အန္တရာယ်များတဲ့ ခြေသလုံးသွေးခဲခြင်း
“ဆရာရေ သတင်း ကြားပြီးပြီလား ”
ဒေါ်ရင်လှ တစ်ယောက် ဆေးခန်းထဲသို့ ဝင်လိုက်သည်။ သူကြားလာသော သတင်းကိုလည်း ဒေါက်တာ အောင်နိုင်ကို ဖောက်သည်ချဦးမည်။ ဒီလိုပဲ ဒေါ်ရင်လှက ဒေါက်တာ အောင်နိုင်ဆေးခန်းတွင် သွေးပေါင်ချိန်နေကြ။
” ဘာသတင်းလည်းဒေါ်ဒေါ်ရဲ့။ ” ဆရာဝန်သည် အလိုက်သင့် ပြန်မေးလိုက်သည်။
“လမ်းထိပ်က လှလှဝင်းဆိုတဲ့ ကောင်မလေး ဆရာ။ အဲဒါ ဆေးရုံတက်ရလို့တဲ့ ”
” ဟုတ်လား ”
“ဘယ်နေ့က တက်ရတာလဲ။ ဘာလို့ဆေးရုံတက်ရတာလဲ ”
” သုံးလေးရက်လောက်တော့ရှိပြီဆရာ။ မန္တလေးကအပြန် ကားပေါ်ကအဆင်း ရင်ဘတ်အောင့်တယ်ဆိုပြီး မေ့သွားလို့ ဆေးရုံပို့လိုက်ရတယ်တဲ့ ”
” ဟုတ်လား ”
ဒေါက်တာအောင်နိုင်သည် သွေးပေါင်ချိန်လိုက်သည်။ ဒေါ်ရင်လှ စကားပြော ခဏရပ်လိုက်သည်။
“သွေးပေါင်ကတော့ ပုံမှန်ပဲ။ အငံတွေလည်း လျော့စားနော်။”
“ဆေးလည်း မှန်မှန်သောက်ပါတယ်။ အငံတွေလည်း လျော့စားပါတယ်ဆရာရယ် ”
“အခုရော လှလှဝင်း ဆေးရုံမှာ သက်သာရဲ့လား” ဆရာဝန်သည် စကား ဆက်လိုက်သည်။
” မသက်သာသေးဘူး ဆရာရေ။ အခုထိ အထူးကြပ်မတ်ကုသဆောင်မှာပဲ ရှိသေးတယ်။ ”
” သြော် ”
” ခြေသလုံး သွေးကြောမှာ သွေးခဲတယ်လို့ ပြောတယ်။ ပြီးတော့ အဲဒီသွေးခဲလေးက ပြုတ်ထွက်သွားပြီး အဆုတ်သွေးကြောမျှင်လေးတွေမှာ ပိတ်နေတာလို့ ပြောတယ် ဆရာ။ အဲဒီလိုမျိုးဖြစ်တတ်သလား။ ကျွန်မ ခုမှ ကြားဖူးလို့ပါ။ ဒီလိုမျိုးတွေ ဖြစ်တတ်သလားဟင် ”
ဒေါ်ရင်လှသည် သူသိချင်တာရှိသော်ကြောင့် ဆရာဝန်ဆီသို့ အပြေးလာခြင်းဖြစ်သည်။
“ဖြစ်တတ်တာပေါ့ ဒေါ်ဒေါ်ရဲ့။ ခြေထောက် သွေးပြန်ကြောမှာ သွေးခဲပြီး အဆုတ်မှ သွေးခဲ ပိတ်တယ်ဆိုတာ ဖြစ်တတ်တာပေါ့။ ဖြစ်လည်း ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ လူတိုင်းဖြစ်လားဆိုတာတော့ ရှိတာပေါ့။ ”
” ဘယ်လိုလူမျိုးတွေ ဖြစ်တတ်လည်းဆရာ။ ကျွန်မတို့ကိုလည်း ဗဟုသုတ ရအောင် ပြောထားပါဦး။ ဒါမှ ရှောင်သင့်တာ ရှောင်၊ ဆောင်သင့်တာ ဆောင်ရတာပေါ့ ”
