အပ်စိုက်ကုသတာ ကောင်းသလား

အပ်စိုက်ကုသတာ ကောင်းသလား

အပ်စိုက်ကုထုံးဆိုတာဟာ တရုတ်ရိုးရာ ဆေးနည်းတရပ် ဖြစ်ပါတယ်။

သိသလောက်အကြမ်းအားဖြင့်ပြောရရင် တရုတ်ရိုးရာမှာ ယုံကြည်ထားတာက လူတယောက်ကျန်းမာနေဖို့ဆိုရင် အသက်ဓာတ်ဖြစ်တဲ့ ချီ (Chi or qi) ဓာတ်ဟာ ကိုယ်ခန္ဓာအနှံ့ကို ကောင်းစွာလည်ပတ်စီးဆင်းနေရပါမယ်။

ဒီလိုလည်ပတ်စီးဆင်းဖို့အတွက်ဆိုရင်လည်း ယင် (Yin) နဲ့ ယန် (Yang) ဆိုတဲ့ ဆန့်ကျင်ဖက်အခြေခံဓာတ်ကြီး နှစ်ပါးဟာ မျှခြေမှာ ရှိနေဖို့လိုပါတယ်။

အကြောင်းကြောင်းကြောင့် ဒီဆန့်ကျင်ဖက်အခြေခံဓာတ်ကြီးနှစ်ပါးဟာ မျှခြေပျက်သွားခဲ့ရင် အသက်ဓာတ်ချီဟာ ကောင်းစွာလည်ပတ်စီးဆင်းမှုမပြုနိုင်ဘဲ ခန္ဓာကိုယ်တချို့နေရာတွေမှာ ပိတ်ဆို့မှုဖြစ်နေတတ်ပါတယ်။

အဲ့အခါမှာ ခေါင်းကိုက်တာ၊ နာကျင်ကိုက်ခဲတာ စတဲ့ နာမကျန်းဖြစ်မှုတွေကို ခံစားရပါတယ်။

အပ်စိုက်ကုထုံးဆိုတာဟာ အပ်စိုက်ဆရာက အပ်စိုက်ကုထုံးခံယူမယ့်သူ ခံစားရတဲ့ဝေဒနာပေါ်မူတည်ပြီး ကိုယ်ခန္ဓာအရေပြားပေါ်က အပ်စိုက်ကွက်ခေါ် အပ်စိုက်ရန်ညွန်းထားတဲ့နေရာတွေ (Acupunctrue points) ထဲသို့ သေးငယ်တဲ့ အပ်လေးတွေကို အတိမ်အနက်ချိန်ဆပြီး ထိုးသွင်းခြင်းဖြစ်ပါတယ်။

ဒီလိုထိုးသွင်းထားတာဟာ ၁၀ မိနစ်ကနေ မိနစ် ၂၀ ထိ မိနစ်ပိုင်းလောက်ကြာတတ်ပြီး အပ်အရေအတွက်အနေနဲ့ ငါးချောင်းမှ အချောင်းနှစ်ဆယ်ထိဖြစ်နိုင်ပါတယ်။

အပ်စိုက်ကွက်နေရာမှာ အပ်စိုက်ခြင်းဖြင့် ဆန့်ကျင်ဖက် အခြေခံဓာတ်ကြီးနှစ်ပါးကို မျှခြေပြန်ရောက်စေပြီး အသက်ဓာတ် ချီ စီးဆင်းမှု ပိတ်ဆို့နေတဲ့နေရာတွေကိုလည်း ပြန်ပွင့်စေကာ ခံစားရတဲ့ဝေဒနာတွေကိုသက်သာစေပါတယ်။

အသက်ဓာတ် ချီ ဖြတ်သန်းစီးဆင်းတဲ့အပေါ်မှုတည်ပြီး ခန္ဓာကိုယ်အရေပြားပေါ်ရှိ အပ်စိုက်ကွက် နေရာပေါင်း ၃၀၀ ကျော်ရှိကြောင်းသိရပါတယ်။

