ခန္ဓာကိုယ်တွင် Glands ကလင်းနှစ်မျိုး ရှိသည်။ ပြွန်ရှိဂလင်းနှင့် ပြွန်မဲ့ဂလင်းတို့ဖြစ်သည်။ တံတွေး အိတ်၊ အစာအိမ်ဂလင်းများ နှင့်ပန်ကရိယဂလင်းတို့သည်အရည်များကိုပြွန်များမှတဆင့်စွန့်ထုတ်ကြသဖြင့် ပြွန်ရှိဂလင်းများဟုဆိုနိုင်သည်။ တံထွေး၊ အစာချေရည်နှင့် ပန်ကရိယအရည်တို့သည် အစာချေဖျက်ရန်အတွက် အဓိကအသုံးဝင်သည်။ ပြွန်မဲ့ဂလင်းမှာထွက်ရှိသော အရည်သို့မဟုတ် ပစ္စည်းများကိုသွေးအတွင်း တိုက်ရိုက်စွန့်ထုတ်သည်။ ပြွန်မဲ့ဂလင်းများမှ ထွက်သောပစ္စည်းများကို ဟော်မုန်းများ Hormones ဟု အကြမ်းခေါ်ဆိုနိုင်သည်။ ခန္ဓာကိုယ် တွင် ဟော်မုန်းများ ထုတ်လုပ်ပေးသော ပြွန်မဲ့ဂလင်း Endocrine gland များကြားရှိသည်။
(၁) သိုင်းရွိုဒ်ဂလင်း (Thyroid Gland) လည်ပင်းရှေ့ရှိ လိပ်ပြာသဏ္ဍန်အိတ်ငယ်ဖြစ်သည်။ သိုင်းရွိုဒ်ဟော်မုန်းသည် ခန္ဓာကိုယ်၏ စွမ်းအင် အသုံးပြုမှု သို့မဟုတ် အောက်ဆီဂျင်အသုံးပြုမှုကို မြင့်မားစေသည်။ ကလေးငယ်များတွင် သိုင်းရွိုဒ်ဟော်မုန်း ချို့တဲ့ပါက ဖွံ့ဖြိုးကြီးထွားမှုနည်းပြီး လူပုလေးများဖြစ်နိုင်သည်။ ဟော်မုန်းလွန်ကဲပါက Thyrotoxicosis ခေါ် သိုင်းရွိုဒ်အဆိပ်သင့်ခြင်းဖြစ်နိုင်သည်။
(၂) ပါရာသိုင်းရွိုဒ်ဂလင်း (Parathyroid Glands) သိုင်းရွိုဒ်ဂလင်း၏ နောက်ဘက်တွင် တွဲကပ်လျက်ရှိသော ဂလင်းငယ်လေးများဖြစ်သည်။ ပါရာသိုင်းရွိုဒ် ဟော်မုန်းထုတ်ပေးပြီး၊ သွေး၌ ကယ်လ်ဒီယမ်နှင့် ဖေ့ါစဖရပ်စ်ပါဝင်မှုကို မျှတစေရန် ထိန်းချုပ် ပေးသည်။
(၃)ပန်ကရိယ(Pancreas)ပန်ကရိယမှာပြွန်ပါသောအပိုင်းနှင့် ပြွန်မဲ့အပိုင်းနှင့် နှစ်မျိုးပါရှိသည်။ ပြွန်ပါသောအပိုင်းမှ အစာချေ ရည်များ ထုတ်ပေးသည်။ ပြွန်မပါသောအပိုင်းကိုဆေးပညာတွင် Islets of Langerhan ဟုခေါ်သည်။ အင်ဆူလင် (Insulin)၊ ဂလူကာဂွန် (Glucagon)နှင့် အခြားဟော်မုန်းတချို့ ထုတ်လုပ်ပေးသည်။ ပန်ကရိယ၏ ပြွန်မဲ့ဂလင်းအပိုင်းရောဂါများကြောင့် သွေးချိုဆီးချိုရောဂါဖြစ်နိုင်သည်။
(၄) အက်ဒွီနယ်ဂလင်း (Adrenal Gland) အက်ဒွီနယ်ဂလင်းမှာ ကျောက်ကပ်တစ်စုံ၏ အပေါ်တွင်တည်ရှိနေသော အိတ်ငယ်လေးများ ဖြစ်သည်။ အတွင်းပိုင်း (Medulla) နှင့် အပြင်ပိုင်း (Cortex) ဟူ၍နှစ်မျိုးရှိသည်။ အပြင်ပိုင်းသည် ကော်တီကို စတီးရွိုဒ် ဟော်မုန်းများ ထုတ်ပေးသည်။ ဂလူကိုကော်တီတွိုဒ် (Glucocorticoid) ၊ မင်နရယ်လိုကော်တီတွိုဒ် (Mineralocorticoids) နှင့် လိင်ဟော်မုန်းတချို့ ထုတ်လုပ်ပေးခြင်းဖြစ်သည်။ အက်ဒွီနယ်ဂလင်း၏အတွင်းပိုင်းမှာ ကတ်တီကောမင်း (Catecholamines) များ ထုတ်လုပ် ပေးသည်။ အက်ဒွီနယ်ဂလင်းသည် ဖိစီးမှုကိုတုံ့ပြန်ရာတွင် အဓိကဖြစ်သည်။ ထို့ကြောင့် အက်ဒွီနယ်ဂလင်းမှ ထွက်သော ဟော်မုန်းများကို Stress Hormones ဟု သုံးနှုန်းခေါ်ဆိုလေ့ရှိသည်။
