ပုရစ်စားတာ အန္တရာယ်ရှိလား

ပုရစ်စားတာ အန္တရာယ်ရှိလား

ပုရစ်ဟာ အင်းဆက်မျိုးနွယ်ဝင်ဖြစ်ပါတယ်။အင်္ဂလိပ်လိုတော့ Cricket လို့ခေါ်ပါတယ်။

သူရဲ့သတ္တဗေဒနာမည်ကတော့ Gryllidae ဖြစ်ပါတယ်။တွင်းအောင်းသတ္တဝါဖြစ်ပါတယ်။

ကျွန်တော်တို့မြန်မာနိုင်ငံမှာ မိုးဦးကျနဲ့ ရာသီအကူးအပြောင်းကာလတွေဆိုရင် ပုရစ်တွေလှိုင်လှိုင်ထွက်ပေါ်လေ့ရှိတတ်ပါတယ်။

မန္တလေးတိုင်း နဲ့ စစ်ကိုင်းတိုင်းရှိ ဒေသတွေကနေ ပုရစ်တွေအများဆုံး ထွက်လေ့ရှိပါတယ်။

အများအားဖြင့်တော့ ပုရစ်ကို ဂျင်း၊ကြက်သွန်ဖြူတို့နဲ့ဆီသတ်ပြီး ကြော်စားကြပါတယ်။

ပုရစ်ကြော်ကို မစားဖူးသေးတဲ့သူတွေသာ စစားရမှာကြောက်လေ့ရှိပြီး တခါစားဖူးပြီးသားသူတွေအနေနဲ့တော့ သူ့အရသာကိုကြိုက်သွားကာ နောက်ထပ် ထပ်ထပ်စားချင်ကြလေ့ရှိပါတယ်။

ပုရစ်ဟာအရသာစားကောင်းရုံတင်မက သူ့ရဲ့အာဟာရတန်ဖိုးကလည်း မယုံနိုင်လောက်အောင် ကြွယ်ဝပြီး ကျန်းမာရေးကို အထောက်အကူပြုပါတယ်။

သုတေသနလေ့လာချက်တွေအရ

ပုရစ်၁၀၀ဂရမ်မှာ အသားဓါတ်(ပရိုတင်းဓါတ်)က ၆၀ဂရမ်ပါပါတယ်။

ဒါဟာ အသားဓါတ်(ပရိုတင်းဓါတ်)ရဲ့ ပေါကြွယ်ဝစွာ ပါဝင်တယ်လို့ ကျွန်တော်တို့အများစုထင်တဲ့ အမဲသား ထက်ကို ပိုများပါတယ်။

အမဲသား၁၀၀ဂရမ်မှာ အသားဓါတ်(ပရိုတင်းဓါတ်)က ၂၀ဂရမ် လောက်ပဲပါတာပါ။

သံဓါတ်ပါဝင်မှုအနေနဲ့ ပုရစ် ၁၀၀ ဂရမ်မှာပါတဲ့သံဓါတ်ပမာဏ ဟာ အမဲသား ၁၀၀ ဂရမ်မှာပါတဲ့ သံဓါတ်ပမာဏ ထက်သုံဆများပြီး

မဂ္ဂနီဆီယမ်ဓါတ် ပါဝင်မှုဟာလည်း အမဲသား ၁၀၀ ဂရမ်မှာပါတဲ့ ပမာဏ ထက် ငါးဆ များပါတယ်။

ဒါတွေအပြင် ပုရစ်မှာ ပိုတက်စီယမ်ဓါတ်၊ဆိုဒီယမ်ဓါတ်၊သွပ်ဓါတ်၊ကယ်လ်စီယံဓါတ်၊ဗီတာမင်ဘီတွဲ၊အိုမီဂါသရီး၊အိုမီဂါဆစ် ဖက်တီးအက်စစ်ဓါတ်တွေကြွယ်ဝစွာပါဝင်သလို ဟင်းသီးဟင်းရွက် သစ်သီးဝလံတွေမှာသာပါတဲ့ အမျှင်ဓါတ်လည်း ကြွယ်ဝစွာပါဝင်ပါတယ်။

ပုရစ်စားခြင်းဖြင့် အသားဓါတ်(ပရိုတင်းဓါတ်)များများရတဲ့အတွက် ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးဖို့ အထောက်အကူပေးသလို အမျှင်ဓါတ်ကလည်းကြွယ်ဝစွာပါဝင်တဲ့အတွက် ဝမ်းချုပ်ခြင်းကို ကင်းဝေးစေပြီး ဝမ်းမှန်စေပါတယ်။အူမကြီးကင်ဆာဖြစ်ပွားနိုင်မှုကိုလျော့နည်းစေပြီး အစာအိမ်နဲ့အူအတွင်းပိုင်းကျန်းမာရေးကို တိုးတက်ကောင်းမွန်စေပါတယ်။

