ပါရာစီတမောပဲပေးတဲ့ဆရာဝန် နဲ့  ဆေးအစုံစပ်ပေးတဲ့ဆေးဆိုင်

ပါရာစီတမောပဲပေးတဲ့ဆရာဝန် နဲ့  ဆေးအစုံစပ်ပေးတဲ့ဆေးဆိုင်

ကိုစိန်ဝင်း တစ်ယောက် နေမကောင်း ဖြစ်သမျှ ခွင့်ယူလိုက်ရသည်။ ဒီနေ့တစ်နေ့ အိမ်မှာ နားပြီးလျှင်နက်ဖြန် ရုံးပြန်တက်ရမည်။ ရုံးတွင် လုပ်စရာ အလုပ်ကိစ္စများပုံနေသည်။ ဒီနေ့တစ်နေ့တော့  အပြည့်နားလိုက်မည်ဟု စိတ်ကူးလိုက်သည်။ ဆေးခန်းသွားပြီးဆေးလေးထိုး မည်ဟုလည်း စိတ်ကူးကာ ဆေးခန်းသို့ထွက်လာခဲ့သည်။ မိုးဦးကာလမို့ တိမ်များအုံ့မိုင်းနေသည်။ ညနေပိုင်းလောက် မိုးသည်းထန်စွာရွာဦးမလားလို့ စိုးရိမ်ပူပန်မိသည်။ မနေ့ကလည်း ရုံးကအပြန် မိုးမိသောကြောင့် ကိုစိန်ဝင်း အအေးမိသွားခြင်းဖြစ်သည်။ မိုးရာသီဆိုတော့တုပ်ကွေးဖြစ်ပြီဟု ထင်သည်။ တစ်ကိုယ်လုံးညောင်းညာကိုက်ခဲနေသည်။ အဖျားလည်းတက်နေသည်။ အိမ်မှာ အိပ်နေလို့မဖြစ်။ ဆိုက်ကားတစ်စီးခေါ်ကာ ဆေးခန်းသို့ ပြေးလာခဲ့သည်။ ဆေးခန်းရှေ့လူနာများကို မြင်တော့ကိုစိန်ဝင်းတစ်ယောက် ရင်မောသွားသည်။  စောင့်ရဦးမည်။

” ခါတိုင်းနေ့တွေ ဆေးခန်းရှေ့ ရောက်တုန်းက ဒီလောက် လူနာ တွေ မများပါဘူး။ ဒီနေ့မှ လူနာတွေကလည်း များလိုက်တာ  ” ဟု ရေရွတ်နေမိသည်။

” မိုးတွင်းဆိုတော့လည်း တုပ်ကွေးမိလို့လာကြတာနေမှာပေါ့လေ ” ဟုလည်း တစ်ယောက်တည်း ဖြေတွေးနေမိသည်။  ဆေးခန်းရှေ့တစ်ခြားလူနာတွေ ကို ကြည့်ရင်း ငိုက်ရင်းနှင့် ပင် ကိုယ့်အလှည့်ကို စောင့်နေလိုက်သည်။ ငိုက်နေရင်းကပင် ကျယ်လောင်လှသော အသံကြောင့် ကိုလှဝင်း လန့်နိုးလာသည်။

” နေမကောင်းလို့ ဆေးခန်းလာပြတာပါဆရာ။ ပါရာစီတမောနဲ့ အားဆေးပေးမယ်ဆိုရင်တော့ ကျွန်မ တို့ လမ်းထိပ်က ဆေးဆိုင်ကနေပဲ ဆေးဝယ်သောက်တော့မှာပေါ့။ ဆရာ့ဆေးခန်း အချိန်ကုန်ခံပြီး မလာပါဘူး။ အရှေ့မှာလည်း လူနာတွေ အများကြီးစောင့်နေရတယ်။ အခုလည်း ပါရာစီတမောပဲ ပေးလိုက်တယ်။  ” မိန်းမ တစ်ယောက်၏အသံကား ဆေးခန်းရှေ့ ပေ ၂၀ ပတ်လည်လောက်ကပင် ကောင်းကောင်းကြားနိုင်လောက်အောင် ကျယ်လောင်လှသည်။  ငိုက်နေသော ကိုစိန်ဝင်းပင် အိပ်ချင်ပြေသွားသည်။

” ဆရာဝန်ကို ဆေးခန်းထဲလာပြီး ဘာလို့ ရန်လုပ်နေတာလဲ  ” ဟုလည်းတွေးရင်း စိတ်တိုမိသည်။

” ဆရာ့ကို ပြောရင်လည်းေ အးအေးဆေးဆေး ပြောလို့ရပါတယ်။ အဲဒီလောက်ကြီး အကျယ်ကြီး အော်ပြောစရာမလိုပါဘူးတော်  ”

