စက်ဘီးနင်းခြင်းကြောင့် ရရှိလာနိုင်သော ကျန်းမာရေးကောင်းကျိုးများ

စက်ဘီးနင်းခြင်းကြောင့် ရရှိလာနိုင်သော ကျန်းမာရေးကောင်းကျိုးများ

ခန္ဓာကိုယ်အနေတော်ဖြစ်ပြီး ကျန်းမာနေဖို့ဆိုရင် ကိုယ်လက်လှုပ်ရှားမှု ရှိဖို့လိုပါတယ်။

ပုံမှန်ကိုယ်လက်လှုပ်ရှားမှုလုပ်တာ ပုံမှန်လေ့ကျင့်ခန်းတခုခုလုပ်တာ မရှိပါက ခုခေတ်မှာ အဖြစ်များလာတဲ့ ကူးစက်နိုင်သောရောဂါတွေမဟုတ်တဲ့ အဝလွန်တာ၊ နှလုံး၊ သွေးတိုး၊ ဆီးချို၊ ကင်ဆာရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါတွေ မိမိကိုယ်မှာ စွဲကပ်လာနိုင်ပါတယ်။

စက်ဘီးနင်းတာ၊ လမ်းလျှောက်တာ၊ ပြေးတာ၊ အေရိုးဗစ်ကစားတာ၊ Gym ဆော့တာ၊ ယောဂကျင့်တာ စသဖြင့် ကိုယ်လက်လှုပ်ရှားမှုတွေ အမျိုးမျိုးရှိတဲ့ထဲက စက်ဘီးနင်းတဲ့ ကိုယ်လက်လှုပ်ရှားမှုဟာ
လူအတော်များများအတွက် အသင့်တော်ဆုံး ကိုယ်လက်လှုပ်ရှားမှု ဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ စက်ဘီးနင်းတာဟာ Gym ဆော့တာ၊ ယောဂကျင့်တာ၊ အေရိုးဗစ်ကစားတာ တို့လို နည်းစနစ်တွေ၊ အကွက်တွေ များစွာ တတ်ကျွမ်းဖို့ မှတ်သားနေဖို့ မလိုဘဲ စက်ဘီးနင်းတတ်ရုံနဲ့တင် ရပါတယ်။

စက်ဘီးနင်းတတ်အောင် သင်ဖို့ဆိုတာကလည်း မခက်ပါဘူး။

အေရိုးဗစ်ကစားတာ၊ ယောဂကျင့်တာတွေ၊ Gym ဆော့တာတွေက မလုပ်တာကြာရင် အကွက်တွေ၊ နည်းစနစ်တွေမေ့သွားနိုင်ပေမယ့် စက်ဘီးနင်းတာကတော့ တခါတတ်မြှောက်ပြီးသွားရင် တသက်လုံး မေ့မသွားနိုင်ပါ။ အချိန်ကုန်ငွေကုန်လည်း သက်သာစေပါတယ်။

နေ့စဉ်အလုပ်သွားနေတဲ့အခါ ဟိုနားဒီနားဝယ်စရာရှိလို့သွားတဲ့အခါ ဘတ်စ်ကား၊ ဆိုင်ကယ်တွေနဲ့သွားမယ့်အစား စက်ဘီးလေးနင်းသွားလိုက်ရင် ကိုယ်လက်လှုပ်ရှားဖို့အတွက် သပ်သပ် အချိန်ပေးစရာမလိုတဲ့အတွက် အချိန်ကုန်လည်းသက်သာသလို ဆီဖိုး၊ ကားခဖိုးလည်း မကုန်တဲ့အတွက် ငွေကုန်လည်းသက်သာပါတယ်။

ပတ်ဝန်းကျင်နဲ့ ကမ္ဘာကြီးအတွက်လည်း တဖက်တလမ်းကနေ အထောက်အကူဖြစ်ပါတယ်။

ကလေးငယ်လေးတွေကနေ အသက်ကြီးတဲ့သူတွေအထိ လုပ်နိုင်တဲ့ ကိုယ်လက်လှုပ်ရှားမှုနည်းလမ်းတခုဖြစ်ပြီး တခြားကိုယ်လက်လှုပ်ရှားမှုတွေနဲ့စာရင် ခန္ဓာကိုယ်မှာ ဒဏ်ဖြစ်တာနည်းပါတယ်။

လေ့လာမှုတွေအရ

လမ်းလျှောက်တာအပါအဝင် ပြေးတာ၊ Gym ဆော့တာတွေ လုပ်တဲ့အခါ မိမိခန္ဓာကိုယ်အလေးချိန်များရင်များသလို အဆစ်အမြစ်တွေ(အထူးသဖြင့်ခြေထောက်အဆစ်တွေ)ပေါ် သက်ရောက်မှုများပြီး အဆစ်အမြစ်နာကျင် ရောင်ရမ်းတာ၊ ကိုက်ခဲတာတွေ ခံစားရနိုင်ပါတယ်။

စက်ဘီးနင်းတာကတော့ အဆစ်အမြစ်တွေပေါ် (အထူးသဖြင့် ခြေထောက်အဆစ်တွေ)ပေါ်ကို ခန္ဓာကိုယ်အလေးချိန်က အနည်းငယ်လောက်သာ သက်ရောက်တဲ့အတွက် တခြားကိုယ်လက်လေ့ကျင့်ခန်းတွေထက်စာရင် ဒဏ်ဖြစ်နိုင်ခြေနည်းပါတယ်။

စက်ဘီးနင်းခြင်းဖြင့်ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ ခန္ဓာကိုယ်ရှိ ကယ်လိုရီပမာဏများများကို လောင်ကျွမ်းစေနိုင်ခြင်း

