ကွ ျတ်တွယ်တာကနေ HIV ပိုးကူးနိုင်သလား

 

ကွ ျတ်တွယ်တာကနေ HIV ပိုးကူးနိုင်သလား

ကျွတ်၊မျှော့ဆိုတာ သွေးစုပ်တတ်ပြီး ကျောရိုးမရှိတဲ့ သတ္တဝါတွေဖြစ်ပါတယ်။

ကျွတ်နဲ့မျှော့နဲ့က ဘာကွာလဲဆိုတော့ မျှော့က ကျွတ်အကြီးစားဖြစ်ပြီး ရေကူးတတ်ကာ ရေထဲမှာနေလေ့ရှိပါတယ်။

ကျွတ်ကတော့ ရေမကူးတတ်တာကြောင့် နွေအခါ မှာ အစိုဓါတ်ရှိသော မြေထဲတွင် နေကာ မိုးအခါ ဆောင်းအခါတွေမှာ မြက်ပင်တွေကြားမှာသွားလာတတ်ပါတယ်။သွားတဲ့အခါမှာ မြန်ပါတယ်။

သူတို့ရှိတဲ့နေရာတွေထဲဖြတ်သန်းလာတဲ့သတ္တဝါတွေရဲ့ ကိုယ်အပူချိန်၊တုန်ခါမှု ကိုအာရုံခံပြီး လိုက်လံတွယ်ကပ်သွေးစုပ်လေ့ရှိပါတယ်။

ကျွတ်တွယ်ခြင်း၊မျှော့တွယ်ခြင်းတွေဟာ လယ်ကွင်းတွေ၊တောထဲ၊မြက်ထဲ၊ရေအိုင်တွေထဲကို ဖြတ်သန်းသွားလာတဲ့အခါတွေမှာ ဖြစ်လေ့ရှိတတ်ပါတယ်။

ကျွတ်၊မျှော့တွယ်ခံရတဲ့အခါ တွယ်ခံရရချင်း သိဖို့မလွယ်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့တွယ်ကပ်သွေးစုပ်တဲ့အခါ ထုံဆေးလိုမျိုးထုံတဲ့ဓါတ်တမျိုးဟာသူတို့ရဲ့တံတွေးထဲမှာပါတာကြောင့် ပုရွက်ဆိတ်ကိုက်တာ၊ပျားတုတ်တာတွေလို နာကျင်မှုသိသာစွာမခံစားရနိုင်လို့ပါ။

ကျွတ်၊မျှော့တွေဟာ သွေးစုပ်လို့ဝသွားရင် (အကြမ်းအားဖြင့် မိနစ်၂၀လောက်သွေးစုပ်ပြီးရင်)သူတို့ခန္ဓာကိုယ်ဟာဖောင်းပွလာပြီး တွယ်ကပ်နေတဲ့နေရာကနေ အလိုအလျောက်ကွာကြသွားတတ်ပါတယ်။

ကျွတ်တွယ်ခြင်း၊မျှော့တွယ်ခြင်းကနေ ဘီပိုး၊စီပိုး၊ကာလသား၊အေအိုင်ဒီအက်စ်၊ငှက်ဖျား စတဲ့ ရောဂါတွေကူးစက်ခြင်း မရှိသလို အရေပြားဆိုးဆိုးဝါးဝါးထိခိုက်ပျက်စီးတာ၊အသက်အန္တရာယ်ဆိုးဆိုးဝါးဝါးထိခိုက်တာမျိုးတွေ ဖြစ်တာလည်း အရမ်းရှားပါတယ်။

ဒီလိုဆိုပေမယ့် ကိုယ်ခန္ဓာကိုယ်မှာ ကျွတ်၊မျှော့တွယ်တာမြင်ရတဲ့အခါမှာ သူသူကိုယ်ကိုယ် ထိတ်လန့်ကြောက်ရွံ့တတ်ကြတာများပါတယ်။

