ဆေးဝါးများကို ဘေးကင်းစွာအသုံးပြုခြင်း

ဆေးဝါးများကို ဘေးကင်းစွာအသုံးပြုခြင်း
အသက်အရွယ်နုနယ်သော ကလေးငယ်များတွင် တိုက်ကျွေးလေ့ရှိသည့် အစားစားချင်စိတ် ဖြစ်ပေါ်စေသည့် အားဆေးများ၊ ကိုယ်ခန္ဓာကြီးထွား ဖွံ့ဖြိုး စေသည့် ဗီတာမင်အားဆေးများနှင့် အသက်အရွယ်ကြီးရင့်သူများတွင်ဖြစ်သည့် သွေးတိုး၊ ဆီးချို စသည့်ရောဂါများအတွက် သောက်သုံး ကြသည့်ဆေးဝါးများ စသည့်အကြောင်းအမျိုးမျိုး တို့ဖြင့် ဆေးဝါးများ သောက်သုံးနေကြရသည်။
တခါတရံ ဆေးတမျိုးတည်း သောက်နေရခြင်းရှိနိုင်သလို အချို့သော နာတာရှည် ရောဂါများ တွင်မူ ဆေးအမျိုးမျိုးကို ရောစပ်၍ တကြိမ်တည်း သောက်နေရခြင်းမျိုး လည်းရှိသည်။ မည်သည့် ဆေးဝါးပင်မဆို လိုအပ်သော ပမာဏအတိုင်းအတာနှင့် သောက်သုံးလျှင် သင့်တော်နိုင်မည် ဖြစ်သော်လည်း လိုအပ်သော ပမာဏထက် ပို၍/လျော့၍ သောက်သုံးမိလျှင် ဘေးဖြစ် စေနိုင်သည်ကို သတိပြုကြသင့်သည်။
အချို့သော ဆေးဝါးများအနေနှင့် လတ်တလော ခံစားနေရသော ရောဂါ လက္ခဏာများမှ သက်သာစေနိုင်သော်လည်း မလိုအပ်ပဲ ရေရှည်စွဲ၍ သောက်သုံးမိလျှင် (သို့မဟုတ်) အခြားသော ဆေးတမျိုးမျိုးနှင့် တွဲဖက်၍ သောက်သုံးမိလျှင် သွေးကျဲခြင်း၊ အစာအိမ်ရောင်ရမ်းခြင်းနှင့် ကျောက်ကပ်ပျက်စီးခြင်းစသည့်ဖြင့် မလိုလား အပ်သော နောက်ဆက်တွဲ ပြဿနာများ ခံစားလာရနိုင်သည်ကို သိရှိထားသင့်သည်။
ဆေးဝါးများကို ဘေးကင်းစွာ အသုံးပြု နိုင်ကြရန်နှင့် မလိုလားအပ်သော နောက်ဆက်တွဲ ပြဿနာများမှလည်း ရှောင်ကျဉ်နိုင်ကြရန်အတွက် အောက်ဖော်ပြပါ အကြံပြုချက်များကို ဂရုပြု လိုက်နာကြသင့်သည်။

(၁) မိမိစွဲသောက်နေရသော ဆေးဝါးများနှင့် လတ်တလော သောက်နေသည့် ဆေးဝါးများ (မြန်မာဆေး၊ အင်္ဂလိပ်ဆေး)ကို စာရွက်တခုတွင် ရေးမှတ်ထားခြင်း (သို့မဟုတ်) နည်းတမျိုးမျိုးဖြင့် မှတ်သားထားပြီး ဆေးရုံ၊ ဆေးခန်းသွားတိုင်း စွဲသောက်နေကြောင်း ပြောပါ။ သို့မှသာ ကုသမှု ပေးသည့် ဆရာဝန်အနေနှင့် လတ်တလော ရောဂါအခြေအနေနှင့် ပတ်သတ်၍ ပေးရမည့်ဆေးဖြင့် တည့်/မတည့် စဉ်းစားပြီး သင့်တော်သလို ကုသမှု ပေးနိုင်မည်ဖြစ်သည်။