ဒေါက်တာ အောင်နိုင်သည် ဒေါ်ရင်လှကို Pulmonary Embolism နှင့် Deep Vein Thrombosis အကြောင်း ရှင်းပြလိုက်မည်။ ဒေါ်ရင်လှ သိလျှင် တစ်ရပ်ကွက်လုံးသိပြီးဖြစ်မည်။ Health Education ကို ရပ်ကွက်ထဲ ဆင်းစရာမလိုပဲ ပေးပြီးသားဖြစ်မည်။
ဒေါက်တာ အောင်နိုင်သည် ထိုင်ခုံတွင် ပြန်ထိုင်လိုက်သည်။ ဒေါ်ရင်လှသည် ဆရာဝန်ဆီမှ ထွက်လာသော စကားကို မျှော်လင့်တကြီးစောင့်ဆိုင်းနေသည်။
” ပထမဆုံးကတော့ ခြေထောက်သွေးပြန်ကြောထဲ သွေးမခဲဖို့ အရေးအကြီးဆုံးပဲ။ သွေးပြန်ကြောထဲ သွေးခဲရင် သွေးခဲ ပြုတ်ထွက်ပြီး အဆုတ်မှာ သွားပိတ်တတ်တယ်။ ”
” ကျွန်မသိချင်တာလဲ ဒါပဲ ဆရာ။ ဘာလို့ သွေးခဲရတာလဲလို့ ”
” သွေးခဲစေတဲ့ အကြောင်းအရာတွေကတော့ အများကြီးရှိတယ်။ အခု ကိစ္စမှာတော့ ကားအကြာကြီး စီးတာ လေယာဉ် အကြာကြီးစီးတဲ့ အချိန်တွေမှာ ခြေထောက်က အလုပ်မလုပ်တဲ့အတွက် ခြေထောက်မှာရှိတဲ့ သွေးကြောတွေဟာ သွေးမလျှောက်တော့ပဲ သွေးခဲလေးတွေ ဖြစ်တတ်တယ်။ ”
” ဟုတ်လားဆရာ။ လမ်းလျှောက်ပေးရင်ရော အဆင်ပြေလားဟင် ”
“ပြေတာပေါ့။ လေယာဉ်ပဲ စီးစီး ကားပဲ စီးစီး အကြာကြီး ထိုင်မနေသင့်ပါဘူး။ မကြာခဏဆိုသလို လမ်းလျှောက်ပေးရမယ်။ ကား အကြာကြီးစီးတဲ့အခါ ကားရပ်နားရင် ကားပေါ်မှ အိပ်ကျန်ခဲ့တာမျိုး ထိုင်နေခဲ့တာမျိုးမလုပ်ပဲ ကားပေါ်က ဆင်းပြီး အညောင်းပြေ အညာပြေ လမ်းဆင်းလျှောက်ပေးရမယ်။ ဒီလိုမျိုး လမ်း ဆင်းလျှောက်ပေးတာဟာ ခြေထောက်မှာရှိတဲ့ သွေးကြောတွေကို သွေးလည်ပတ်မှု ကောင်းစေတယ်။ ဒါဆိုရင် သွေးခဲတာကိုလည်း ကာကွယ်ပြီးသားဖြစ်သွားမယ်။ ”
“ကျွန်မတို့ကေတော့ ဆီးခဏခဏသွားတတ်တဲ့သူဆိုတော့ ကားရပ်တာနဲ့ အိမ်သာ တန်းပြေးတာပဲ ဆရာရေ ”
” အဲဒါ ကောင်းတာပေါ့။ ”
” နောက်တစ်ခုက ကားအကြာကြီးစီးတဲ့ အခါမှာ ခြေထောက်ကို ငြိမ်ငြိမ်မထားပဲ လှုပ်ပေးနေလည်း ရတယ် ” ဒေါက်တာ အောင်နိုင်သည် အရွမ်းဖောက်လိုက်သည်။
