ဓာတ်လိုက်ခံရခြင်း နှစ်မျိုးရှိပါတယ်။ ဗို့အားမြင့် လျှပ်စီးကြောင်း ဓာတ်လိုက်ခံရခြင်းနှင့် ဗို့အားနည်း လျှပ်စီးကြောင်း ဓာတ်လိုက်ခံရခြင်းတို့ ဖြစ်ပါသည်။ ဓာတ်လိုက်ခံရခြင်းကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိတတ်ပါသည်။ ခန္ဓာကိုယ်အတွင်း၌ လျှပ်စစ်စီးဝင်ခြင်းကြောင့် အတွင်းအင်္ဂါများလောင်ကျွမ်းပြီး တစ်ခါတစ်ရံတွင် နှစ်လုံးခုန်ရပ်သွားကာ သေဆုံးနိုင်ပါသည်။
ဗို့အားမြင့် လျှပ်စီးကြောင်းနှင့် ဓာတ်လိုက်ခံရခြင်း
ဓာတ်တိုင်မှလာသော လျှစ်စစ်ဓာတ်ကြိုးများကြောင့် ဓာတ်လိုက်ခံရပါက ပြင်းထန်သော လောင်ကျွမ်းမှုများ ရရှိတတ်ပါသည်။ အသက်ဆုံးရှုံးနိုင်ပါသည်။ ထို့ကြောင့် ဗို့အားမြင့် လျှစ်စီးကြောင်းနှင့် ဓာတ်လိုက်ခံရပါက အရေးပေါ်ဌာနကို အကြောင်းကြားရပါမည်။
ဗို့အားမြင့် လျှစ်စီးကြောင်းသည် ပေ ၆၀ (ကိုက် ၂၀) အတွင်း လျှပ်စီးခုန်ကူးနိုင်သောကြောင့် ဓာတ်အားပေးမှု ဖြတ်တောက်မထားသရွေ့ မည်သူမှ ဒဏ်ရာရသူအနား မကပ်ဘဲ၊ ဒဏ်ရာရသူနှင့် ပေ (၆၀) အကွာအဝေးတွင် နေရပါမည်။ ဒဏ်ရာရသူကို ကိုင်တွယ်ရန် အန္တရာယ်မရှိသော အချိန်တွင် ၎င်း၏ ဒဏ်ရာကို စစ်ဆေးရပါမည်။ လိုအပ်ပါက အသက်ကယ်ခြင်းလုပ်ငန်းများကို အမြန်လုပ်ရပါမည်။ နီးစပ်ရာဆေးရုံသို့ အမြန်ပို့ဆောင် ကုသရပါမည်။
ဗို့အားနည်း လျှပ်စီးကြောင်းနှင့် ဓာတ်လိုက်ခံရခြင်း
အိမ်တွင် ဓာတ်လိုက်ခံရခြင်းကြောင့် ဖြစ်သောဒဏ်ရာများအားလုံးသည် ဗို့အားနည်း လျှပ်စီးကြောင်းကြောင့် ဖြစ်တတ်ပါသည်။ ဓာတ်လိုက်ခံရပါက မီးခလုတ်ပိတ်ခြင်း (သို့မဟုတ်) မိန်းခလုတ်ပိတ်ခြင်းများ ပြုလုပ်၍ လျှပ်စီးကြောင်းကို ဖြစ်တောက်ရပါမည်။ ဒဏ်ရာရသူသည် လျှပ်စီးကြောင်းနှင့် ထိတွေ့မှုရှိနေပါက ထိုသူူကို လုံးဝမထိဘဲ သတိထားရပါမည်။
ဒဏ်ရာရသူကို လျှပ်စီးကြောင်းနှင့် ဝေးရာသို့ ခွဲထုတ်ရပါမည်။ မီးခလုတ်ကို မပိတ်နိုင် ပါကခြောက်သွေ့ပြီး လျှပ်စီးကြောင်းကို တားနိုင်သော စာအုပ်အထူ၊ သတင်းစာစက္ကူခေါက် (သို့မဟုတ်) ပလပ်စတစ်ဖျာများပေါ်တွင် မတ်တပ်ရပ်ရပါမည်။ တံမြတ်စည်းကဲ့သို့ သစ်သားလက်ကိုင်ပါသော ပစ္စည်းကို အသုံးပြုပြီး လျှစ်စီးကြောင်းကို ဒဏ်ရာရသူနှင့် ဝေးသောနေရာသို့ ခွဲထုတ်ရပါမည်။ သတ္တုပါသော ပစ္စည်းများ အသုံးပြုခြင်းကို ရှောင်ကြဉ်ရပါမည်။
ဒဏ်ရာရသူအား လျှပ်စီးကြောင်းနှင့်ဝေးရာသို့ ဆွဲထုတ်ရန် မဖြစ်နိုင်ပါက ဒဏ်ရာရသူ၏ ခြေကျင်းဝတ်နေရာကို ကြိုးကွင်းစွပ်ပေးပြီး ၎င်းအား လျှပ်စီးကြောင်းနှင့် ဝေးရာသို့ ဆွဲထုတ်သွားရပါမည်။
ဒဏ်ရာရသူ သတိမေ့နေပါက သတိရအောင် ပြုလုပ်ရပါမည်။ ဒဏ်ရာရသူ သတိမေ့နေပါက အသက်ရှူလမ်းကြောင်း ဖွင့်ပေးရပါမည်။ အသက်ရှူခြင်းရှိမရှိ စစ်ဆေးရပါမည်။ အသက်ရှူနေပါက အသက်ကယ်လုပ်ငန်း လုပ်ပေးရပါမည်။ လျှပ်စီးကြောင်းအပူ လောက်မှု ရှိမရှိ စစ်ဆေးရပါမည်။ အပူလောင်မှုရှိပါက ကုသရပါမည်။ ဆေးရုံကားကို အရေးပေါ် ဆောင်ရွက်ရပါမည်။
အကြံပြုချက်
မြွေကိုက်ပါက မြွေဆိပ်ဖြေဆေးရှိပါသည်။ ဓာတ်လိုက်ခြင်းခံရပါက ဆေးမရှိပါ။ ထို့ကြောင့် လျှပ်စစ်ကို အလေးအနက်ထား ဂရုစိုက်ရပါမည်။ မိမိအိမ် ကျောင်းနှင့်လမ်းများရှိသော လျှပ်စစ်မီးကြိုး၊ မီးခလုတ်များ ပေါက်ပြဲခြင်း၊ ပြုတ်ကျနေခြင်း ရှိမရှိ စစ်ဆေးရပါမည်။ လျှပ်စစ်ကျွမ်းကျင်သူများကို ခေါ်ယူ၍ စစ်ဆေးထားရပါမည်။ လျှပ်စစ်သုံးစွဲမှုကိုလည်း စနစ်တကျ ဆောင်ရွက်ရပါမည်။
ဓာတ်လိုက်ခြင်းခံရပါက ရှေးဦးသူနာပြုစုခြင်းကို ဆောင်ရွက်ပြီး ဆေးရုံသို့ အမြန်ပို့ဆောင် ကုသသင့်ကြောင်း အကြံပြုအပ်ပါသည်။
Author -ဒေါက်တာမင်းသူရိန် (Health Care Journal)