အရေးပေါ်အသက်ကယ်မယ်ဆိုရင်

အရေးပေါ်အသက်ကယ်မယ်ဆိုရင်

လူတစ်ယောက် ကိုယ့်အရှေ့မှာ လဲကျသွားရင် ဖြစ်ဖြစ် တက်နေရင်ဖြစ်ဖြစ် လူတစ်ယောက်လဲနေတာကိုမြင်ရင်ဖြစ်ဖြစ် ဘယ်လိုလုပ်ကြမလဲ။ တစ်ချို့ကတော့ကိုယ်နဲ့ မဆိုင်သလိုလေး လှည့်ထွက်သွားတတ်ကြတယ်။ တစ်ချို့ကတော့ ကူပေးချင်ပေမယ့် ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်တတ်ကြတယ် ။ဘယ်လိုပဲဖြစ်ဖြစ်တော့ လူတိုင်းက ကိုယ့်ရှေ့မှာ အရေးပေါ်အခြေအနေကြုံလာရရင် အရေးပေါ်ကူညီကယ်ဆယ်မှုတွေ ဘယ်လိုလုပ်ရမလဲဆို သိထားဖို့လိုပါတယ် ။

ကိုယ့်ရှေ့မှာ လဲနေတဲ့သူတစ်ယောက်ကိုကယ်တော့မယ်ဆိုရင် အရေးကြီးဆုံးက ကိုယ့်အတွက်ရော အန္တရာယ်ကင်းရဲ့လားဆိုတာပါ။ အန္တရာယ်တစ်ခုခုရှိနေတဲ့ အနေအထားကို ဂရုမစိုက်ဘဲ ရှေ့တိုးမိတယ်ဆိုရင် တစ်ခြားသူကိုမကယ်နိုင်ခင် ကိုယ်တိုင် အရင်ဒုက္ခရောက်မှာပါ။ တစ်ချိန်တည်းမှာပဲ အကူအညီခေါ်ထားဖို့လိုပါတယ် ။ဘာအန္တရာယ်မှမရှိဘူးသေချာရင်တော့ လဲကျနေသူဆီကို သွားပြီး သတိရှိမရှိကြည့်ပါ။ သတိမေ့နေတယ်ဆိုရင် ညင်ညင်သာသာလေးပဲ လှုပ်ကြည့်ပါ။ ပါးစပ်ကခေါ်ကြည့်ပါ။ တုံ့ပြန်မှုတစ်ခုခုရှိတယ်ဆိုရင် လူနာအသက်ရှူနိုင်သေးလို့ပါ။ ဘာတုန့်ပြန်မှုမှမရှိရင်တော့ လူနာကို အသက်ကယ်နည်းလမ်းတွေ လုပ်ပေးဖို့လိုလာပါတယ် ။

အရင်ဆုံးတော့ လူနာကောင်းကောင်းအသက်ရှူနိုင်ဖို့ လိုအပ်ပါတယ်။ ပက်လက်အနေအထားမှာ လူနာကိုထားပေးပါ။ လူနာကပက်လက်မဟုတ်ခဲ့ရင် လူနာကို ရွှေ့တဲ့အခါ သေချာဂရုတစိုက် ရွှေ့ရမှာပါ။ ခေါင်းတစ်ပိုင်းကိုယ်တစ်ပိုင်တစ်လှည့်စီ ရွှေ့လို့မရပါဘူ။း မမြင်နိုင်တဲ့ ထိခိုက်မှုတွေ လူနာမှာ ရှိနေနိုင်ပါတယ်။ ခေါင်းပိုင်းကတစ်ယောက် ကိုယ်လုံးကတစ်ယောက် ခြေထောက်ပိုင်းကတစ်ယောက် တစ်ပြိုင်တည်း ပုံစံရွှေ့ရမှာပါ ။ပက်လက်အနေအထားဖြစ်ရင်တော့ လူနာ အသက်ရှူနေရဲ့လားဆိုတာ စစ်ဆေးဖို့ပိုလွယ်ကူပါတယ်။ အသက်ရှူမရှူကို နှာခေါင်းနားလေတိုးတာ ရင်ဘတ်နိမ့်ချည်မြင့်ချည်ဖြစ်တာ အသက်ရှူသံကို သေချာနားထောင်တာ စသဖြင့် စစ်ဆေးပေမယ့်အချိန်အကြာကြီး မလုပ်ပါဘူ။း အသက်ကောင်းကောင်းမရှူဘူးဆိုရင်တော့ လူနာရဲ့ နှာခေါင်းနဲ့ ပါးစပ်ထဲမှာပိတ်နေနိုင်တဲ့ အရာတွေကို ဖယ်ထုတ်ပြီး ခေါင်းကိုမော့လျက်အနေအထား ထားပါတယ်။ ခေါင်းမော့ဖို့ အဆင်မပြေခဲ့ရင်တော မေးစေ့ကို ရှေ့ဘက်ကို ဆွဲထားပေးလို့ ရပါတယ်။ အနေအထားပြင်ဆင်ပြီးတာနဲ့ လူနာပါးစပ်ကနေတစ်ဆင့် လေသွင်းပေးပါတယ်။ ဒီလိုလေသွင်းတဲ့အခါမှာ အသက်ကယ်ပစ္စည်းအဆင်သင့်ဆိုရင်တော့ Bag and Mask နဲ့ လုပ်လို့ရပါတယ်။ ပစ္စည်းမရှိရင်တော့ ပါးစပ်ချင်းတေ့ပြီးလေသွင်းရတာပဲ လုပ်ပေးရမှာပါ။ လေသွင်းတဲ့အခါ လက်တစ်ဖက်က လူနာရဲ့နှာခေါင်းကို ပိတ်ထားဖို့လိုပါတယ်။ ပါးစပ်ကတစ်ဆင့်လေသွင်းပြီး ရင်ဘတ်မှာ ဖောင်းလာဖို့လိုပါတယ် ။

