အဆိုပါ ကာကွယ်ဆေးထိုးတဲ့အစီအစဉ်ကို ကုတင် ၁၀၀နဲ့ အထက် တိုင်းဒေသကြီး/ ပြည်နယ်တွေရှိ ဆေးရုံ ၉၈ ရုံမှာ စတင်ဆောင်ရွက်မှာဖြစ်ပြီး ကာကွယ်ဆေးထိုးတဲ့လုပ်ငန်းက အရင်းအနှီး အနည်း ဆုံးနဲ့ အကျိုးအမြတ်များစွာရရှိတဲ့ လုပ်ငန်းတစ်ရပ်ဖြစ်တယ်လို့ သိရပါတယ်။ ဒါပြင် ဆေးရုံအခြေပြု ကာကွယ်ဆေးထိုးလုပ်ငန်းဟာ ပြည်သူလူထုက ကာကွယ်ဆေးကို ပိုမိုလက်လှမ်းမီစေဖို့နဲ့ ကာကွယ်ဆေးထိုးလုပ်ငန်းကို ဆောင်ရွက်ပေးဖို့ အမြဲအသင့်ရှိနေဖို့ ရည်ရွယ်ပြီး အကောင်အထည်ဖော်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ အစီအစဉ်ကြောင့် ကာကွယ်ဆေးအပြည့်အ၀ မရရှိခဲ့တဲ့ကလေးသူငယ် တွေအတွက် အကြိမ်ပြည့်၀ ရရှိအောင် ဖန်တီးပေးနိုင်မယ့် အခွင့်အရေးပါ ရရှိနိုင်မှာ ဖြစ်ပါတယ်။
ဒါကြောင့်မို့ ကာကွယ်ဆေးထိုးတဲ့လုပ်ငန်းမှာ အောင်မြင်မှု ရှိဖို့ဆိုရင် ဘယ်သူမှာ တာဝန်အရှိဆုံးလို့ မေးရင် မိဘတွေပါပဲ။ မိဘတွေက ကလေးတွေကို ကာကွယ်ဆေးထိုးရမယ်ဆိုတဲ့ အသိရှိရမယ်။ မြန်မာနိုင်ငံရှိ အသက် ငါးနှစ်အောက် ကလေးတွေမှာ သေဆုံးမှုအများဆုံးဖြစ်တဲ့ ကူးစက်ရောဂါတွေက အကာအကွယ်ပေးနိုင်ရန် ပြည်သူလူထုတစ်ရပ်လုံး ဝိုင်းဝန်းပါဝင်ပေးကြဖို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက တိုက်တွန်းပြောဆိုထားပါတယ်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မနှစ်က ၂၀၁၆- ၁၇ မှာ ရရှိခဲ့တဲ့ ကျန်းမာရေးအသုံးစရိတ် ကျပ် ၈၅၀ ဘီလီယံထဲက ၈.၆ ဘီလီယံကျော်ကို ကာကွယ်ဆေးထိုးတဲ့လုပ်ငန်းမှာ သုံးစွဲခဲ့ တယ်လို့ သိရပါတယ်။ အဆိုပါ အသုံးစရိတ်ကို အချိုးကျရေ တွက်လိုက်ရင် ကာကွယ်ဆေးထိုးတဲ့လုပ်ငန်းအတွက် ကလေးသူငယ်တစ်ယောက်ကို ၄၅ ဒေါ်လာကုန်ကျမှု ရှိခဲ့တယ်လို့ ဆိုပါတယ်။
ကာကွယ်ဆေးတွေကို မွေးကင်းစအရွယ်မှာ ဘီစီဂျီ၊ အသည်း ရောင်အသားဝါ(ဘီ)၊ နှစ်လသား အရွယ်မှာ ပိုလီယို၊ ပီစီဗီ ငါးမျိုးစပ်၊ လေးလသားအရွယ်မှာ ပိုလီယို၊ ပိုလီယိုထိုးဆေး၊ ပီစီဗီ ငါးမျိုးစပ်၊ ခြောက်လသားအရွယ်မှာ ပိုလီယို၊ ပီစီဗီ ငါးမျိုးစပ်၊ ကိုးလသားနဲ့ ၁၈ လသားအရွယ်မှာ ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေးတွေကို အကြိမ်ပြည့်ထိုးနှံတိုက်ကျွေးပေးရမှာ ဖြစ်ပါတယ်။