လို့လည်း ဘေးမှ အမျိုးသမီးကား ကိုစိန်ဝင်းအား ရှင်းပြနေသေးသည်။ ထိုအမျိုးသမီးသည်လည်း ဆရာဝန်ဘက်မှ မခံမရပ် နိုင်ဖြစ်နေသည်။ ကိုယ်တွေ အားကိုးတကြီးရှိလှသော ဆရာဝန်အား စော်ကားမော်ကားပြောနေသည်ကို မိမိတို့ လူနာတွေ အနေနှင့် လည်း မခံနိုင်။

“အခု အမ သား က ရိုးရိုးတုပ်ကွေးဖြစ်တာပါ။ တုပ်ကွေး ဆိုတာ Virus တစ်မျိုးကြောင့် ဖြစ်တာပါ။ virus ကြောင့်ဖြစ်တဲ့ အဖျားတွေဆိုရင် antibiotics မတိုက်ပါဘူး။ Anitibiotic ဆိုတာ လိုမှ တိုက်ရတာပါ။ မလိုပဲ နဲ့ မတိုက်သင့်လို့ မတိုက်တာပါ။ တုပ်ကွေးဆိုရင် သုံးရက်ကြာရင် အဖျားအလိုလို ကျသွားမှာပါ။ ဒီကြားထဲမှာ အဖျားကျဆေးလေးနှင့် ကိုယ်ခံအားတက်လာအောင် အားဆေးလေး vitamin C လေး တိုက်ပေးရင် ကောင်းသွားမှာပါ။ Antibiotic ပေးစရာမလိုပါဘူး။” ဆရာဝန်၏ အသံကိုတော့ တိုးတိုးလေး ကြားနေရသည်။

လူနာရှင်သည် ဆရာဝန်ကို သိပ်တော့ ကျေနပ်ပုံ မပေါ်ပါ။   မိကျောင်းမင်းရေခင်းပြသလို ဖြစ်နေပြီဟု ထင်သည်။

”  ပိုးသတ်ဆေးများ တိုက်မလားလို့ ဆေးခန်းလာတာပေါ့ဆရာ။ ပြီးတော့ ကလေးကို လည်း မြန်မြန်ပျောက်စေချင်တယ်”

” ပျောက်သွားမှာပါ။ မလိုအပ်ပဲ ပိုးသတ်ဆေး မတိုက်ချင်လို့ပါ။ ဒီရာသီက တုပ်ကွေးရာသီမို့လို့ ဖျားကြတာပါ။ ပိုးသတ်ဆေးကလည်း လိုအပ်ရင်ပေးမှာပါ မလိုအပ်လို့ မပေးတာပါ ” ဆရာဝန်သည် ဒေါသသံ မပါပဲ အေဆေး တည်ငြိမ်စွာ ရှင်းပြသည်။

လူနာရှင် အမျိုးသမီးသည် မကျေမနပ်နှင့်ပင် ဆေးခန်းထဲမှ ထွက်သွားခဲ့ပြီ။ ကိုစိန်ဝင်းအလှည့်သို့ရောက်ပါပြီ။ ဆရာဝန်သည် ကိုစိန်ဝင်းကို စမ်းသပ်ပြီး

” ခင်ဗျားလည်း တုပ်ကွေးပဲနော်။ ပိုးသတ်ဆေး မပေးတော့ဘူး။ ပါရာစီတမောတို့ အားဆေးတို့ပဲ ပေးလိုက်မှာ  ”  ဆရာဝန်သည် ကို စိန်ဝင်းကို အရွှင်း ဖောက်လိုက်သည်။ ကိုစိန်ဝင်းသည်လည်း အားနာစွာနှင့်ပင် အရဲစွန့် မေးလိုက်သည်။

“ပိုးသတ်ဆေး မသောက်လည်း အဖျားပျောက်ပါတယ်နော်။  ” မိမိသည်လည်း ပိုးသတ်ဆေး ပေးမည်ဟု ထင်ထားသောကြောင့်ဖြစ်သည်။