ဒါကြောင့် ဒီတပတ်မှာ ကျွတ်၊မျှော့အတွယ်ခံရရင် ဘယ်လိုလုပ်ရမလဲဆိုတာကို လေ့လာမိသလောက်ရေးသားတင်ပြလိုက်ရပါတယ်။

ဘယ်သူဖြစ်ဖြစ် ကျွတ်တွယ်၊မျှော့တွယ်ခြင်းခံရတာကိုသိတဲ့အခါ

မိမိကိုယ်ပေါ်ကို တွယ်ကပ်သွေးစုပ်နေတဲ့ ကျွတ်၊မျှော့ကို သွေးဝလို့ သူ့အလိုလို ကွာကျတဲ့ထိ စောင့်မနေဘဲ အမြန်ဆုံးဖယ်ရှားပစ်ချင်ကြတာပါပဲ။

ဒီလိုသွေးမဝခင် ဖယ်ရှားတဲ့အခါမှာ နည်းလမ်းမှန်ဖို့လိုပါတယ်။

ကြားဖူးနေကျ အရပ်နည်းတွေဖြစ်တဲ့ တွယ်ကပ်နေတဲ့ ကျွတ်၊မျှော့ကို ဆားနဲ့အုံတာ၊ထုံးနဲ့သုတ်တာ၊အင်းဆက်သတ်ဆေးတွေနဲ့ဖျန်းတာ၊ရှာလကာရည်နဲ့သုတ်တာ တွေမလုပ်သင့်သလို မီးခြစ်နဲ့ရှို့တာ၊ဆေးလိပ်မီးနဲ့တို့တာ တွေလည်း မလုပ်သင့်ပါ။

ဒီလိုတွေလုပ်ခြင်းဖြင့် ကျွတ်၊မျှော့ရဲ့ အစာခြေလမ်းကြောင်းထဲမှာရှိတဲ့အရာတွေ၊ဘက်တီးရီးယားပိုးတွေကို ကျွတ်၊မျှော့တွယ်တဲ့ဒဏ်ရာထဲထွက်စေပြီး ပိုးဝင်တာ၊သွေးဆိပ်သင့်တာ စတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။

ဒါ့အပြင် တအားကြောက်လန့်ပြီးလက်နဲ့အတင်းဆွဲခွာတာမျိုးလည်းမလုပ်ပါနဲ့။တအားဆွဲခွာပါက အရေပြားစုတ်ပြဲဒဏ်ရာရနိုင်သလို ကျွတ်၊မျှော့ရဲ့ သွေးစုပ်တဲ့အပိုင်း(လွှသွားလေးတွေလိုပါတဲ့ပါးစပ်အစိတ်အပိုင်း)ဟာလည်း ဒဏ်ရာထဲမှာ ပြတ်ကျန်ခဲ့နိုင်ပါတယ်။

ဒါကြောင့် တွယ်ကပ်နေတဲ့ကျွတ်၊မျှော့ကို ဖယ်မယ်ဆိုရင် နည်းလမ်းအမှန်ကတော့ သူရဲ့တွယ်ကပ်သွေးစုပ်နေတဲ့ခေါင်းကိုရှာပါ။ကျွတ်မျှော့ရဲ့သွေးစုပ်နေတဲ့ ခေါင်းပိုင်းဆိုတာက အမြီးပိုင်းနဲ့ကိုယ်ပိုင်းထက်စာရင် ပိုကျဉ်းပြီး ပိုသေးသွယ်တဲ့အပိုင်းပါ။