” လှုပ်လို့တော့ ဘယ်ကောင်းမလဲ ဆရာရယ် ”
“ခြေထောက်ကို အငြိမ်မထားရဘူးလို့ ပြောတာပါ ဒေါ်ဒေါ်ရယ်။ ကားရပ်တဲ့ အချိန်တွေမှာလမ်းဆင်းလျှောက်တာတွေ ခြေထောက်ကို မကြာခဏ လှုပ်ပေးတာတွေ လုပ်ပေးရမယ်။ နောက်တစ်ခုက ခြေထောက်တွေကို နွေးနွေးထွေးထွေး ထားရမယ်။ ခြေထောက်တွေ အေးနေတာကလည်း သွေးလည်ပတ်မှုကို နှေးကွေး စေပြီး သွေးခဲ စေတတ်တယ်။ ”
” ကားစီးလို့ကတော့ ခြေသလုံးအေးတတ်လွန်းလို့ ခြေအိတ်ဝတ်ထားရတယ်ဆရာရေ ”
” နွေးနွေးထွေးထွေးထားရင် ရပါပြီ။ စကပ်အတို ဘောင်းဘီအတို ဝတ်မဲ့အစား စကပ်အရှည် ဘောင်းဘီရှည် ထမီ ပုဆိုးကို ဝတ်တာ ပိုပြီးသင့်တော်တယ်။ ခြေထောက်တွေ နွေးနေဖို့က အဓိကပဲ။ ”
” ဟုတ်တာပေါ့ဆရာရယ်။ တစ်ချို့ဆိုရင် မချမ်းတတ်တဲ့ အတိုင်းပဲနော် ”
” လိုအပ်ရင် စောင်တွေဘာတွေ နဲ့ ခြုံပေါ့လေ ”
ဒေါက်တာအောင်နိုင်သည် မောသွားလို့ထင်သည်။ ရေတစ်ခွက် မော့လိုက်သည်။
” အခု လှလှဝင်းက ခြေထောက်သွေးပြန်ကြောအတွင်း သွေးခဲပြီး အဆုတ်မှာ သွားပိတ်တာပေါ့”
” ဘယ်လိုလူမျိုးတွေမှာ ပိုဖြစ်တတ်သလဲ”
” မိသားစုထဲမှာ သွေးခဲ ရောဂါနဲ့ ပတ်သတ်ပြီး ရှိရင် ပိုဖြစ်တတ်ပါတယ်၊ မိမိကိုယ်တိုင် သွေးခဲတတ်တဲ့ရောဂါရှိသူတွေ၊ အဝလွန်သူတွေ၊ ကိုယ်ဝန်ဆောင် မိခင်တွေ၊ သွေးဆုံးပြီးလို့ ဟော်မုန်းဆေး သောက်နေရဲ့တဲ့သူတွေ၊ ကိုယ်ဝန်တားဆေး သောက်သုံးနေတဲ့ သူတွေ၊ ဆေးလိပ်သောက်တတ်တဲ့ သူတွေ၊ အသက်ကြီးသူတွေမှာ ပုံမှန်သူတွေထက် သွေးခဲဖို့ ရာခိုင်နှုန်း ပိုများပါတယ်။ ”
” လှလှဝင်းက ဝတာရော ကိုယ်ဝန်တားဆေးတွေ သောက်တာ ရောကြောင့်ပေါ့နော် ”
” ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်တားဆေး သောက်တာ အပြင် အဝလွန်နေတာကလည်း သွေးခဲစေဖို့ အကြောင်းတစ်ခုပါ။ သူများတွေထက်စာရင် သွေးခဲ ဖို့ ဖြစ်နိုင်ချေ ပိုးများတာပေါ့ ”
” အခုထိတော့ အသက်အန္တာရာယ်ရှိသေးတယ်လို့ပြောတယ်။ ” ဒေါ်ရင်လှသည် သူသိသည်များကို ဖောက်သည် ချနေသည်။
