အရက်စကား အမှားများ

အရက်စကား အမှားများ

အရက်ဘီယာသောက်တတ်တဲ့သူတွေအတွက်တော့ အရက်နာကျတယ်ဆိုတာ သိပ်မဆန်းတဲ့အတွေ့အကြုံ တစ်ခုပါပဲ။မကြုံဘူးသေးဘူးဆိုရင်တောင်မှ သောက်တတ်စားတတ်တဲ့သူတွေအဖို့ ထင်းခွေမကြုံ ရေခပ်ကြုံ တကွေ့ကွေ့တော့ ကြုံရနိုင်ပါတယ်။ဒီဆောင်းပါးမှာတော့ အရက်နာကျတာနဲ့ပတ်သက်ပြီး လူအများကြားမှာ မှန်သလိုလို မှားသလိုလို ဝေဝေဝါးဝါး ဖြစ်နေတဲ့အချက်တွေကို ရှင်းလင်းသွားပါမယ်။

အမှား (၁) အရက်နာကျတာ စိတ်ပူစရာ မလိုပါဘူး

အမှန်။ အရက်အလွန်အကျွံသောက်သုံးခြင်းဟာ ဗဟိုအာရုံကြောအဖွဲ့အစည်းကို ထိခိုက်စေပါတယ်။ခေါင်းမူးတာ ခေါင်းကိုက်တာ ပျို့အန်တာစသဖြင့် အတော်လေးခံရခက်တဲ့ဝေဒနာတွေကို နောက်တနေ့မှာခံစားရစေပြီး ရေဓာတ်ဆုံးရှုံးမှုလည်း ဖြစ်စေပါတယ်။ပင်ပန်းနွမ်းနယ် အလုပ်ပျက်အကိုင်ပျက်တွေဖြစ်သလို အစားစားချင်စိတ်လည်းမရှိဘဲ ကိုယ်ခံအားပါ ကျဆင်းနိုင်တာတွေ့ရပါတယ်။

အမှား (၂ ) ယောကျ်ားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် အရက်နာကျတာကို ညီတူမျှတူ ခံစားရတယ်

အမှန်။ Ladies’ Night တွေမှာ ဖရီးရတိုင်း သွားသွားသောက်နေတဲ့ကလေးမလေးတွေ ကလေးမကြီးတွေအတွက် မှတ်သားစရာပါ။သောက်တဲ့ပမာဏတူတူဆိုရင်တောင်မှ မိန်းမတွေက အရက်နာကျတဲ့ဒဏ်ကို ပိုခံရပါတယ်။အကြောင်းရင်းကတော့ ယောကျာ်းတွေရဲ့ ခန္ဓာကိုယ်မှာ ရေဓာတ်ပိုမိုပါဝင်ပြီး အရက်ကို ရေရောပေးသလို ဖြစ်စေပါတယ်။မိန်းမတွေမှာတော့ ရေဓာတ်နည်းတဲ့အတွက် သွေးထဲကို အရက်ပိုရောက်စေပါတယ်။

အမှား ( ၃ ) မချိမဆန့် သောက်မှသာ အရက်နာကျမယ်

အမှန်။ အများကြီးသောက်ရင် အရက်နာကျဖို့ ပိုများတယ်ဆိုပေမဲ့ ပါးပါးလေးပုတ်လိုက်ရင်းကပဲ အားရပါးရအရက်နာကျသွားတဲ့လူတွေလည်း ရှိပါတယ်။ဘီယာသောက်သောက် အရက်သောက်သောက် တခွက် နဲ့ တခွက် ကြားထဲမှာ ရေသောက်ပေးတာ ဖျော်ရည်သောက်ပေးတာက ခန္ဓာကိုယ်ထဲမှာကျန်ခဲ့မယ့် အရက်ပမာဏကို လျော့နည်းစေပါလိမ့်မယ်။

 

