အသက်ရှည်ရာအနာမဲ့ကြောင်းနည်းလမ်းကောင်းများအနက်တစ်ကိုယ်ရေကျန်းမာခြင်းသည်လွန်စွာအဓိကကျလှသောအခန်းကဏ္ဍတစ်ရပ်မှပါဝင်နေသည်။ လူတစ်ဦးတစ်ယောက်တစ်ကိုယ် ရေကျန်းမာခြင်းနှင့်ပြည့်စုံမှုသည် မိမိ၏ကျန်းမာရေးအတွက်သာမကပတ်ဝန်းကျင်ရှိလူထုတစ်ရပ်လုံး၏ကျန်းမာရေးကိုလည်းသွယ်ဝိုက်၍ အကျိုးပြုလေသည်။ သို့ဖြစ်၍ လူတိုင်းလူတိုင်း တစ်ကိုယ်ရေ ကျန်းမာရေးနှင့်အညီ ကျင့်ကြံနေထိုင်တတ်ကြရန် အထူးလိုအပ်လှပါသည်။
တစ်ကိုယ်ရေကျန်းမာခြင်း
တစ်ကိုယ်ရေကျန်းမာရေးဆိုသည်မှာ လူတစ်ဦး၏ကျန်းမာ ရေးပြည့်စုံနေစေရန် မည်သို့မည်ပုံစားသောက်နေထိုင်ပြုမူကျင့်ကြံ သင့်သည့်အချက်အလက်များကို လူတစ်ဦးစီသိရှိနားလည်၍ လိုက်နာဆောင်ရွက်ရခြင်းပင်ဖြစ်ပေသည်။
တစ်ကိုယ်ရေကျန်းမာရေးနှင့်ပတ်သက်၍လူတိုင်းလူတိုင်းအသင့်အတင့်လိုက်နာကျင့်သုံးနေကြသည်ဖြစ်သော်လည်း ပြည့်ပြည့်စုံစုံမှန်မှန်ကန်ကန်သိရှိလိုက်နာနေထိုင်ကြလျှင်ပိုမို၍အကျိုးရှိမည် ဖြစ်ရာ အောက်ပါအတိုင်း
ခွဲခြားတင်ပြလိုပါသည်။
၁။ တစ်ကိုယ်ရေသန့်ရှင်းရေး
၂။ ကျန်းမာခြင်းနှင့်ညီညွတ်သော အလေ့အကျင့်ကောင်းများ
၃။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခြင်း
၄။ အပန်းဖြေနားနေရင်း ပျော်ရွှင်မှုရယူခြင်း
၅။ မှန်ကန်သောဝတ်စားဆင်ယင်ခြင်း စသည့်အချက်များ ပါဝင်သည်။
တစ်ကိုယ်ရေကျန်းမာရေး၏ အဓိကအကျဆုံးအချက်မှာ တစ်ကိုယ်ရေသန့်ရှင်းရေးပင်ဖြစ်၏။ တစ်ကိုယ်ရေသန့်ရှင်းမှ ရောဂါ ကင်းကြပေမည်။
တစ်ကိုယ်ရေသန့်ရှင်းရေးတွင် မိမိခန္ဓာကိုယ် သက်သက် သန့်ရှင်းရေးသာမက အဝတ်အစား၊ အိပ်ရာနေရာ၊ အသုံးအဆောင်၊ ပန်းကန်ခွက်ယောက်စသည့် မိမိကိုယ်နှင့် အမြဲထိတွေ့နေရသည့် အရာများ သန်ရှင်းရေးသည်လည်း အကျုံးဝင်ပေသည်။ တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့်အညီ အောက်ပါအချက်များအတိုင်း ဆင်ခြင်နေထိုင် သင့်ပါသည်။
ခန္ဓာကိုယ်