အပ်စိုက်ကုထုံးဟာ တရုတ်နိုင်ငံကနေ အေဒီခြောက်ရာစုမှာ ကိုရီးယားနိုင်ငံကိုပျံ့နှံ့ခဲ့ကာ ထိုမှတဆင့် ဂျပန်ကို ပျံ့နှံ့ခဲ့ပါတယ်။ အဲ့နောက်မှာတော့ ပြင်သစ်နိုင်ငံကို ပျံ့နှံ့ခဲ့ပြီး ထိုမှတဆင့် ဥရောပနိုင်ငံတွေဆီကို ပျံ့နှံ့ရောက်ရှိခဲ့ပါတယ်။

၂၀ ရာစုမှာတော့ အပ်စိုက်ကုထုံးဟာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေဆီကို ပျံ့နှံရောက်ရှိခဲ့ပါတယ်။

အနောက်တိုင်းဆေးပညာအခေါ်အရတော့ အပ်စိုက်ကုထုံးကို Acupuncture လို့ခေါ်ပါတယ်။

ဒါပေမယ့် သိပ္ပံနည်းအရ ခန္ဓာဗေဒအရတော့ ဒီအပ်စိုက်ကွက် နေရာပေါင်း ၃၀၀ ကျော်ဟာ ဘယ်နေရာမှာ ဘယ်လိုတည်ရှိတယ် တကယ်ရှိမရှိဆိုတာကို သက်သေပြလို့မရသေးတဲ့အတွက် အနောက်တိုင်း ဆေးပညာရှင်အချို့အနေနဲ့လည်း အပ်စိုက်ကုသနည်းကို လက်မခံတာရှိပါတယ်။

တချို့ကလည်း အပ်စိုက်ကွက်နေရာတွေဆိုတာဟာ အာရုံကြောတွေ၊ ကြွက်သားတွေ၊ တစ်သျှူးတွေကို လှုံ့ဆော်လို့ရတဲ့နေရာတွေဖြစ်ပြီး ထိုနေရာများကို အပ်ထိုးသွင်းလိုက်ခြင်းဖြင့် အာရုံကြောတွေ၊ ကြွက်သားတွေ၊ တစ်သျှူးတွေကို လှုံ့ဆော်မှု ဖြစ်စေပါတယ်။

ဒီလှုံ့ဆော်မှုက ခန္ဓာကိုယ်ရှိ သွေးလည်ပတ်စီးဆင်းမှုကို တိုးလာစေပြီး ခန္ဓာကိုယ်ထဲက နာကျင်ကိုက်ခဲမှုကို သက်သာစေတဲ့ ထုံသွားစေတဲ့ သဘာဝဓါတ်ပစ္စည်းများကိုလည်း ထွက်စေပါတယ်။

ဒီလိုနဲ့ ခံစားနေရတဲ့ နာကျင်ကိုက်ခဲမှုဝေဒနာကို သက်သာစေတာဖြစ်နိုင်တယ်လို့ ဆိုထားပါတယ်။

မည်သို့ပင်ဆိုစေကာမူ ဂျာမနီနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့လေ့လာမှုတွေနဲ့ သုတေသနတွေအရ အပ်စိုက်ကုထုံးကုခြင်းဖြင့် ခါးနာတာ၊ လည်ပင်းနာတာ၊ အရိုးအဆစ်တွေ ရောင်ရမ်းနာကျင်တာ၊ ဒူးနာတာ၊ ခေါင်းကိုက်တာ၊ ခေါင်းတခြမ်းကိုက်တာတွေကို သက်သာစေကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (World Health Organization – WHO) ကလည်း သုတေသနရလဒ်တွေအရ အပ်စိုက်ကုနည်းကို ကုထုံးတရပ်အဖြစ် ၂၀၀၃ ခုနှစ်မှာ လက်ခံခဲ့ပြီး အပ်စိုက်ကုထုံးဖြင့် ကုသနိုင်တဲ့ ရောဂါတွေကို စာရင်းထုတ်ပြန်ခဲ့ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထုတ်ပြန်ထားတဲ့စာရင်းအရ အပ်စိုက်ကုထုံးဖြင့် ကုသနိုင်တဲ့ရောဂါပေါင်းဟာ ခါးနာတာ၊ ခေါင်းကိုက်တာ၊ ခေါင်းတခြမ်းကိုက်တာ၊ အာရုံကြောညှပ်တာ၊ မျက်နှာတခြမ်းကိုက်တာ၊ လေဖြတ်လေငန်းရောဂါ၊ ကိုယ်ဝန်ဆောင်စဉ် အလွန်အမင်းပျို့အန်တာ၊ ရာသီလာခါနီးနာကျင်ကိုက်ခဲတာ စတဲ့အမျိုးသမီးရောဂါများ၊ ထိပ်ကပ်နာ၊ နှာခေါင်းပိတ်၊ နှာစေး၊ နားအူတာ၊ ပန်းနာရောဂါ၊ စိတ်ဓါတ်ကျတာ၊ စိတ်ပူပန်မူများတာ၊ ကျို့ထိုးတာ စတဲ့ရောဂါအမျိုးမျိုးအပါအဝင် ၁၀၇ မျိုးရှိကြောင်း သိရပါတယ်။

