ပြည်သူ့ဆေးရုံတွေမှာ Computer Software တွေ အသုံးပြုပြီး ဆေးသိုလှောင်တဲ့နည်းစနစ်၊ ဆေးသို လှောင်ခန်းတာဝန်ရှိသူတွေကို ဆေးပစ္စည်းတွေ အလေအလွင့်မရှိစေရန် မွမ်းမံသင်တန်းတွေ ပေးတာ၊ ဆေးဝါးပစ္စည်းများ စနစ်တကျ သိုလှောင်ဖြန့်ဖြူးနိုင်မယ့်စနစ်တွေကို ကျင့်သုံးသွားမှာဖြစ်တယ်လို့ သိရပါတယ်။