” ရောဂါတစ်ခု ဖြစ်ရင် စောစောသိလို့ စောစောကုရင် ပျောက်ကင်းပါတယ်။ အချိန်မီသာ ဆေးရုံရောက်ရင် စောစောကုသမှု ရမှာပါ။ ”
“ရင်ဘတ်အောင့်တယ်လို့ ပြောတယ်။ ပြီးတော့ မေ့လဲ သွားတယ်လို့ ပြောတယ်ဆရာ ”
” ဟုတ်ပါတယ်။ တစ်ချို့သွေးခဲ သေးရင်။ ပိတ်တဲ့သွေးကြောကလည်း သေးရင် ရင်ဘတ်အောင့်တာလည်း သိပ်မသိတတ်ဘူး။ ဖြည်းဖြည်း ချင်းအောင့်နေတတ်တာ။ အသက် ပြင်းပြင်း ရှူမှ အောင့်တာမျိုး။ အသက် ရှူရတာ ကျပ်လာတာမျိုးတွေ ကို ဖြည်းဖြည်း ချင်း ဖြစ်တာပါ။ တစ်ချို့ ချောင်းဆိုးရင် သွေးပါတာမျိုးလည်း ဖြစ်တတ်တယ်။ အသက်ရှူတာ မြန်လာတာမျိုး၊ နှလုံးခုန် မြန်လာတာမျိုးတွေလည်း ဖြစ်တတ်တယ်။ နှုတ်ခမ်းတွေ ခြေသည်း လက်သည်းတွေ ပြာလာတာမျိုးလည်း ဖြစ်တတ်တယ်။ ”
” ပျောက်နိုင်လားဟင် ဆရာ ”
” ပျောက်နိုင်လားထက်စာရင် အသက်အန္တာရာယ်ရှိလားပေါ့။ ဆေးရုံကို သာ စောစောရောက်ရင် လူနာအနေနဲ့ စောစောကုသမှု ခံယူနိုင်မှာပါ။ ဆေးရုံရောက်တာ နောက်ကျမယ်ဆိုရင်တော့အသက်အန္တာရယ် စိုးရိမ်ရပါတယ် ”
” အခု လှလှဝင်းက ဆေးရုံကို သွားတာ နောက်ကျလို့ထင်တယ်နော်။ ”
“အခု အချိန်မှာ ဆေးပညာကလည်း တိုးတတ်လာပြီဆိုတော့ ကုသလို့ရနိုင်ပါတယ်။ တစ်ခါတစ်လေ ဘုရားမှာလည်း ဆုတောင်းရတာပေါ့ ”
” ဟုတ်ကဲ့ပါဆရာရေ။ ကျေးဇူးတင်ပါတယ် ” ဒေါ်ရင်လှသည် ပြန်ရန်ပြင်လိုက်သည်။
” သွေးပေါင်လည်း လာလာချိန်ဦးနော်” ဆရာဝန်သည် နောက်မလာတော့မည်စိုးသောကြောင့် စိုးရိမ်တကြီး မှာသည်။
” ဟုတ်ကဲ့ပါဆရာ”
ဒေါ်ရင်လှ တစ်ယောက် သူသိချင်သည်များသိပြီးသော်အခါ ရပ်ကွက်ထဲ လှည့်ပြောရန်အတွက် ဆေးခန်းထဲမှာထွက် လာခဲ့သည်။ ဒေါက်တာ အောင်နိုင်ကလည်း ဒေါ်ရင်လှ သိလျှင် တစ်ရပ်ကွက်လုံးသိမည်ဟု သဘောထားကာ စိတ်ရှည်ရှည်နှင့် ရှင်းပြပေးလိုက်သည်။ ဒေါ်ရင်လှကြောင့် ရပ်ကွက်တွင်း အသိပညာ တစ်ခု တိုးသွားမည်ဟု တွေးရင်းပီတိဖြစ်နေတော့သည်။
Dr. အေးချမ်းမိုး