မိမိခန္ဓာကိုယ်သန့်ရှင်းနေစေရန် ကိုယ်မှထွက်သော ချွေး များ အရေပြားပေါ်၌သွေ့ခြောက်၍ အညစ်အကြေးဖြစ်ပြီး အရေ ပြားရှိအပေါက်ကလေးများပိတ်ဆို့မနေစေရန် ပြင်ပမှဖုန်များ ရောဂါ များကပ်ငြိမနေစေရန်၊ တစ်နေ့လျှင် အနည်းဆုံးတစ်ကြိမ်၊ သို့မဟုတ် နှစ်ကြိမ် ရေအေး၊ သို့မဟုတ် ရေနွေးဖြင့်ဆပ်ပြာကိုအသုံးပြု၍ ရေချိုး သန့်စင်ပေးသင့်သည်။ ဆပ်ပြာသုံးခြင်းဖြင့် အညစ်အကြေးများ သာမက အာဂန္တုရောဂါပိုးမွှားများကိုပါ သန့်စင်စေနိုင်ပြီး အသား အရေသန့်ရှင်း၍ အရေပြားရှိမွေးညင်းပေါက်ကလေးများကို ပကတိ အတိုင်းပွင့်စေသည်။
ဆံပင်
ဦးခေါင်းတွင် သန်း၊ ဗောက်၊ ဒက်များကင်းရှင်းစေရန် အနည်းဆုံး တစ်ပတ်လျှင်တစ်ကြိမ် ဆပ်ပြာ၊ သို့မဟုတ် ခေါင်းလျှော် ရည်သုံး၍ ခေါင်းလျှော်သင့်သည်။ ဆံပင်များကိုဆီလိမ်းပြီး သပ်ရပ် စွာဖြီးထားသင့်သည်။
သွား
သွားနှင့်ခံတွင်းသန့်ရှင်းရန်လည်း အရေးကြီး၏။ အကြောင်းမူကား ယင်းတို့မသန့်ရှင်းလျှင် ပါးစပ်နံခြင်း၊ သွားပိုးစား ခြင်း၊ ရေစီးကမ်းပြိုဖြစ်ခြင်း၊ အစာမကြေခြင်း စသည်တို့ဖြစ်လာတတ် သည်။ အစာစားပြီးတိုင်း အာလုပ်ကျင်းသောအလေ့အကျင့်၊ အိပ်ရာ ဝင်အိပ်ရာထ ဖြစ်နိုင်လျှင် ထမင်းစားပြီးတိုင်းသွားတိုက်သောအလေ့ အကျင့်ရှိသင့်သည်။ အနည်းဆုံး အိပ်ရာဝင်တစ်ကြိမ်သွားတိုက်သင့် သည်။ သွားတိုက်ခြင်းဖြင့် သွားများကိုစင်ကြယ်စေ၍ သွားဖုံးကိုသန် မာစေကာ သွားကိုအရောင်တင်ပေးနိုင်ရုံမက ခံတွင်းမှအနံ့ဆိုးများ ကိုလည်းကာကွယ်နိုင်လေသည်။ မှန်ကန်သောသွားတိုက်နည်းမှာ ပါးစပ်အတွင်း သွားတိုက်တံနှင့် သွားများ၏အတွင်း၊ အပြင်၊ ဘေး စသည့်နေရာစုံကို တစ်နေရာလျှင် ငါးကြိမ်ခန့် အထက်အောက် ဆွဲတိုက်ပေးရပေမည်။
အမွေးအမှင်
မလိုအပ်သောအမွေးအမှင်များကို မှန်မှန်ရိတ်ပေး၊ ညှပ် ပေးပါ။ ဥပမာ- မုတ်ဆိတ်မွေး၊ ချိုင်းမွေး။
လက်
လူအများစုသည် ထမင်းစားပြီးမှ လက်ကိုသေသေချာချာ ဆေးလေ့ရှိသည်။ ထမင်းမစားမီ လက်ကိုရေစွတ်ရုံသာဆေးတတ် ကြသည်မှာ လက်မှကြေးများကိုနှူးပေးသလိုသာဖြစ်၏။ သို့ဖြစ်၍ အစာမစားမီ၊ အစာစားပြီး၊ အိမ်သာတက်ပြီးတို့တွင် လက်ကို ဆပ်ပြာ နှင့်စင်ကြယ်စွာဆေးရန် လိုအပ်လှပေသည်။