(၂) တနေ့လျှင်သောက်ရမည့် အကြိမ်အရေအတွက်နှင့် အစာစားပြီးမှသောက်ရန်/ အစာမစားမီ သောက်ရန်၊ မနက်စောစောသောက်ရန် / ညအိပ်ယာဝင်ခါနီးမှသောက်ရန် စသည့် ဆရာဝန် ညွှန်ကြားချက်များကို တိကျစွာလိုက်နာပါ။ မရှင်းလင်းလျှင်လည်း ကုသမှု ပေးသည့်ဆရာဝန်ကို သေသေချာချာ ပြန်မေးပါ။
(၃) နေ့စဉ်သောက်ရမည့် ဆေးများကို အမည်နှင့် အရေအတွက် သေသေချာချာ မှတ်သားထားပါ။ မေ့လျော့ပြီး မသောက်ပဲနေမိခြင်း၊ ပို၍သောက်မိခြင်း မရှိအောင် ဂရုစိုက်ပါ။
(၄) မလိုအပ်ပဲ မှား၍ သောက်မိခြင်းမျိုး မရှိစေရန်အတွက် ဆေးအမျိုးအမည်နှင့် သောက်ရမည့် အကြိမ်ကို ဆေးဘူး/ဆေးကတ်များတွင် ရေးမှတ်ထားသင့်သည်။ ဥပမာ – သွေးကျဆေး (မနက် စောစော တကြိမ်)။
(၅) ဆေးအရည်များကို ဆေးဘူးခွဲ၍ထည့်ထားခြင်းမျိုး ရှောင်ကျဉ်သင့်ပါ။ အထူးသဖြင့် ဘူးကြီးများ ထဲမှ လိမ်းဆေး/လူးဆေးများကို သောက်ဆေးဘူး ခပ်သေးသေးထဲ ခွဲ၍ ထည့်ထားခြင်းမျိုးကို အထူးရှောင်ကျဉ်ပါ။ သောက်မိလျှင် အသက် အန္တရာယ်အထိ ရှိစေနိုင်သည်။
(၆) လူးဆေးနှင့် သောက်ဆေးအရည်ဘူးများကို တွဲ၍ထားခြင်းမျိုး အထူးရှောင်ကျဉ်ပါ။ ဥပမာ – အရက်ပြန်၊ အယားပျောက်လူးဆေးဘူးများကို သောက်ဆေးများနှင့် တွဲ၍ ထားခြင်းမျိုး ရှောင်ကျဉ်ပါ။
(၇) ကလေးငယ်များအနေနှင့် လက်လှမ်းမီရာ ပစ္စည်းများကို ပါးစပ်အတွင်း ထည့်တတ်သည့် အတွက် မည်သည့်သောက်ဆေး၊ လူးဆေးမျိုးကိုမဆို ကလေးငယ်များ လက်လှမ်းမမီနိုင်သော နေရာတွင်သာ ထားပါ။
(၈) အသက်အရွယ်ကြီးရင့်သူများအနေနှင့် အမြင်မှုန်ဝါးကာ ဆေးမှားသောက်ခြင်းမျိုး ဖြစ်နိုင်သည့် အတွက် ပုံစံဆင်တူသော ဆေးဝါးများ တွဲ၍ထားခြင်းမျိုး ဂရုပြုပါ။ လိုအပ်လျှင် အခြားအသက် ငယ်ရွယ်သူများ/မိသားစုဝင်များကို အကူအညီတောင်းပါ။