စက်ဘီးနင်းတာဟာ တခြားလေ့ကျင့်ခန်းတွေထက်စာရင် ဒဏ်ဖြစ်နိုင်ခြေနည်းတယ်ဆိုပေမယ့် ကယ်လိုရီပမာဏလောင်ကျွမ်းနိုင်မှုကျ တခြားလေ့ကျင့်ခန်းတွေထက် ပိုများပါတယ်။

ပုံမှန်အရှိန်နဲ့ နင်းမယ်ဆိုရင် နာရီဝက်လောက်နဲ့ ခန္ဓာကိုယ်ရှိ ကယ်လိုရီ ၂၆၀ ပမာဏလောက်ကို လောင်ကျွမ်းစေနိုင်ပါတယ်။

အားစိုက်နင်းမယ်ဆိုရင် ဒီထက်ပိုများတဲ့ ကယ်လိုရီပမာဏကို ပိုလောင်ကျွမ်းစေနိုင်ပါတယ်။

၂။ နှလုံးကျန်းမာရေးကို ကောင်းစေခြင်း

စက်ဘီးနင်းခြင်းဖြင့် ကိုယ်ခန္ဓာရှိ မကောင်းတဲ့အဆီဓါတ်ကို လျော့ကျစေပြီး ကောင်းတဲ့အဆီဓါတ်ပမာဏကို တိုးမြင့်လာစေနိုင်တာကြောင့် သွေးကြောကျဉ်းတာတွေ ဖြစ်နိုင်ခြေနည်းလာကာ နှလုံးကျန်းမာရေးကို ကောင်းစေပါတယ်။

ဒါ့အပြင် သုတေသနတွေအရ စက်ဘီနင်းတာဟာ နှလုံးရဲ့ သွေးညှစ်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်ကြောင်း သိရပါတယ်။

၃။ တင်ပါး၊ ပေါင်၊ ခြေသလုံးကြွက်သားများ ကျစ်လျစ်တောင့်တင်းသန်မာစေခြင်း

စက်ဘီးနင်းခြင်းဖြင့် တင်ပါး၊ ပေါင်၊ ခြေသလုံးကြွက်သားတွေကို ကျစ်လျစ်တောင့်တင်းလာစေနိုင်ပြီး ခန္ဓာကိုယ်အောက်ပိုင်းကို သန်မာအခြေခိုင်စေနိုင်ပါတယ်။

Gym ဆော့ရာမှာ အောက်ပိုင်းထိုင်တဲ့ လေ့ကျင့်ခန်းမလုပ်ချင်သူများအနေနဲ့ စက်ဘီးနင်းနိုင်ပါတယ်။

၄။ နှစ်ခြိုက်စွာ အိပ်မောကျစေနိုင်ခြင်း

စတန်းဖို့ဒ် ယူနီဗာစတီက လေ့လာချက်တခုအရ စက်ဘီးနင်းခြင်းဖြင့် ခန္ဓာကိုယ်ရှိ ဟော်မုန်းတွေ ထွက်တဲ့ပမာဏနဲ့ ထွက်တဲ့အချိန်တွေကို ညီညွတ်မျှတစေရန် အထောက်အကူပေးနိုင်တာကြောင့် ညအိပ်ရာဝင်တဲ့အခါ မျက်စိကြောင်နေတာ အိပ်မရတာမျိုးတွေမဖြစ်စေဘဲ နှစ်ခြိက်စွာ အိပ်ပျော်စေနိုင်ကြောင်း သိရပါတယ်။

၅။ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်ခြင်း

စက်ဘီးနင်းခြင်းဟာ ကိုယ်ခန္ဓာရှိသွေးလေ လှည့်ပတ်မှုကို ကောင်းစေနိုင်ပြီး သွေးဖြူဥတွေကို သွားလှုံ့ဆော်ပေးနိုင်ပါတယ်။

အဲ့အခါမှာ ကိုယ်ခံအားစနစ်စွမ်းရည်က မြှင့်တက်လာကာ အလွယ်တကူ ဖျားနာခြင်း၊ အအေးမိခြင်းတွေမှ ကာကွယ်ပေးနိုင်ပါတယ်။

ဒါကတော့ စက်ဘီးနင်းမှမဟုတ်ပါဘူး။ တခြားကိုယ်လက်လှုပ်ရှားမှုတွေလုပ်ရင်လည်း ရနိုင်ပါတယ်။

၆။ စိတ်ဖိစီးမှုနဲ့ စိတ်ဓါတ်ကျမှုတွေကို လျော့ပါးသက်သာစေခြင်း

ကိုယ်လက်လှုပ်ရှားမှုတွေလုပ်တာဟာ Adrenaline နဲ့ Endorphin ဟော်မုန်းတွေ ထွက်လာအောင် အထောက်အကူပေးနိုင်ပြီး စိတ်ဖိစီးမှုတွေ စိတ်ဓါတ်ကျမှုတွေကို လျော့ပါးသက်သာစေနိုင်ပါတယ်။

ဒါ့အပြင် စက်ဘီးနင်းတာဟာ တခြားလေ့ကျင့်ခန်းတွေလို နေရာကျဉ်းမှာ လုပ်ရတာမဟုတ်ဘဲ မြို့ပြင်ထွက်နင်းတာ၊ တောင်တက် တောင်ဆင်းနင်းတာတွေ လုပ်နိုင်တာကြောင့် ရှုခင်းတွေ၊ လတ်ဆတ်တဲ့လေတွေကို ခံစားနိုင်ပြီး စိတ်ကိုပိုပျော်ရွှင်စေနိုင်ပါတယ်။

အဖွဲ့လိုက်ဆိုရင် ပျော်ပွဲစားထွက်သလိုကို ပျော်စရာကောင်းပါတယ်။

Dr 528

ဆက်စပ် ဆောင်းပါးများ