ဒါ့အပြင် အပ်စိုက်ကုထုံးကို ကိုယ်အလေးချိန်လျှော့ချဖို့အတွက်လည်း သုံးနိုင်ကြောင်း သိရပါတယ်။

အခုနောက်ပိုင်း စမ်းသပ်တီထွင်မှုတွေအရ Electroacupuncture ခေါ် အပ်စိုက်ကုသရာမှာ လျှပ်စစ်ကိုပါတွဲပြီးသုံးကာ ကုသတာ၊ အပူပေးကုသနည်းပါတွဲပြီးကုသတာ စတဲ့နည်းတွေကိုလည်းသုံးလာကြပါတယ်။

ဒီလိုအပ်စိုက်ကုထုံးမှာ လျှပ်စစ်ကိုပါ တွဲသုံးတဲ့နည်းဟာ ဆေးလိပ်ဖြတ်တာ၊ မူးယစ်ဆေးဖြတ်တဲ့အခါ ခံစားရတဲ့ ပျို့အန်တာ၊ ချွေးထွက်တာ၊ စိတ်ဓါတ်ကျတာတွေကို သက်သာစေပြီး ဆေးလိပ်ဖြတ်၊ မူးယစ်ဆေးဖြတ်တာကို အကူအညီပေးနိုင်ကြောင်း လေ့လာမှုတွေအရသိရပါတယ်။

အပ်စိုက်ကုထုံးနဲ့ ပျောက်ကင်းနိုင်တဲ့ရောဂါတွေ အများကြီးရှိသလို အပ်စိုက်ကုထုံးနဲ့ မပျောက်နိုင်တဲ့ရောဂါတွေလည်း အများကြီးရှိပါတယ်။

အရိုးကျိုးတာ၊ ကင်ဆာဖြစ်တာ၊ အသည်းခြောက်တာ၊ အဆုတ်ထဲရေဝင်တာ၊သွေးလွန်တုပ်ကွေးဖြစ်တာ၊ ဝဲပေါက်တာ စတဲ့ရောဂါမျိုးတွေကိုတော့ အပ်စိုက်ကုထုံးနဲ့ပျောက်အောင်ကုမရပါ။

အပ်စိုက်ကုသတဲ့အခါ အတော်များများမေးလေ့ရှိတာက အပ်စိုက်တဲ့အခါ နာမှာလားဆိုတဲ့မေးခွန်းပါ။ အပ်အသေးလေးတွေနဲ့စိုက်တာဖြစ်တဲ့အတွက် နာကျင်မှုက မသိသာပါ။

အပ်စိုက်ကုထုံးရဲ့ကောင်းကျိုးတွေကတော့ ……

– သဘာဝနည်းဖြစ်တဲ့အတွက် ဆေးထိုးဆေးသောက်သလိုမျိုး ဘေးထွက်ဆိုးကျိုးအများကြီးမရှိခြင်း

