ပင့်ကူရှပ်ရင် သေတတ်သလား

ပင့်ကူရှပ်ရင် သေတတ်သလား

ပင့်ကူဆိုတာဟာ ခြေချောင်းရှစ်ချောင်းပါတဲ့ သတ္တဝါဖြစ်ပြီး သူတို့မှာ အဆိပ်ရှိတဲ့အစွယ်ပါပါတယ်။

ပင့်ကူကိုက်ခံရတယ်ဆိုတာဟာ သူတို့ရဲ့ အဆိပ်ရှိတဲ့အစွယ်နဲ့ အထိုးခံရတာဖြစ်ပါတယ်။

ပင့်ကူအမျိုးအစား သုံးသောင်းကျော်ရှိပြီး အားလုံးနီးပါးဟာ အဆိပ်ရှိကြပါတယ်။ အဆိပ်ပြင်းတာ ပျော့တာ ပဲကွာပါတယ်။

ပင့်ကူကိုက်ခြင်းကို ပင့်ကူရှပ်တယ်လို့လည်း အရပ်ထဲမှာခေါ်ဝေါ်ကြပါတယ်။

ပင့်ကူကိုက်ခြင်း၊ ပင့်ကူရှပ်ခြင်းဟာ အဖြစ်များတဲ့ကိစ္စတော့မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ပင့်ကူအများစုဟာ သူတို့ကိုသွားမထိမချင်း ကိုက်တတ်လေ့မရှိလို့ပါ။

ပင့်ကူကိုက်ခြင်း၊ ပင့်ကူရှပ်ခြင်း ခံရနိုင်ခြေများတဲ့သူတွေကတော့ ကလေးငယ်တွေဖြစ်ပါတယ်။ ကလေးငယ်တွေဟာ ကစားရင်း စူးစမ်းရင်းနဲ့ အိမ်ကြိုအိမ်ကြား နေရာအနှံရောက်တတ်လို့ပါ။

ပင့်ကူကိုက်ခံရရင် Spider-man ပင့်ကူလူသားဖြစ်တယ်ဆိုတာဟာ ဇာတ်လမ်းရုပ်ရှင်ထဲမှာပဲ ရှိပါတယ်။

အပြင်လက်တွေ့မှာတော့ ပင့်ကူကိုက်ခံရတဲ့အခါ ကိုက်ခံရတဲ့နေရာမှာ နီရဲရောင်ရမ်းနေတာ၊ ထုံကျဉ်နေတာ၊ ယားတာ၊ စပ်တာ တွေဖြစ်တတ်ပါတယ်။

ဒါ့အပြင် ပြင်းထန်ပါက ကိုယ်အပူချိန်တက်လာတာ၊ ပျို့အန်တာ၊ ခေါင်းကိုက်တာ၊ ချမ်းတုန်ဖျားတာ၊ အသက်ရှုရခက်လာတာ၊ ကိုက်တဲ့နေရာမှာ အပြာရင့်ရောင်အကွက်တွေပေါ်လာပြီး အဲ့နားကတစ်သျှူးတွေပျက်စီးလာတာ၊ အဆစ်အမြစ်တွေနာကျင်တာ ၊ဆီးထဲသွေးပါတာ၊ ဆီးမည်းတွေသွားတာ၊ တက်တာ၊ သတိလစ်တာ တွေဖြစ်နိုင်ပြီး အသက်အန္တရာယ် ထိခိုက်တတ်ပါတယ်။

ပင့်ကူအကိုက်ခံရတဲ့အခါ ခံစားရတဲ့လက္ခဏာ ပြင်းထန်နိုင်မနိုင် အသက်အန္တရာယ်ရှိမရှိက ကိုက်တဲ့ပင့်ကူအမျိုးအစား၊ အရွယ်အစား၊ ကိုက်ခံရတဲ့သူရဲ့ အသက်အရွယ်၊ ကိုယ်ခံအား၊ တခြားရောဂါအခံတွေရှိမရှိ စတဲ့အချက်များစွာ ပေါ်မူတည်နိုင်ပါတယ်။

အကြမ်းအားဖြင့်ပြောရရင် အိမ်ထဲမှာတွေ့ရလေ့ရှိတဲ့ အိမ်ပင့်ကူတွေကတော့ အဆိပ်ပျော့တဲ့ (အဆိပ်သိပ်မရှိတဲ့) ပင့်ကူတွေဖြစ်ပါတယ်။