အမှား ( ၄ ) ဝိုင်သောက်တာက အရက်နာကျနိုင်ချေ အနည်းဆုံးပဲ

ဝိုင်အနီမှာ tannins လို့ ဓာတုပစ္စည်းပါဝင်ပြီး သူက ခေါင်းကိုက်စေပါတယ်။အထူးသဖြင့် အရောင်ရင့်ရင့် အရက်တွေမှာ ပိုပါပါတယ်။မော့တ်ဝီစကီ လိုမျိုးပေါ့။မနက်ပိုင်း ခေါင်းဆိုးဆိုးရွားရွား ကိုက်တာမခံနိုင်ရင်တော့ အရောင်သိပ်မရင့်တဲ့ အရောင်ကိုမပါတဲ့ ဘီယာ၊ဂျင် နဲ့ ဗော့ဒ်ကာလို အရက်မျိုးတွေ သောက်ပါ။

အမှား ( ၅ ) မအိပ်ခင် အကိုက်အခဲပျောက်ဆေး သောက်ပါ။

အရက်နာကျတဲ့အခါ ကိုယ်တွေလက်တွေ ကိုက်ခဲတတ်တာကြောင့် အကိုက်အခဲပျောက်ဆေး သောက်တာက မှန်သင့်သလောက်တော့ မှန်ပါတယ်။ဒါပေမဲ့ ညဘက်အိပ်ခါနီးသောက်တာကတော့ အလကားသက်သက်ပါပဲ။ဘာလို့လည်းဆိုတော့ ဒီဆေးတွေက သောက်ပြီး လေးနာရီလောက်အတွင်းမှာ အစွမ်းပြတတ်လို့ပါပဲ။အိပ်ပျော်နေတဲ့အချိန်ကြီး ကိုက်ခဲမှုမရှိတာကတော့ ဘာထူးမှာလဲဗျာ။ဒါကြောင့် အိပ်ရာနိုးမှ အစားတခုခုစားပြီး သောက်ပါ။

 

အမှား( ၆ ) အရက်နာကျတဲ့အခါ ပြန်ဖြေတဲ့အနေနဲ့ နည်းနည်းပါးပါး သောက်သင့်တယ်။

အရက်စွဲစေခြင်းရဲ့ အဓိကလက်သည်တရားခံအယူအဆပါ။ညက များသွားလို့ မနက်ပြန်ဖြေတယ်ဆိုပြီး သောက်တာဟာ အရက်နာကျမဲ့အချိန်ကို အနည်းငယ်လေးဆွဲဆန့် ပေးနိုင်ယုံကလွဲပြီး တကယ့်အကျိုး ဘာမှ မရှိပါဘူး။အချိန်တန်တော့ အရက်နာကျတဲ့ဝေဒနာ ပြန်ခံရ ၊ မခံနိုင်လို့ ပြန်ဖြေ။ ဒီလိုနဲ့ လုံးချာပတ်ချာလိုက်ပြီး အရက်သမားဖြစ်ကရောပဲ။မနက်မိုးလင်းတာနဲ့ အယ်လ်ကိုဟောလေး နဲနဲမှ မဝင်ရင် ဘာမှ မလုပ်နိုင်ဖြစ်နေပြီလား။အရက်ဖြတ်ဖို့ ဆရာဝန်ဆီသာ မြန်မြန်ပြေးပါ။

အမှား ( ၇ ) ကော်ဖီသောက်ရင် အရက်နာကျတာ သက်သာတယ်။

ကဖိန်းဓာတ်က သွေးကြောတွေကို ကျဉ်းစေပြီး အရက်နာကျတာကို ပိုလို့တောင်မှ ဆိုးစေပါတယ်။ဒါကြောင့် ပိုးစိုးပက်စက်သောက်မိထားတဲ့အခါ နောက်တနေ့မှာ ရေနဲ့ အားဖြည့်အချိုရည်တွေသောက်ပြီးသာ ကုန်ဆုံးသွားတဲ့ ရေနဲ့ သတ္ထုဓာတ်တွေကို ပြန်လည်ဖြည့်တင်းပေးဖို့ ကြိုးစားပါ။

ကိုညိမ်းမောင် (ဆေး ၁ )

ဆက်စပ် ဆောင်းပါးများ