ဘယ်အားဆေးကို ဘယ်အချိန်မှာ သောက်မလဲ

 

ဘယ်အားဆေးကို ဘယ်အချိန်မှာ သောက်မလဲ
အားဆေးတွေ ဗီတာမင်တွေ ဖြည့်စွက်စာတွေဆိုတာ ဒီနေ့ခေတ်လူတွေနဲ့ ရင်းနှီးပြီးသားအရာတွေဖြစ်ပါတယ်။ပင်ပန်းနွမ်းနယ်နေတဲ့အခါ အားဆေးတွေသောက်ကြပါတယ်။စာမေးပွဲရှိလို့ စာတွေကျက်ရင်း အိပ်ရေးတွေပျက်ရတဲ့အခါနဲ့ စိတ်ဖိစီးမှုတွေနဲ့ရင်ဆိုင်ရတဲ့အခါတွေမှာလည်း အားဆေးတွေသောက်တတ်ကြပါတယ်။ဒါ့အပြင် သက်ကြီးရွယ်အိုတွေ
အစားအသောက်မစားနိုင်တဲ့သူတွေလည်း အားဆေးတွေကို ဖြည့်စွက်စာအဖြစ်နဲ့ သောက်သုံးကြပါတယ်။ဒါပေမဲ့ ဘယ်အားဆေးကို ဘယ်အချိန်မှာသောက်မှ အကျိုးရှိမယ်ဆိုတာကိုတော့ မသိတဲ့သူတွေရှိကြမယ်လို့ ထင်ပါတယ်။မနက်သောက်ရမလား နေ့လည်လား ညနေလား အိပ်ရာဝင်ခါနီးလား။နောက်ပြီးတော့ အစားမစားခင်သောက်ရမှာလား မစားခင်သောက်ရမှာလား။ဒါတွေဟာ ဆေးတမျိုးနဲ့တမျိုးပေါ်ကို မူတည်ပြီး အပြောင်းအလဲတွေရှိပါတယ်။သင့်အနေနဲ့  ညအိပ်ခါနီးသောက်မှအကျိုးရှိမဲ့အားဆေးကို မနက်စောစောသောက်ရင် အကျိုးရှိသင့်သလောက် ရှိနိုင်ပါ့မလား။ဒါကြောင့် အခုဆောင်းပါးမှာ ဗီတာမင် သတ္တုဓာတ်နဲ့ ဖြည့်စွက်စာ ၆ မျိုးတို့ရဲ့ သောက်သုံးမှီဝဲသင့်တဲ့အကောင်းဆုံးအချိန်တွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ကယ်လ်ဆီယမ်(Calcium)

ကယ်လ်ဆီယမ်ကို အရိုးအဆစ်တွေကျန်းမာရေးအတွက် သောက်ကြပါတယ်။သောက်တဲ့ပမာဏ ၂၅၀ မီလီဂရမ်ထက်များမယ်ဆိုရင် ကယ်လ်ဆီယမ်ကို အခြားသတ္ထုဓာတ်တွေပါတဲ့အားဆေးတွေနဲ့တွဲသောက်တာမျိုး မလုပ်သင့်ပါဘူး။ဘာကြောင့်လည်းဆိုတော့ အစာလမ်းကြောင်းကနေစုပ်ယူနိုင်မှုနှုန်း ကျဆင်းသွားနိုင်လို့ပါ။နောက်ပြီးတော့ ကယ်လ်ဆီယမ်သောက်တော့မယ်ဆိုရင် အစာစားပြီးတဲ့အချိန်သောက်တာ အကောင်းဆုံးပါပဲ။ဘာလို့လည်းဆိုတော့ အစာစားပြီးချိန်သောက်တာဟာ စုပ်ယူမှုကိုလည်းအားကောင်းစေသလို ဆီးကျောက်တည်တာမျိုးတွေဖြစ်နိုင်ချေကိုလည်း လျော့ကျစေတာကြောင့်ပါ။ပြီးတော့ တခါထဲ ဆေးပမာဏအများကြီးသောက်တာထက်စာရင် နှစ်ကြိမ်လောက်ခွဲပြီးသောက်တာမျိုးက ပိုသင့်တော်ပါတယ်။

၂။သံဓာတ်(Iron)

သံဓာတ်အားဆေးတွေကို သွေးအားနည်းတဲ့အခါမျိုးမှာ သောက်လေ့ရှိပါတယ်။သံဓာတ်အားဆေးကို သောက်ဖို့အကောင်းဆုံးအချိန်ကတော့ အစားမစားရသေးခင် နှစ်နာရီပါ။ဖြစ်နိုင်ရင် မနက်စောစော ဘာမှမစားရသေးခင် သောက်ပါ။သောက်ပြီးရင် လိမ္မော်ရည်လေးတစ်ခွက်လောက် သောက်လိုက်ရင် သိပ်ကိုကောင်းသွားမှာပါ။ကော်ဖီတို့ နွားနို့တို့နဲ့တော့ တွဲသောက်ဖို့ မသင့်တော်ပါဘူး။နောက်တခု သတိပြုဖို့လိုတာက သံဓာတ်ဟာ ဝမ်းချုပ်စေတတ်တာကြောင့် ရေများများသောက်ဖို့နဲ့ အသီးအရွက်များများစားပေးဖို့ပါ။