လက်သည်း၊ ခြေသည်း
လက်သည်း၊ ခြေသည်းများ အရှည်မထားဘဲ မှန်မှန် လှီးဖြတ်ပေးရန်လိုအပ်၏။ လက်သည်းရှည်ရှည်တွင် မသန့်ရှင်းသော အညစ်အကြေးများခိုကပ်နေ၍ ယင်းတို့မှ ရောဂါပိုးမွှားများပါလာ တတ်ပြီး အစာစားရာတွင် ဝမ်းတွင်းသို့ရောက်၍ ရောဂါရတတ်သည်။ ထို့ပြင် လက်သည်း၊ ခြေသည်းတို့ဖြင့်ကုတ်ခြစ်မိပါကလည်း အရေ ပြားတွင်အနာတရဖြစ်၍ ရောဂါရနိုင်၏။
ခြေထောက်
ခြေဖဝါးမှ ချိတ်သန်ကောင်များ ထိုးဖောက်မဝင်ရောက် စေရန်နှင့် အပူအအေး၊ အပွန်းအပဲ့များမှကာကွယ်ရန် မိမိနှင့်သင့် တော်သောဖိနပ်စီး၍ သွားလာသင့်သည်။
အညစ်အကြေးထွက်သော ဒွါရကိုးပေါက်ကို နံနက်တစ်ခါ၊ ညအိပ်ရာဝင်တစ်ခါ ဆပ်ပြာဖြင့်ဆေးကြောပါ။ အမျိုးသမီးများအနေ ဖြင့် မိန်းမကိုယ်ကို ဆီးသွားပြီးတိုင်း၊ အိမ်သာသွားပြီးတိုင်း ဆေးပေး ရန်လိုအပ်၏။ အထူးသဖြင့် ဓမ္မတာလာနေစဉ်ကာလ၌ တတ်နိုင် သမျှ ယင်းနေရာတစ်ဝိုက် သန့်ရှင်းနေစေသင့်ပါသည်။ နှာချေရာ၊ နှပ်ညှစ်ရာ၊ ချောင်းဆိုးရာ၊ သလိပ်ထုတ်ရာတွင် လက်ကိုင်ပဝါသုံးခြင်း၊ စည်းမဲ့ကမ်းမဲ့တံတွေးမထွေးခြင်း၊ လူစုလူဝေးထဲတွင် တတ်နိုင်သမျှ နှာချေ ချောင်းဆိုးမှုမပြုခြင်း၊ နှာစေးချောင်းဆိုးဖြစ်နေသူတို့ထံနှင့် ကူးစက် ရောဂါရနေသောအရပ်တို့သို့မသွားခြင်း၊ မိမိတွင်နှာစေး ချောင်းဆိုးဖြစ်နေပါက လူစည်ကားရာအရပ်သို့မသွားခြင်းစသည့် အချက်များကို လိုက်နာရပေမည်။
စားသောက်ရာတွင်အသုံးပြုသောအိုးခွက်၊ ပန်းကန်၊ ဇွန်း၊ ခက်ရင်းများကို ဆပ်ပြာဖြင့်မစားမီတစ်ခါ၊ စားပြီးတစ်ခါ စင်ကြယ် စွာဆေးကြောပါ။အိပ်စက်ရာတွင်အသုံးပြုသော ခေါင်းအုံး၊ စောင်၊ အိပ်ရာ ခင်း၊ မွေ့ရာ စသည်တို့ကိုဖြူစင်သန့်ရှင်းစွာအမြဲထားပါ။ အိပ်ခန်း သည် လေကောင်းလေသန့်ရသောနေရာဖြစ်သင့်၏။မိမိခန္ဓာကိုယ်၌ အနာရောဂါ၊ အထူးသဖြင့် အရေပြား အနာများခံစားနေရပါက အမြန်ပျောက်ကင်းအောင် ကုသပေးပါ။ အနာမကင်းက သန့်ရှင်း၊ တစ်ဖန် မသန့်ရှင်းပါကလည်း အနာ မကင်းနိုင်။ ဤကဲ့သို့ သံသရာလည်လျက်ရှိတတ်သည်။