လူ့ဘဝသက်တမ်းတစ်လျှောက် အသက်ရှည်ရှည် နေထိုင်နိုင်ဖို့ ဆေးဝါးတွေရဲ့ အကူအညီ တစ်မျိုးတည်းနဲ့ မရပါဘူး။ လူတစ်ယောက်ရဲ့ နေထိုင်စားသောက်မှု နည်းစနစ်တွေကလည်း အရေးကြီးပါတယ်။
ကျန်းမာရေးအတွက် မကောင်းတဲ့အစားအစာတွေကြောင့် အဝလွန်ခြင်း၊ ဆီးချိုရောဂါ၊ ကင်ဆာရောဂါ၊ လေဖြတ်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ အဲဒါကြောင့် ကျန်းမာစေဖို့ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ ဂျုံ၊ အဆီနည်းတဲ့ နို့၊ နိို့ထွက်ပစ္စည်းတွေကို စားသုံးပေးပါ။ ရေများများသောက်ပါ။ စားသောက်ချိန်ကို ပုံမှန်သတ်မှတ်ထားပါ။
ခန္ဓာကိုယ်လှုပ်ရှားမှု မရှိခြင်းကလည်း အသက်တိုရတဲ့ အချက်တစ်ချက်ပါပဲ။ ခန္ဓာကိုယ် လှုပ်ရှားမှုက နှလုံး ကြွက်သားကျန်းမာရေး၊ အသက်ရှူလမ်းကြောင်းစနစ် ကျန်းမာရေး၊ ကြွက်သားသန်မာရေး၊ အစာခြေစနစ်ကောင်းမွန်ရေး နှစ်ခြိုက်စွာ အိပ်ပျော်ရေးတို့ကို ကူညီပေးပြီး စိတ်ကျဝေဒနာကို ကာကွယ်ပေးနိုင်တာမို့ နေ့စဉ် ၂၀-၃၀ မိနစ်ခန့် လမ်းလျှောက်ပေးပါ။ တစ်ပတ်နှစ်ကြိမ်ခန့် ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးပါ။
နေ့စဉ် အိပ်စက်ချိန်နည်းပါးတာကလည်း ဘဝသက်တမ်းကို တိုက်ရိုက်သက်ရောက်မှု ရှိပါတယ်။ နေ့စဉ် ခြောက်နာရီလောက် အနည်းဆုံး အိပ်စက်သူတွေက အိပ်စက်ချိန် ရှစ်နာရီခန့် ရသူတွေထက်ပိုပြီး မကျန်းမာဖြစ်နိုင်ပါတယ်။ အိပ်စက်ချိန်နည်းပါရင် အဝလွန်ခြင်း၊ နှလုံးရောဂါ၊ ဆီးချိုရောဂါတို့ကို ဖြစ်စေပါတယ်။ ဒါကြောင့် ညစဉ် နှစ်ခြိုက်စွာ အိပ်စက်နိုင်ဖို့ ညစာကို ပေါ့ပေါ့ပါးပါးစားပါ။ ရေနွေးနွေးနဲ့ ခြေထောက် ရေဆေးတာဖြစ်စေ၊ ရေချိုးတာဖြစ်စေ လုပ်ပေးပါ။
စိတ်ဖိစီးမှု များတာကလည်း ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေပါတယ်။ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှု နည်းပါးခြင်းက ခန္ဓာကိုယ် ခုခံအားစနစ်ကို ကောင်းမွန်စေပြီး ရောဂါတွေ မဝင်ရောက်အောင်လည်း တားဆီးနိုင်ပါတယ်။ စိတ်ဖိစီးမှု ကင်ဝေးစေဖို့ အတွက် ပုံမှန်အိပ်စက်ပါ။ တရားထိုင်ပါ။
ဆေးလိပ်သောက်ခြင်းကလည်း အသက်တိုစေတဲ့ အချက်မှာပါဝင်ပါတယ်။ စီးကရက်မီးခိုးငွေ့တွေမှာ ဓာတုပစ္စည်း အမျိုးပေါင်း ၁၀၀၀ ကျော် ပါဝင်ပါတယ်။ ဒီဓာတုပစ္စည်းတွေက အဆုတ်ကင်ဆာ၊ နှလုံးရောဂါ၊ အရေပြားဆိုင်ရာ ပြဿနာ၊ နာတာရှည်ရောဂါ၊ ခေါင်းကိုက်ခြင်း၊ သွေးဖိအားများခြင်း၊ စတာတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်ခြင်းကို လျော့ချဖို့ (ဖြစ်နိုင်ရင်ဖြတ်ဖို့) အတွက် တရားထိုင်တာမျိုး ဆေးလိပ် အစားထိုး ပူရှိန်းသုံးတာမျိုး ပြုလုပ်ကြည့်ပါ။
လူတစ်ယောက်ရဲ့ ဘဝနေထိုင်မှုနဲ့ ကျန်းမာရေးကို ထိခိုက်စေမယ့် အဆိုးမြင်အတွေးကိုလည်း မတွေးဖို့ အကြံပြုပါတယ်။ ဘဝမှာ သက်တမ်းရှည်ရှည်နဲ့ ကျန်းမာစွာ ဖြစ်သန်းနေထိုင်ကြပါစေ။
Health Care Journal