၃။ဗီတာမင် ဒီ (Vitamin D)

တခြားသော အဆီမှာပျော်ဝင်တဲ့ဗီတာမင်တွေလိုပဲ(A,E,K) ဗီတာမင်ဒီကို အဆီပါတဲ့အစားအစာတခုခုစားပြီးပြီးချင်းသောက်ရင် စုပ်ယူနိုင်မှုအားပိုကောင်းပါလိမ့်မယ်။ညစာစားတာနောက်ကျခဲ့ရင်လည်း ဗီတာမင်ဒီကို စားပြီးတဲ့အချိန် မသောက်သင့်ပါဘူး။အိပ်မပျော်တာမျိုးတွေဖြစ်တတ်လို့ပါ။ဒါကြောင့် ဗီတာမင်ဒီကိုသောက်တော့မယ်ဆို နေ့လယ်စာစားပြီးပြီးချင်း ဒါမှမဟုတ် ညနေစာစောစောစားပြီးပြီးချင်း သောက်တာအကောင်းဆုံးပါပဲ။

၄။ဗီတာမင် ဘီ အစုအဝေး (Vitamin B Complex)

ဗီတာမင် ဘီတွေဟာ ရေမှာပျော်ဝင်တာကြောင့် သောက်သလောက်ကို ခန္ဓာကိုယ်က စုပ်ယူနိုင်စွမ်းရှိပါတယ်။ဒါကြောင့်မို့ ပုံမှန်အာနိသင်လေးရနေအောင် တခါထဲ ပမာဏအများကြီးသောက်တာမျိုးမလုပ်ပဲ ခွဲခွဲသောက်တာပိုကောင်းပါတယ်။ဗီတာမင် ဘီဟာ စွမ်းအင်ကိုမြင့်တက်စေတာမို့ မနက်ပိုင်းသောက်တာ အကောင်းဆုံးပါပဲ။ညဘက်သောက်တဲ့အခါ အိပ်မပျော်တာ ဂနာမငြိမ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ပြီးတော့ အစာမစားခင်သောက်တာ ပိုပြီး သက်ရောက်မှုရှိပါလိမ့်မယ်။မနက်စာမစားခင် တကြိမ် နေ့လယ်စာမစားခင်တကြိမ်အထိ အများဆုံးသောက်လို့ရပါတယ်။

၅။ဗီတာမင် စီ(Vitamin C)

ဗီတာမင် စီဟာလည်း  ဘီ လိုပါပဲ။ရေမှာပျော်ဝင်တာမို့ အဆီမပါလည်း ခန္ဓာကိုယ်ကကောင်းကောင်း စုပ်ယူနိုင်ပါတယ်။သူလည်း လိုချင်တဲ့ပမာဏကို တခါတည်းသောက်တာထက်စာရင် ခွဲခွဲပြီးသောက်တာ ပိုပြီး အဆင်ပြေပါတယ်။မနက်စာစားပြီး နဲ့ နှေ့လယ်စာစားပြီးချိန်တွေမှာ သောက်တာပိုကောင်းပါတယ်။ဒါပေမဲ့ Vit B12 စုပ်ယူနိုင်မှုကို အနှောက်အယှက်ပေးတတ်တာမို့  ဗီတာမင်ဘီဆေးတွေနဲ့ တူတူတွဲမသောက်တာ ပိုကောင်းပါတယ်။

၆။ငါးကြီးဆီ(Fish Oil)

ငါးကြီးဆီကို အစာမစားပဲ မသောက်သင့်ပါဘူး။လေ့ကျင့်ခန်းမလုပ်ခင်နဲ့ အိပ်ရာဝင်ခါနီးအချိန်တွေမှာ သောက်တာကိုလည်း ရှောင်ကြဉ်ရပါမယ်။ရင်ပူတာတွေ ရင်ဘတ်အောင့်တာမျိုးတွေဖြစ်တတ်လို့ပါ။ဒါ့အပြင် ငါးကြီးဆီကို သွေးကျဲဆေးတွေသောက်နေရတဲ့အခါမျိုးမှာ မသောက်တာကောင်းပါတယ်။၅၀၀ မီလီဂရမ် ငါးကြီးဆီကို မနက်စာစားပြီးတကြိမ် ညစာစားပြီးတကြိမ် သောက်တာ ကောင်းပါတယ်။

Dr.KG

 

ဆက်စပ် ဆောင်းပါးများ