– အစာအိမ်ရောဂါရှိနေတာ သို့မဟုတ် အကိုက်အခဲပျောက်ဆေးတွေနဲ့ မသင့်တော်တဲ့ ရောဂါရှိတဲ့သူတွေအနေနဲ့ဆိုရင် အပ်စိုက်ခြင်းဖြင့် နာကျင်ကိုက်ခဲမှုကိုသက်သာပျောက်ကင်းစေနိုင်ခြင်း

– တခြားကုသနည်းတွေနဲ့တွဲဖက်ကုသနိုင်ခြင်း စသဖြင့်ဖြစ်ပါတယ်။

အပ်စိုက်ကုထုံးရဲ့ ဖြစ်နိုင်ခြေရှိတဲ့ဆိုးကျိုးတွေကတော့ ………

– သုံးတဲ့အပ်ကမသန့်ဘူး(တခါသုံးအပ်မသုံးဘူး) ဆိုရင် ဘီပိုး၊ စီပိုး၊ အိတ်အိုင်ဗွီပိုးစတဲ့ရောဂါပိုးတွေ ဝင်ရောက်ကူးစက်ခံရတာ

– အပ်စိုက်ကုသမှုခံယူတဲ့သူမှာ သွေးမတိတ်ရောဂါရှိရင် သို့မဟုတ် အကြောင်းကြောင်းကြောင့် သွေးကျဲဆေးတွေသောက်နေရရင် အပ်ထိုးတဲ့နေရာက သွေးခြေဥတာ၊ သွေးထွက်တာ၊ သွေးမတိတ်တာ

– ရင်ဘတ်နေရာနဲ့နောက်ကျောအပေါ်နေရာတွေမှာအပ်စိုက်တဲ့အခါ အတိမ်အနက်အချိန်အဆလွဲပြီး နက်သွားပါက အဆုတ်အမြှေးပါးကိုထိခိုက်မိတာ

– ထို့အတူ တချို့နေရာတွေမှာ အပ်စိုက်တဲ့အနက်က နက်သွားပါက အဲ့နေရာမှာရှိတဲ့ ကိုယ်တွင်းအင်္ဂါတွေကို ထိခိုက်မိတာ စတဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်ပါတယ်။

အဆုံးသတ်အနေနဲ့ ပြောချင်တာကတော့ အပ်စိုက်ကုသနည်းဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကနေ ထောက်ခံထားတဲ့ ကုသနည်းတရပ်ဖြစ်တဲ့အတွက် အပ်စိုက်ကုသနည်းနဲ့ကုသနိုင်တဲ့ရောဂါတွေဖြစ်ပါက အပ်စိုက်ကုထုံးခံယူနိုင်ပါတယ်။

ဒါပေမယ့် အပ်စိုက်ကုသမှုခံယူတဲ့အခါမှာ ဘေးထွက်ဆိုးကျိုးဖြစ်နိုင်ခြေနည်းအောင် ကျွမ်းကျင်တဲ့ အပ်စိုက်ပညာရှင်နဲ့ကုဖို့ တခါသုံးအပ်ကိုသုံးပြီးကုတဲ့ဆီမှာပဲ ကုသမှုခံယူဖို့ အကြံပေးချင်ပါတယ်။

ဒါ့အပြင် သွေးကျဲဆေးတွေသောက်နေတဲ့သူတွေ၊ သွေးမတိတ်ရောဂါအခံရှိတဲ့သူတွေဆိုရင်
အပ်စိုက်ကုထုံးမကုဖို့၊ အပ်စိုက်ကုသပြီးနောက် အပ်စိုက်တဲ့နေရာကနေ သွေးထွက်တာ၊သွေးခြေဥတာတွေဖြစ်ခဲ့ရင်၊ နေထိုင်မကောင်းတာမျိုးဆိုးဆိုးဝါးဝါးဖြစ်ခဲ့ရင် နီးစပ်ရာဆေးရုံဆေးခန်းအမြန်ပြဖို့ ကိုလည်း အလေးထားအကြံပေးချင်ပါတယ်။

Dr ရင်ငြိမ်းပန်း (ဝိဘဇ္ဇဝါဒီ)