တွေ့ပြီဆိုရင် တွယ်ကပ်သွေးစုပ်နေတဲ့ ခေါင်းကို လက်သည်း လေးကိုသုံးပြီး အဲ့ခေါင်းအောက်ခြေနားကနေ ဘေးကိုတွန်းထုတ်လိုက်ပါ။အဲ့လိုတွန်းထုတ်ပြီးမှ တွယ်ကပ်နေတဲ့ ကျွတ်၊မျှော့ကို ဖယ်ရှားပါ။ခပ်သွက်သွက်တော့လုပ်ဖို့လိုပါတယ်။ဘာလို့လဲဆိုတော့ လက်သည်းသုံးပြီး ဘေးတွန်းထုတ်လိုက်တာကြောင့် ပြုတ်သွားတဲ့ခေါင်းက နောက်တကြိမ်ပြန်ကပ်ပြီးသွေးစုပ်ဖို့ကြိုးစားနိုင်လို့ပါ။ အဲ့လိုထပ်မကြိုးစားခင် ခပ်သွက်သွက်ခွာချဖို့လိုပါတယ်။

တကယ်လို့ မိမိကလက်နဲ့မထိကိုင်ရဲဘူးဆိုရင်လည်း ကဒ်ပြားအမာ(ဥပမာ လိုင်စင်ကဒ်၊အေတီအမ်ကဒ်လိုမျိုး)တခုခုနဲ့ ကော်တွန်းထုတ်ပြီး ခွာချလည်းရပါတယ်။

ကျွတ်၊မျှော့တွယ်တဲ့နေရာက မိမိဘာသာမိမိလုပ်လို့မရတဲ့နေရာ(ဥပမာ ကျောကုန်း)လိုမျိုး ဆိုရင်တော့ သူများကို အကူအညီတောင်းဖို့လိုပါမယ်။

ဒါကတော့ တွယ်ကပ်နေတဲ့ ကျွတ်၊မျှော့ဖယ်နည်းပါ။

တွယ်ကပ်နေတဲ့ ကျွတ်၊မျှော့ကွာသွားပြီဆိုရင် ကျွတ်၊မျှော့တွယ်ထားတဲ့ဒဏ်ရာကို ဘယ်လိုကုသရမလဲဆိုတာ ဆက်ရေးပါမယ်။

တွယ်ကပ်နေတဲ့ ကျွတ်၊မျှော့ကွာသွားတဲ့အခါ ဒဏ်ရာကို ရေနဲ့ဆပ်ပြာနဲ့ သေချာဆေးကြောပါ။ပြီးရင် အဝတ်သန့်နဲ့ခြောက်အောင်သုတ်ပါ။

ဘီတာဒိုင်း(ဆေးနီရည်) သို့မဟုတ် အရက်ပြန်ထည့်ပြီး အပေါ်ကနေပတ်တီးစည်းထားပါ။

သူတို့တွယ်ထားတဲ့ဒဏ်ရာနေရာကနေ သွေးတွေမတိတ်ဘဲ အချိန်ကြာသည်အထိ ထွက်နေနိုင်ပါတယ်။ဒါ့အပြင် တွယ်ခံထားရတဲ့ဒဏ်ရာနားတဝိုက်မှာသွေးခြေဥသလိုမျိုးညိုနေတတ်ပြီး ယားလည်းယားနေတတ်ပါတယ်။

ဒီလိုဒဏ်ရာကနေ အချိန်ကြာသည့်တိုင် သွေးမတိတ်ဘဲထွက်နေလို့ အရမ်းထိတ်လန့်စရာမလိုပါ။ဒါပုံမှန်ပါပဲ။ဘာလို့လဲဆိုတော့ ကျွတ်၊မျှော့တို့ရဲ့ တံတွေးထဲမှာ သွေးကျဲစေတဲ့ဓါတ်တွေ(Anticoagulants)နဲ့ ယားယံစေတဲ့ဓါတ်(Histamines)တွေပါဝင်လို့ပါ။