လူနာအသက်ရှူတာကို လုပ်နေစဉ်မှာပဲ ဘေးမှာနောက်ထပ်လူတစ်ယောက်ရှိခဲ့ရင် တစ်ခြားတစ်ယောက်က လူနာမှာ နှလုံးခုန်နေရဲ့လားဆိုတာကို သွေးခုန်နှုန်းကနေတစ်ဆင့် စမ်းကြည့်ရပါတယ်။ အရေးပေါ်အခြေအနေတွေမှာ လည်ပင်းကပဲ သွေးခုန်နှုန်းစမ်းကြပါတယ်။ သွေးခုန်နှုန်းစမ်းတာ ဆရာဝန်ဆရာမတွေရဲ့အလုပ်ပဲဆိုပြီး ထိုင်စောင့်နေလို့မရပါဘူး ။သွေးခုန်နှုန်းကောင်းကောင်းစမ်းမမိတာဘဲဖြစ်စေ မရတာပဲဖြစ်စေတော့ နှလုံးနေရာကို ပြန်ဖိပေးဖို့လိုနေပါပြီ ။လူနာရဲ့ ဘယ်ဘက်ရင်ဘတ်ဘေးလောက်မှာ ဒူးထောက်နေပြီး လက်နှစ်ဘက်ကို လူနာရဲ့ ဘယ်ဘက်ရင်အုံနေရာမှာ လက်နှစ်ဘက်ကို စုပြီးတင်ထားပါ လက်တွေက အပေါ်တည့်တည့်ကနေအောက်ဖက်ကို ဆန့်ထားဖို့ လိုတာကြာင့် လူနာဘေးမှာ ဒူးထောက်ပြီးလူနာကိုကိုမိုးထားသလို အနေအထားဖြစ်နေရပါမယ် ။လူနာရဲ့ရင်ဘတ်ကို စပြီးနှိပ်မယ်ဆို တစ်မိနစ်ကို အချက်၁၀၀နှုန်းနဲ့ စည်းချက်ညီညီ နှိပ်ဖို့လိုပါတယ်။ နှိပ်တိုင်းလည်း ရင်ဘတ်က အောက်ဖက်ကို နိမ့်ဝင်သွားဖို့လိုပါတယ်။ ဒါမှလည်း ကိုယ်ဖိပေးတာက အကျိုးသက်ရောက်မှုရှိမှာပါ။ ဒါပေမယ့် ကလေးလူကြီးအသက်အရွယ်လူနာပေါ်မူတည်ပြီးတော့ လက်ဘယ်နှစ်ဖက်တင်ရမလဲ ဘယ်လောက်အားသုံးပြီးဖိပေးရမလဲဆိုတာ ကွာခြားပါတယ် ။

နှလုံးကိုဖိတာအချက်သုံးဆယ်မှာ တစ်ခါ အသက်ရှူသွင်းတာကို နှစ်ကြိမ်လုပ်ပေးဖို့လိုပါတယ်။ တစ်ယောက်တည်းဆိုရင်တော့ နှလုံးဖိလိုက် အချက်သုံးဆယ်ပြည့်ရင် အသက်ရှူတာကိုနှစ်ကြိမ်လုပ်လိုက်နဲ့ တစ်လှည့်စီလုပ်ရမှာပါ။ တစ်ခြားသူရှိရင်တော့ တစ်ယောက်တစ်မျိုးစီ လုပ်ပေးလို့ရပါတယ် ။နောက်ထပ်အရေးကြီးတာကတော့ လူနာမှာ ဒဏ်ရာကြီးကြီးမားမားတွေဖြစ်နေတာလားဆိုတာကို ရှာပေးဖို့လိုပေမယ့် အဝတ်တွေအကုန်ချွတ်ပြီးဘအပူချိန်ကျသွားတာမျိုးမဖြစ်ဖို့တော့ လိုပါတယ်။ သွေးထွက်သံယို တစ်ခုခုရှိနေတာမျိုးဆို သေချာဖိထားပေးဖို့လိုပါတယ်။ ဒါမှလည်း သွေးထွက်လွန်ပြီး သွေးပေါင်ကျတာ သွေးလန့်တာတွေကနေ ကာကွယ်ပေးနိုင်မှာပါ ။

ဒီလိုအရေးပေါ်ကယ်ဆယ်နည်းကို တစ်ခြားသောအကူအညီတွေ မလာခင်အထိ လုပ်ပေးဖို့လိုပါတယ်။ ဒါကလည်းအတိုင်းအတာတစ်ခုအထိတော့ လူနာအသက်ကို ကယ်တင်နိုင်မှာဖြစ်ပါတယ် ။

Dr. CST

ဆက်စပ် ဆောင်းပါးများ