(၅) ဝှေးစေ့နှင့် မမျိုးဥအိတ် ဝှေးစေ့ (Testes) နှင့် မမျိုးဥအိတ် (Ovary) တို့မှာ ပြွန်မဲ့ဂလင်းများဖြစ်သည်။ ဝှေးစေ့သည် အင်ဒရိုဂျင် Androgen (တက်စတိုစတီရုန်း Testosterone) ထုတ်ပေးသည်။ မမျိုးဥစိတ် Ovary သည် အမျိုးသမီးလိင်ဟော်မုန်းမျုား အီစထရိုဂျင် (Estrogen) နှင့် ပရိုဂျက်စထရုန်း (Progesterone) တို့ထုတ်ပေးသည်။ တက်စတိုစတီရုန်း ပမာဏအနည်းတို့လည်း ထုတ်ပေးကြောင်း တွေ့ရသည်။
(၆) ပီကျူထရီဂလင်း (Pituitary Gland) ပီကျူထရီဂလင်းမှာဦးနှောက်၏ အောက်ခြေ၌ကပ်လျက်ရှိသော ပဲစေ့အရွယ်အိတ်ငယ်လေးဖြစ်သည်။ ဟော်မုန်းအများအပြားထုတ်ပေးသည်။ ကြီးထွားသောဟော်မုန်း (Growth Hormone) ၊ ပရိုလက်တင် (Prolactin)၊ အယ်လ်အိပ်ချ် (LH) နှင့် အက်ဖ်အက်စ်အိပ်ချ် (FSH)၊ တီအက်စ်အိပ်ချ် (TSH)၊ အေစီတီအိပ်ချ် (ACTH) ၊ ဆီးသွားဆန့်ကျင်ဆေး Antidiuretic Hormone (ADH)၊ အောက်ဆီတိုစင် (Oxytocin) စသည့် ဟော်မုန်းများထုတ်လုပ်ပေးသည်။ ကြီးထွားသောဟော်မုန်းချို့တဲ့ခြင်းသည် ဖွိ့ဖြိုးမှုညံံံံ့ဖျင်းပြီး သေးကွေးသော လူပုလူညှပ်ကလေး ဖြစ်မည်။ လွန်ကဲလျှင် အရပ်အလွန်ရှည်လွန်းခြင်း (Gigantism) နှင့် အစရိုဗီတာလီ (Acromegaly) ရောဂါများ ဖြစ်စေနိုင်သည်။ အခြားဟော်မုန်းများချို့တဲ့ခြင်း သို့မဟုတ် လွန်ကဲခြင်းကြောင့်လည်း ရောဂါများဖြစ်နိုင်သည်။
(၇) ဟိုက်ပိုသားလမတ် (Hypothalamus) ဦးနှောက်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဟော်မုန်းများ ထုတ်လုပ်ပေးသည်။ ယခင်က ပီကျူထရီလင်းကို ပြွန်မဲ့ဂလင်းများ၏ အရှင်သခင် (Master) ဟု သတ်မှတ်ထားသည်။ သို့သော် အဆိုပါ ပီကျူထရီဂလင်းအပေါ် အဓိကထိန်းချူပ်လွှမ်းမိုးထားသည်မှာ ဟိုက်ပိုသားလမတ်ဖြစ်ကြောင်း တွေ့လာရသည်။
(၈) အခြားသောဟော်မုန်းထုတ်သည့် အင်္ဂါအစိတ်အပိုင်းများ အစာအိမ်နှင့်အူလမ်းကြောင်းသည် ဟော်မုန်းများစွာ ထုတ်လုပ်ပေးနိုင်သည်။ အဆီတစ်သျူး သည်လည်း အစားအစာသုံးမှုနှင့်ဆက်နွယ်သော ဟော်မုန်းထုတ်လုပ်သည်ဟုဆိုသည်။ ကျောက်ကပ်တစ်စုံ သည်လည်း ဟော်မုန်းတချို့ ထုတ်လုပ်ပေးသည်။ ကျောက်ကပ်မှထုတ်လုပ်သော ဟော်မုန်းများမှာ အဲရစ်သရိုပွိုက်တင် (Erythropoietin)၊ ရီနင် (Renin) ၊ ၁, ၂၅ ဒီအိပ်ချ်စီစီ (1,25DHCC)၊ ပရောစတာဂလင်ဒင် (Prostaglandin) စသည်တို့ဖြစ်သည်။ အဲရစ်သရိုပွိုက်တင်မှာ သွေးတည်ဆောက်မှုကို အားပေးသည်။ ထို့ကြောင့် ကျောက်ကပ်ရောဂါ များတွင် သွေးအားနည်းခြင်းဖြစ်နိုင်သည်။
Author – ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)