ဆရာဝန်သည် ထိုင်ခုံမှာ ပြန်ထိုင်လိုက်သည်။  ပဝါလေးနှင့် ချွေးများကို သုတ်လိုက်သည်။

” ပျောက်ပါတယ်။ မလိုအပ်လို့ ပိုးသတ်ဆေး မပေးတာပါ။ ရောဂါ တစ်ခု ဖြစ်ရင် မလိုအပ်ပဲ ပိုးသတ်ဆေးတွေကိုမသုံးတာ ကောင်းပါတယ်။ ပိုးသတ်ဆေးတွေ အလွန်အကျွံ သုံးစွဲခြင်းရဲ့ နောက်ဆက်တွဲပြသနာတွေက အများကြီးရှိပါတယ်။   ” ” ဟုတ်ကဲ့ပါဆရာ  ”

” မလိုအပ်ပဲ ပိုက်ဆံကုန်ပါတယ်။ နောက်တစ်ခုက ပိုးသတ်ဆေး သောက်လိုက်တဲ့ အတွက် အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ရှိနေတဲ့ လူကို အကျိုးပြုနေတဲ့ ပိုးမွှားလေးတွေ နည်းသွားပါတယ်။ ပိုးသတ်ဆေးရဲ့ Side effect တွေ ခံစားရပါတယ်။ အဆိုးဆုံးကတော့ ဆေးယဉ်ပါးနေတဲ့ bacteria ပိုးတွေ ဖြစ်ပေါ်လာတာပါပဲ။ မလိုအပ်ပဲ ပိုးသတ်ဆေးတွေ သုံးတဲ့အတွက် အခုအခါမှာ ဆေးယဉ်ပါး ပိုးမွှားတွေ ကြောင့် အသက်သေဆုံးရတာတွေ ရှိလာပါတယ်။ ဒါကြောင့် ပိုးသတ်ဆေးကို မလိုအပ်ပဲ မသောက်တာ ကောင်းပါတယ်။ လိုအပ်လို့ သောက်ခဲ့ရင် လည်း ပိုးသတ်ဆေးကိုမှန်မှန်ကန်ကန် တိတိကျကျ သောက်သင့်ပါတယ်။ ငါးရက်သောက်ရမဲ့ဆေးကိုငါးရက် ပြည့်အောင် သောက်ရပါမယ်။ တစ်နေ့ သုံးကြိမ် သောက်ရမဲံ့ဆေးကို တစ်နေ့သုံးကြီမ် မသောက်ပဲ နှစ်ကြိမ်ပဲ သောက်မယ်။ ငါးရက်သောက်ရမဲ့ဆေးကို နှစ်ရက်သောက်ပဲ သောက်မယ်ဆိုရင် ရောဂါပိုးမွှားတွေဟာ ပိုးသတ်ဆေးနဲ ထိတွေ့ဖူးသွားတဲ့အတွက် ဆေးယဉ်ပါးတာမျိုး ဖြစ်ပေါ်ပါမယ်။ ဆေးယဉ်ပါးပြီဆိုရင် နောင်တစ်ချိန် ရောဂါဖြစ်လို့ ပိုးသတ်ဆေးတိုက်ရင် ဆေးမတိုးတာ မျိုး ဖြစ်ပွားပြီး အသက်သေဆုံးနိုင်ပါတယ်။    ”

”   ဟုတ်ကဲ့ပါဆရာ”

”  ဒါကြောင့် ပိုးသတ်ဆေးကို မလိုအပ်ပဲ မပေးချင်တာပါ ”

” နားလည်ပါပြီဆရာ။ မလိုအပ်ပဲ ပိုးသတ်ဆေး ကို မသောက်တော့ပါဘူး ”

”  လမ်းထိပ်ဆေးဆိုင်ကနေလည်းပိုးသတ်ဆေးတွေကို ကိုယ့်သဘောနဲ့ကို ဝယ်သောက်တာ သိပ်မှားပါတယ်။  “ကိုစိန်ဝင်းသည် ဆရာဝန်ကို သာ အားကိုးသူဖြစ်သည်။ ဘယ်တုန်းအခါမှ လမ်းထိပ်မှ စပ်ဆေး များ ဝယ်သောက်တတ်သူမဟုတ်။

”  ဟုတ်ကဲ့ပါဆရာ။ အခုလိုရှင်းပြပေးတာကို ကျေးဇူးတင်ပါတယ်”

ကိုစိန်ဝင်းဆေးခန်းထဲမှ ထွက်လာခဲ့သည်။ကောင်းကင်ကို မော့ကြည့်လိုက်တော့  မိုးသည် ရွာတော့မည်။ လေပျင်း ပျင်း တစ်ချက်တိုက်လိုက်သည်။ ကိုစိန်ဝင်း ကျောထဲထိ စိမ့်ချမ်းလာသည်။

ဆက်စပ် ဆောင်းပါးများ