အခုချက်ချင်း လိမ္မော်သီး စားချင်စိတ်ဖြစ်သွားစေမယ့် အချက် ၇ ချက်

အခုချက်ချင်း လိမ္မော်သီး စားချင်စိတ်ဖြစ်သွားစေမယ့် အချက် ၇ ချက်

လိမ္မော်သီးဟာ လူကြိုက်များသော အသီးအနှံတွေထဲက တမျိုးဖြစ်ပါတယ်။ဈေးလည်းသိပ်မကြီးသလို ဝယ်ရလည်းလွယ်ပါတယ်။ရာသီမရွေးလည်း ဝယ်လို့ရပါတယ်။

လိမ္မော်သီးဟာ အခွံခွာရလွယ်ပြီး စားရလွယ်ပါတယ်။

လိမ္မော်သီးအခွံကို ဓါးမလိုဘဲ လက်နဲ့အလွယ်တကူခွာလို့ရပါတယ်။အခွံခွာလိုက်ရင် အထဲမှာ အမြှောင်းလိုက်အမြှောင်းလိုက်အမွှာလေးတွေတွေ့ရပါမယ်။

လိမ္မော်သီးရဲ့ အရသာက ချဉ်၊ချို အရသာဖြစ်ကာ ခံတွင်းရှင်းပြီးစားကောင်းတဲ့အတွက် လူကြီးလူငယ်မရွေး လိမ္မော်သီးကို နှစ်ခြိုက်စွာ စားသုံးကြပါတယ်။

လိမ္မော်သီးကို အင်္ဂလိပ်လို Tangerine လို့ခေါ်ပါတယ်။

လိမ္မော်သီးမှာ ဗီတာမင် စီကြွယ်ဝစွာပါရှိပြီး ဗီတာမင်အေ၊ဗီတာမင်ဘီ၊ကာဘိုဟိုက်ဒရိတ်၊ပိုတက်ဆီယမ်၊မဂ္ဂနီဆီယမ်၊စီလီနီယံ၊ကော့ပါး၊ဇင့်၊ကိုလင်း၊ဖော့စဖောရပ်စ်၊ဖောလိတ်၊အမျှင်ဓါတ် စတဲ့ အကျိုးပြုဓါတ်တွေလည်းပါဝင်ပါတယ်။

ဒီလိုအကျိုးပြုဓါတ်တွေပါတဲ့ လိမ္မော်သီးကို စားခြင်းဖြင့် ကျန်းမာရေးကောင်းကျိုး ၇ ချက် ကိုရရှိနိုင်ပါတယ်။

အဲ့ဒါတွေကတော့

၁။ဦးနှောက်လုပ်ဆောင်နိုင်စွမ်းကို ကောင်းမွန်စေခြင်း

လိမ္မော်သီးမှာ ပါတဲ့ ပိုတက်ဆီယမ်၊ဖောလိတ် နဲ့ တခြားဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက ဦးနှောက်နဲ့အာရုံကြောတွေအတွက် အထောက်အကူဖြစ်စေနိုင်ကြောင်း သုတေသနတွေအရ သိရပါတယ်။

လိမ္မော်သီးပုံမှန်စားခြင်းဖြင့် အယ်လ်ဇိုင်းမားရောဂါ၊မှတ်ဉာဏ်ကျဆင်းမှုရောဂါ၊သတိမေ့ရောဂါ တွေဖြစ်ပွားနိုင်ခြေကို လျော့နည်းစေနိုင်ပြီး ဦးနှောက်မှတ်ဉာဏ်အားနဲ့စွမ်းဆောင်ရည်ကို ကောင်းလာစေနိုင်ပါတယ်။

၂။နှလုံးကျန်းမာရေးကိုအထောက်အကူပြုခြင်း

လိမ္မော်သီးမှာပါတဲ့ အမျှင်ဓါတ်၊ပိုတက်ဆီယမ်၊ဗီတာမင်စီ နဲ့ ဗီတာမင်ဘီဆစ်တို့က နှလုံးကျန်းမာရေးကို များစွာအထောက်အကူပြုပါတယ်။သွေးတွင်း မကောင်းတဲ့ ကိုလက်စထေရောဓါတ်ကိုလည်းကျစေနိုင်ပါတယ်။

လိမ္မော်သီးစားခြင်းဖြင့် သွေးဖိအားကိုကျဆင်းစေနိုင်ပြီး နှလုံးသွေးကြောကျဉ်းရောဂါဖြစ်ပွားနိုင်ခြေကိုလည်း လျော့ကျစေနိုင်ပါတယ်။

