လေဖြတ်ခြင်းသို့မဟုတ် လေသင်တုန်းဖြစ်စေသောအန္တရာယ်တချို့မှာကာကွယ်နိုင်ကြောင်း တွေ့ရသည်။ လေဖြတ်ခြင်းအတွက် အန္တရာယ်တချို့ကို ဗဟုသုတအဖြစ် ဖော်ပြပေးထားပါသည်။
(က) သွေးတိုးရောဂါ သွေးတိုးရောဂါရှိလျှင် သွေးချိန်မှန်အောင်ထိန်းသိမ်းကုသရန်လိုအပ်ပါသည်။ သွေးတိုးရောဂါကို ကောင်းစွာ ထိန်းသိမ်းကုသမှုမပြုပါက လေဖြတ်စေနိုင်ပါသည်။
(ခ) စည်းဝါးမမှန်ခြင်း နှလုံးရောဂါကြောင့် နှလုံးစည်းဝါး ပျက်ယွင်းနိုင်ပါသည်။ အသည်း၊ ကျောက်ကပ်နှင့် အခြားအဂါၤအစိတ်အပိုင်းများ၏လုပ်ငန်းများပျက်ယွင်းမှုကြောင့်လည်း နှလုံးခုန်မမှန်ပဲ ဖြစ်တတ်ပါသည်။ နှလုံးခုန် စည်းဝါးမမှန်ခြင်းသည် လေဖြတ်မှုကို မြင့်မားစေပါသည်။
(ဂ) သွေးကြောများ၌ အဆီပိတ်ဆို့ခြင်း သွေး၌ ကိုလက်စထရောများခြင်းနှင့် ဆက်နွယ်မှုရှိသည်။ သွေး၌ အဆီဓာတ်လွန်ကဲမှုကြောင့် သွေးလွှတ်ကြောများတွင်အဆီပိတ်ဆို့ကာ သွေးလှည့်ပတ်မှုယိုယွင်းပြီး လေဖြတ်စေနိုင်သည်။
(ဃ) ယာယီလေဖြတ်ခြင်း Transiant Ischaemic Attack ခေါ် ဦးနှောက်သို့ သွေးစီးဆင်းမှုယာယီညံ့ဖျင်းမှု(ယာယီလေဖြတ်ခြင်း)မျိုး ဖြစ်ခဲ့ဖူးပါက လေဖြတ်ရန်အန္တရာယ်ရှိနေကြောင်း သတိပြုသင့်ပါသည်။
(င) နှလုံးလုပ်ငန်းပျက်ယွင်း နှလုံး၏ လုပ်ငန်းပျက်ယွင်းခြင်း Heart Failure သည် လေဖြတ်စေနိုင်သော အကြောင်းရင်း ဇစ်မြစ်ဖြစ်၏ (စ) ဆေးလိပ်သောက်ခြင်း ဆေးလိပ်သောက်ခြင်းသည် သွေးကြောများအတွင်း သွေးခဲပိတ်ဆို့ခြင်း၊ သွေးဖိအားတက်ခြင်း၊ သွေးကြောနံရံများပျက်သွင်းခြင်းစသည်တို့ကို ဖြစ်စေသဖြင့် လေဖြတ်ရန်အခွင့်အလမ်းများ ပိုမိုများပြားကြောင်း တွေ့ရသည်။
(ဆ) အဝလွန်ခြင်း အဝလွန်ခြင်းသည် လေဖြတ်ခြင်းကို နှစ်ဆမျှ ပိုစေပါသည်။ သင်၌ ရှိသင့်သော ခန္ဓာကိုယ်အလေးချိန်ထက် ၂၀ ရာခိုင်နှုန်း ပိုနေပြီဆိုပါလျှင် လေဖြတ်ရန် အန္တရာယ်ရှိနေပြီဆိုခြင်းကိို သတိပြု ဆင်ခြင်ကြရပါမည်။
(ဇ) ဗီတာမင်အီးချို့တဲ့ခြင်း အစားအစာတွင် ဗီတာမင်အီးချို့တဲ့ပါက လေဖြတ်ရန် အခွင့်အလမ်းပိုများကြောင်း တွေရပါသည်။ ဗီတာမင်အီးသည် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်ပြီး အဆီဓာတ်၏ ဇီဝဓာတုဖြစ်စဉ်အတွက် အရေးကြီး သော အဟာရတစ်မျိုးဖြစ်ပါသည်။
AUTHOR – ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)