အများအားဖြင့်တော့ ကျွတ်၊မျှော့အတွယ်ခံရတာဖြစ်ရင် ဆေးခန်းပြဖို့လိုလေ့မရှိတတ်ပါ။ဒဏ်ရာကိုသန့်သန့်ရှင်းရှင်းထားလိုက်ရင် သိပ်မကြာခင်ရက်ပိုင်းအတွင်းမှာသူ့ဘာသာသူပျောက်သွားနိုင်ပါတယ်။နာတာ၊ရောင်ရမ်းတာရှိရင် ရေခဲကပ်နိုင်ပါတယ်။

သို့သေ်ာ ကျွတ်၊မျှော့အတွယ်ခံရပြီးနောက် ဓါတ်မတည့်သလိုအနီကွက်အင်ပြင်ဖုတွေထတာ၊ဖောရောင်လာတာ(အထူးသဖြင့် မျက်လုံးနဲ့နှုတ်ခမ်းတွေဖောရောင်တာ၊အသက်ရှုကြပ်သလိုဖြစ်လာတာ၊မူးမေ့ချင်သလိုဖြစ်လာတာတွေ ဆိုရင်တော့ ချက်ချင်း ဆေးခန်းဆေးရုံ ပြသဖို့လိုပါတယ်။

ကျွတ်၊မျှော့တွယ်မခံရအောင်ကာကွယ်နည်းကတော့ ကျွတ်၊မျှော့တွေရှိတတ်တဲ့နေရာတွေဖြစ်တဲ့ မြက်တော၊သစ်တောတွေ၊လယ်ကွင်းတွေ၊စိမ့်မြေတွေစတဲ့ နေရာတွေကို မသွားတာအကောင်းဆုံးပါ။

မဖြစ်မနေသွားမယ်ဆိုရင်လည်း ကိုယ်ခန္ဓာနေရာအနှံ့ကို အနံပြင်းတဲ့ ခြင်ဆေးရည်လိမ်းတာ သို့မဟုတ် ယူကလစ်ဆီလိမ်းတာ သို့မဟုတ် သံပုရာအဆီလိမ်းတာ တွေလုပ်ပါ။အကျီဘောင်းဘီတွေကို အရောင်ဖျော့ဖျော့ နဲ့ အသားထူပြီး မိမိခန္ဓာကိုယ်နဲ့ကြပ်မယ့်ဆိုဒ်ဝတ်ပါ။

ပွပွရရ လည်ဟိုက် ချည်ထည်အပါးတွေ ဝတ်ပြီး ကျွတ်၊မျှော့ပေါတဲ့နေရာတွေဆီသွားတာရှောင်ပါ။

ခြေထောက်မှာ Leech socks လို့ခေါ်တဲ့ ကျွတ်၊မျှော့ မတွယ်အောင်ကာကွယ်ပေးတဲ့ အစွပ်လိုမျိုးဟာ ဝတ်သွားပါ။

အဆုံးသတ်အနေနဲ့အကြံပေးချင်တာကတော့ ကျွတ်၊မျှော့ တွယ်တာကို ခန္ဓာကိုယ်တနေရာရာမှာ မြင်လို့ဖယ်ပြီးရင် တခြားခန္ဓာကိုယ်နေရာအစိတ်အပိုင်း တွေမှာလည်း ရှိမရှိသေချာရှာဖို့လိုပါတယ်။

ဥပမာ-ခြေထောက်မှာ ကျွတ်၊မျှော့အတွယ်ခံရရင် ကျောကုန်း၊ဂုတ် စတဲ့နေရာတွေမှာလည်း အတွယ်ခံရတာရှိမရှိသေချာရှာရပါမယ်။

ဘာလို့လဲဆိုတော့ ဆောင်းပါးအစမှာ တခါပြောထားတဲ့အတိုင်း ကျွတ်၊မျှော့ တွယ်ခံရတဲ့အခါ ပုရွက်ဆိတ်ကိုက်တာလို၊ပျားတုတ်ခံရတာလို နာကျင်မှုသိသာစွာမရှိတတ်လို့ပါ။

Dr 528

ဆက်စပ် ဆောင်းပါးများ