(၉) မည်သည့်ဆေးဝါးမဆို ရေတို/ရေရှည် ဘေးထွက်ဆိုးကျိုးများ ရှိနိုင်သည်ကို အမြဲ သတိပြုပါ။ မိမိအသုံးပြုသော ဆေးဝါး၏ ဖြစ်လာနိုင်သော ဘေးထွက်ဆိုးကျိုးများနှင့် မည်သို့သော အခြေအနေ မျိုးတွင် ကုသမှုကို ရပ်ဆိုင်းသင့်ကြောင်းကို ကုသမှုပေးသည့် ဆရာဝန်အား အမြဲမေးမြန်းပါ။ သံသယဖြစ်ဖွယ် လက္ခဏာတခုခု ဖြစ်ပေါ်လာပါက ကုသမှုပေးသည့် ဆရာဝန်ထံ အမြန်ဆုံး ဆက်သွယ်ပါ။
(၁၀) မိမိအသုံးပြုသော ဆေးဝါးများတွင် ပါရှိသည့် ရက်လွန်ရက်စွဲကို အမြဲ ဂရုပြု စစ်ဆေးပြီးမှ ဆေးဝါးများဝယ်ယူပါ။ အများနှင့်ရောင်းချနေသည့် ဆေးဆိုင်များ ဖြစ်သည့်အလျောက် အမှား ဖြစ်နိုင်ကြောင်း အမြဲ သတိပြုပါ။
(၁၁) မိမိရောဂါနှင့်ပတ်သတ်၍ နားလည်တတ်ကျွမ်းခြင်းမရှိသော ဆရာဝန် မဟုတ်သည့် မိသားစု ဝင်များနှင့် အသိမိတ်ဆွေများမှ အလွယ်တကူ ညွှန်းတတ်သည့် ဆေးဝါးများကို အသုံးပြုခြင်းမျိုး ရှောင်ကျဉ်ပါ။
(၁၂) လူမှုကွန်ယက်များတွင် သူသူငါငါ ဖြန့်ဝေနေတတ်သည့် အာမခံချက်မရှိသည့် ဆေးဝါးများ၊ ဆေးနည်းများကို အလွယ်တကူ အသုံးပြုခြင်းမျိုး အထူးဂရုပြု ရှောင်ကျဉ်သင့်သလို မိမိ အနေနှင့်လည်း ပြန်လည်ဖြန့်ဝေ ပေးခြင်းမျိုး ရှောင်ပါ။
(၁၃) မိမိအနေနှင့်လည်း လက်ရှိခံစားနေရသော လက္ခဏာသည် ယခင်အချိန်များက ခံစားခဲ့ဖူးသော လက္ခဏာနှင့် ဆင်တူသည့်ဆိုရုံဖြင့် ယခင်အသုံးပြုခဲ့သည့် ဆေးဝါးများ ကိုပင် မိမိသဘောဖြင့် မိမိ သင့်တော်သည့်ဟု ယူဆပြီး ဆရာဝန်ညွှန်ကြားခြင်းမရှိပဲ ထပ်မံအသုံးပြုခြင်းမျိုး ရှောင်ကျဉ်ပါ။
မည်သည့်အကြောင်းကြောင်းကြောင့် ဆေးဝါးများ သောက်သုံးနေရသည်ဖြစ်စေ မိမိ အသုံးပြုသော ဆေးဝါးများကြောင့် လတ်တလောဖြစ်ပွားနိုင်သည့် ပြဿနာများနှင့် ရေရှည်စွဲ၍ သောက်လျှင် ဖြစ်ပေါ်လာနိုင်သည့် မလိုလားအပ်သော နောက်ဆက်တွဲ ပြဿနာများ မခံစားရရန် အလွန်ပင် အရေးကြီးလှသည်။ သို့ဖြစ်၍ မည်သည့်ဆေးဝါးမျိုးကိုမဆို မိမိသဘောဖြင့်မိမိ မသောက်သုံးသင့်ပဲ နားလည်တတ်ကျွမ်းသော ဆရာဝန်နှင့် တိုင်ပင်ပြီးမှ သောက်သုံးကြရန်အတွက် အကြံပြု ပြောကြားလိုပါသည်။

Dr. Tint Tal

ဆက်စပ် ဆောင်းပါးများ