ဒါပေမယ့် ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေမှာကျ လူငယ်၊ လူလတ်ပိုင်းတွေလို ကိုယ်ခံအားစနစ်မကောင်းတဲ့အတွက် အဆိပ်သိပ်မရှိတဲ့ အိမ်ပင့်ကူအကိုက်ခံရတာမျိုးဆိုပေမယ့်လည်း ရောဂါလက္ခဏာက ပြင်းထန်နိုင်တာမျိုး ဖြစ်နိုင်ပါတယ်။

ပင့်ကူအကိုက်ခံရပြီးနောက် ကိုယ်အပူချိန်တက်လာတာ၊ ချမ်းတုန်ဖျားတာ၊ ခေါင်းကိုက်တာ၊ အော့အန်တာ၊ အသက်ရှုရခက်လာတာ၊ တကိုယ်လုံးအနီကွက်တွေထတာ၊ တက်တာ၊ သတိလစ်တာ စတဲ့ အပေါ်မှာတခါဖော်ပြထားတဲ့ ပြင်းထန်လက္ခဏာတွေထဲက တခုခုရှိလာတယ်ဆိုရင်တော့ နီးစပ်ရာဆေးရုံဆေးခန်းချက်ချင်းပြဖို့လိုပါတယ်။

ပင့်ကူကိုက်တဲ့ဒဏ်ရာကို ပါးစပ်နဲ့စုပ်ပြီးအဆိပ်ထုတ်တာ၊ မီးစနဲ့ထိုးတာ၊ နှိပ်တာမျိုးတွေလုံးဝမလုပ်ဘဲ နီးစပ်ရာဆေးရုံဆေးခန်းချက်ချင်းပြပါ။

ဒီလိုသွားပြတဲ့အခါမှာလည်း ဖြစ်နိုင်ရင် ကိုက်သွားတဲ့ပင့်ကူကို အသေသတ်ပြီးသော်လည်းကောင်း အရှင်ဖမ်းပြီးသော်လည်းကောင်း ယူသွားသင့်ပါတယ်။ ဒါဟာ ကုသမှုမှာ ပိုအထောက်အကူဖြစ်နိုင်ပါတယ်။

ပင့်ကူအကိုက်ခံရတဲ့အခါ ရောဂါလက္ခဏာမပြင်းထန်ဘဲ နီရဲရောင်ရမ်းတာ၊ ယားတာ၊ စူးတာ လောက်ပဲဆိုရင်တော့ အိမ်မှာပဲကုသနိုင်ပါတယ်။

အကိုက်ခံရတဲ့နေရာကို ရေ၊ ဆပ်ပြာတို့ဖြင့် သေချာဆေးကာ အဝတ်သန့်နဲ့သုတ်ပြီး ဘီတာဒိုင်း ဆေးရည် ထည့်ပေးပါ။

ရောင်ရမ်းနာကျင်တာ၊ ယားတာအတွက်က ရေခဲကပ်တာ၊ အကိုက်အခဲပျောက်ဆေးတွေသောက်တာ၊ Antihistamine အုပ်စုဝင်ဆေးတွေဖြစ်တဲ့ ဘာမီတွန် သို့မဟုတ် စီထရီဇင်းသောက်တာတွေ လုပ်နိုင်ပါတယ်။

နီရဲရောင်ရမ်းတာ၊ ယားတာ စူးတာတွေက အများအားဖြင့်တော့ နှစ်ရက်၊ သုံးရက်လောက်အကြာမှာ သက်သာသွားလေ့ရှိပါတယ်။

တကယ်လို့ မသက်သာဘူး သို့မဟုတ် ပိုဆိုးလာတယ်ဆိုရင်တော့ နီးစပ်ရာဆေးရုံ၊ ဆေးခန်းပြသဖို့လိုပါတယ်။

အဆုံးသတ်အနေနဲ့ကတော့ ပင့်ကူကိုက်ခံရခြင်း၊ ပင့်ကူရှပ်ခံရခြင်း ဖြစ်နိုင်ခြေနည်းအောင် ကလေးငယ်များကို အိမ်ကြိုအိမ်ကြားနေရာတွေ ကုတင်အောက်၊ အခန်းဒေါင့် စတဲ့မှောင်တဲ့နေရာတွေမှာ သွားရောက်ဆော့ကစားတာမျိုး မဖြစ်အောင်ဂရုစိုက်ပါလို့ မှာကြားချင်ပါတယ်။

Dr 528

ဆက်စပ် ဆောင်းပါးများ