အမဲသား ဝက်သား စတဲ့အသားတွေ စားသလို များများစားပါက ဝမ်းချုပ်မှာ မပူရပါဘူး။

သံဓါတ်နဲ့ ဗီတာမင်ဘီတွဲ ကြွယ်ဝစွာပါဝင်တာကြောင့် ဦးနှောက်နဲ့အာရုံကြောလုပ်ငန်းဆောင်တာတွေကို ထောက်ကူပေးပြီး သွေးအားနည်းခြင်းကိုလည်းကာကွယ်ပေးပါတယ်။

မဂ္ဂနီဆီယမ်ဓါတ်ကြွယ်ဝစွာပါဝင်တာကြောင့် နှလုံးနဲ့သွေးကြောတွေအတွက်များစွာအကျိုးပြုပြီး နှလုံးရောဂါဖြစ်နိုင်ခြေကိုလည်းလျော့နည်းစေပါတယ်။

ကယ်လ်စီယံဓါတ်ကြွယ်ဝစွာပါဝင်တာကြောင့် အရိုးအဆစ်တွေကို ကျန်းမာကြံ့ခိုင်စေကာ သွပ်ဓါတ်ကြွယ်ဝစွာပါဝင်တာကြောင့် သုတ်အားနည်းခြင်းကို ကာကွယ်ပေးပြီး ကျားခွန်အားကို တိုးစေနိုင်ပါတယ်။

ကျွန်တော်တို့ဆီမှာ ပုရစ်ကိုကြော်စားပေမယ့် တချို့နိုင်ငံတွေမှာတော့ ပုရစ်အကောင်ကိုအမှုန့်ကြိတ်ပြီး အဲ့အမှုန့်ကို ဟင်းထဲဟင်းခတ်အမွှေးအကြိုင်အနေနဲ့ဟင်းအရသာကောင်းအောင်ထည့်ချက်တာ၊အသီးဖျော်ရည်ထဲထည့်သောက်တာ၊ဆော့စ်လုပ်တဲ့ထဲထည့်တာ တွေလုပ်ကြပါတယ်။

ဈေးကွက်ထဲမှာလည်း ပုရစ်အမှုန့် ထုပ်တွေကို တံဆိပ်အမျိုးမျိုးနဲ့တွေ့နိုင်ပါတယ်။

အဆုံးသတ်အနေနဲ့အကြံပေးချင်တာကတော့ ပုရစ်စားတာဟာ ကျန်းမာရေးကိုများစွာအထောက်အကူပြုနိုင်ပေမယ့် ပုရစ်ကြော်စားမယ်ဆိုရင် ကိုယ်တိုင်ပုရစ်အစိမ်းကိုဝယ်ပြီး အိမ်မှာ ပုရစ်အတောင်ပံတွေဖြုတ်၊ခြေလက်မှာရှိတဲ့အဆူးလေးတွေဖြုတ်ကာ ချီးကိုထုပ်ဖယ်သန့်စင်ပြီး ဆီသန့်နဲ့ဂျင်းကြက်သွန်ဖြူတို့နဲ့ သေချာကြော်စားသင့်ပါတယ်။

အပြင်မှာကြော်ပြီးသားဝယ်စားတဲ့အခါ မသန့်တာတွေ စားမိရင် ရောင်းမကုန်ဘဲကျန်တဲ့ဟာတွေကိုပြန်ကြော်ထားတာတွေကို စားမိရင် ဝမ်းပျက်ဝမ်းလျှောဖြစ်နိုင်ပြီး ကျန်းမာရေးကိုလည်း ထိခိုက်နိုင်ပါတယ်။

ဒါ့အပြင် ပုရစ်ကြော်စားတဲ့အခါမှာ စားကောင်းတိုင်း ကျန်းမာရေးအတွက်အကျိုးရှိတယ်ဆိုတိုင်း အများကြီးမစားသင့်ပါ။တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်း များများစားမိပါက သွေးလေးတာ၊အကြောတက်တာ၊ခေါင်းမူးတာတွေဖြစ်နိုင်ပါတယ်။

Dr 528

 

ဆက်စပ် ဆောင်းပါးများ