၃။ဆီးနဲ့ကျောက်ကပ်ကိုအထောက်အကူပြုခြင်း

လိမ္မော်သီးပုံမှန်စားပေးတာ၊လိမ္မော်ရည်ပုံမှန်သောက်ပေးတာတွေလုပ်ခြင်းဖြင့် ဆီးလမ်းကြောင်းကို အားဖြည့်ပေးနိုင်ပြီးဆီးပိုးဝင်ခြင်းမှကာကွယ်ပေးနိုင်သလို ကျောက်ကပ်မှာကျောက်တည်ခြင်း ဖြစ်နိုင်ခြေကိုလည်းလျော့နည်းစေနိုင်ပါတယ်။

၄။ရောဂါပိုးတွေဝင်ရောက်ကူးစက်ခံရနိုင်ခြေကိုလျော့ကျစေခြင်း

လိမ္မော်သီးမှာဗီတာမင်စီကြွယ်ဝစွာပါရှိတဲ့အတွက် ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစွမ်းရည်ကို မြင့်တက်ကောင်းမွန်စေနိုင်ပြီး ပြင်ပမှရောဂါပိုးတွေအလွယ်တကူ ဝင်ရောက်မလာနိုင်အောင် ကာကွယ်ပေးနိုင်ပါတယ်။

၅။ကင်ဆာရောဂါဖြစ်ပွားနိုင်ခြေကို လျော့ကျစေနိုင်ခြင်း

လိမ္မော်သီးမှာ Phytochemicals တွေ၊ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ များစွာပါဝင်တာကြောင့် ခန္ဓာကိုယ်ကို ထိခိုက်စေကာ ကင်ဆာဖြစ်စေနိုင်တဲ့ Free radicals တွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။

၆။အရေပြားနဲ့ဆံပင်ကျန်းမာရေးကိုအထောက်အကူပြုခြင်း

လိမ္မော်သီးမှာကြွယ်ဝစွာပါတဲ့ ဗီတာမင်စီဓါတ်က ခုခံအားကိုပဲကောင်းစေတာမဟုတ်ပါ။အရေပြားနဲ့ဆံပင်အတွက် အရေးကြီးတဲ့ပရိုတင်းတမျိုးဖြစ်သော ကော်လာဂျင်ပရိုတင်းထုတ်လုပ်မှုကိုပါ အထောက်အကူပေးပါတယ်။

ဒါ့အပြင် ဗီတာမင်အေဓါတ်ကလည်း ဆံပင်တွေသန်စွမ်းဖို့၊ဆံသားခြောက်သွေ့တာတွေမဖြစ်စေဖို့ ကူညီပေးနိုင်ပါတယ်။

၇။အစာအိမ်နဲ့အူလမ်းကြောင်းကျန်းမာရေးအတွက်အထောက်အကူပြုခြင်း

လိမ္မော်သီးမှာ အမျှင်ဓါတ်များစွာပါတဲ့အတွက် အစာအိမ်နဲ့အူလမ်းကြောင်းကို ကျန်းမာစေကာ ဝမ်းမှန်စေပြီး ဝမ်းချုပ်ခြင်းမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။အူမကြီးကင်ဆာဖြစ်ပွားနိုင်ခြေကိုလည်း လျော့နည်းစေပါတယ်။

ဒါတွေကတော့ လိမ္မော်သီးစားခြင်းဖြင့်ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူး ၇ ချက်ဖြစ်ပါတယ်။

လိမ္မော်သီးဟာ လူအတော်များများနဲ့တည့်ပေမယ့် ကျောက်ကပ်မကောင်းတဲ့သူတွေဆိုရင်တော့ လိမ္မော်သီးမစားသုံးသင့်ပါဘူး။

ဘာလို့လဲဆိုတော့ လိမ္မော်သီးမှာ ပိုတက်ဆီယမ်ဓါတ်များပြားစွာပါရှိပြီး ကျောက်ကပ်မကောင်းတဲ့အခါ ထိုပိုတက်ဆီယမ်ဓါတ်ကို ဖယ်မထုတ်နိုင်တဲ့အတွက် ကိုယ်ခန္ဓာထဲ ပိုတက်ဆီယမ်ဓါတ်တွေတအားများလာပြီး ဆိုးကျိုးဖြစ်စေနိုင်လို့ပါ။

Dr သီတာနွယ်(အမရပူရ)