မေးခိုင်ကာကွယ်ဆေးမထိုးရင် ဘာဖြစ်မလဲ

မေးခိုင်ကာကွယ်ဆေးမထိုးရင်ဘာဖြစ်မလဲ

ကလေးဖြစ်သူမှာ ဆေးထိုးရမည်ဆိုသည်နှင့် ငိုမဲ့မဲ့ဖြစ်လာသည်။ မအေဖြစ်သူကလည်း ကိုယ့်သားကို အတော်ချစ်သည်ထင့်. .

‘ဆရာရယ် အနာကဆေးထည့်ပြီး ဆေးသောက်လိုက်လို့မရဘူးလားဟင်’

မောင်ဒေါက်တာလည်း သက်ပြင်းတချက်ချလိုက်ရင်း…

‘အနာကတော့ ရပါတယ်။ ချုပ်ရအောင်လည်း မဆိုးဘူး။ သွေးလည်းတိတ်နေပြီ။ ဆေးသေချာထည့်လိုက်ရင် ကျက်ပါတယ်။ သောက်ဆေးကတော့ အနာသက်သာတဲ့ဆေးနဲ့ ပိုးသတ်ဆေးလေး ပေးလိုက်မယ်။ အဲဒါဆို ရတယ်’

‘သြော် တော်သေးတာပေါ့ ဆရာရယ်၊ အဲဒါဆို ဆေးထိုးစရာမလိုတော့ဘူးပေါ့နော်’

‘ဟင့်အင်း မဟုတ်ဘူး။ မေးခိုင်ကာကွယ်ဆေးကတော့ ထိုးရမယ်’

‘အာ အဟင့် ဟီး…’

ကလေးမှာ ဆေးထိုးရမည်ဟု ထပ်ပြောလိုက်သည်နှင့် ဟီး ချကာ ငိုလေတော့သည်။ ကလေးကလည်း ကလေးဟုသာ ပြောရသည် အသက် ၁၂ နှစ်။ ဆယ်ကျော်သက် ယောကျ်ားလေးဖြစ်နေပြီ။ သို့သော် တုန်နေအောင် ချစ်ဟန်တူသော အမေဖြစ်သူကတော့ သူ့သားကို ကြည့်လိုက်၊ မောင်ဒေါက်တာ့ကို ကြည့်လိုက်နှင့် မျက်စိမျက်နှာတွေ ပျက်နေရှာသည်။ မောင်ဒေါက်တာလည်း သည်အတိုင်းထားလို့မဖြစ်တော့မှန်း သိသွားကာ အခြေအနေကို အမေဖြစ်သူနားလ၏်အောင် သေချာရှင်းပြရသည်။

‘ဒီမယ် အစ်မကြီး၊ ကျွန်တော်က တော်ရုံတန်ရုံဆေးထိုးလေ့ရှိတဲ့ ဆရာဝန်မဟုတ်ဘူးဆိုတာ သည်အနီးအနားက လူတွေကို မေးကြည့်ရင်သိမှာပါ။ ကလေးဆို ပိုတောင်မထိုးသေးပါဘူး။ အခုက မထိုးမဖြစ်မို့လို့ပါ။ မေးခိုင်ရောဂါဆိုတာ ဘယ်လောက်အန္တရာယ်ကြီးတယ်ဆိုတာ အစ်မကြီး သိလား’

အမေဖြစ်သူမှာ သားကို ချော့မော့နေရင်း မောင်ဒေါက်တာ့ကို ခေါင်းခါပြသည်။

‘ကောင်းပြီ၊ ကျွန်တော် အရှင်းဆုံးတစ်ခွန်းပဲ ပြောမယ်၊ မေးခိုင်ဆိုတာ ချက်ချင်းလက်ငင်း သေစေနိုင်တဲ့ ရောဂါတစ်ခုပဲ’

အမေရော သားရော ခေါင်းထောင်ကြည့်ကြသည်။ မောင်ဒေါက်တာမှာ ချောက်လိုက်ချော့လိုက် ပြောရမည် ဖြစ်သဖြင့် အရင်ဆုံး ချောက်ကြည့်လိုက်ခြင်းဖြစ်သည်။ နည်းနည်း နားဝင်ကြမ်းသော်လည်းအောင်မြင်သည် ဆိုရမည်။ ပြီးမှ ပြန်ချော့ရမည်။

‘တကယ်တော့ မေးခိုင်ရောဂါဆိုတာ သူ့နာမည်အတိုင်းပဲ မေးရိုးတွေခိုင်လာတာ၊ သွားတွေစိပြီး ပါးစပ်ဖွင့်လို့မရဘူး၊ ကျောကုန်းကြီးကကော့ပြီး တောင့်သွားတယ်၊ အသံနည်းနည်းကြားတာနဲ့ လူက အကြောဆွဲသလို ဖြစ်ပြီး ရုန်းလာတတ်တယ်။ နောက်ဆုံး အသက်ရှူတဲ့ ကြွက်သားတွေပါတောင့်ပြီး အလုပ်မလုပ်တော့တဲ့အခါ အသက်အန္တရာယ်ရှိလာပြီ်’

အမေရော သားရော မျက်လုံးအဝိုင်းသားလေးနှင့် နားထောင်နေသည်။

‘ကျွန်တော် အပိုဆာဒါးတွေ ချဲ့ပြောနေတာ မဟုတ်ပါဘူး။ တကယ်ပဲ အရေးပေါ်ကြပ်မတ်ခန်းထဲမှာ အဲသည်လိုဖြစ်နေတဲ့ လူနာတွေ တွေ့ဖူးလို့ပါ။ ကံကောင်းတာကတော့ သည်လောက်ဆိုးဝါးတဲ့ မေးခိုင်ရောဂါကို ကာကွယ်ဆေးတစ်ခုတည်းနဲ့ ကြိုတင်ကာကွယ်လို့ ရနေပြီ ဆိုတာပဲ။ လွယ်လွယ်ကူကူ ဆေးလေးတစ်လုံးအထိုးခံလိုက်ရုံနှင့် အဲသည်ဘေးဆိုကြီးတွေကို ရှောင်ရှားနိုင်ပြီလေ၊ ကဲ အစ်မကြီးတို့ရော ဘယ်လိုလုပ်မှာလဲ’

‘ငယ်ငယ်တုန်းကတော့ သားကို အစ်မတို့ ကာကွယ်ဆေးအကုန်ထိုးပေးပြီးသားပါ။ အဲဒီမှာရော မေးခိုင်ကာကွယ်ဆေး ပါပြီးသား မဟုတ်ဘူးလား ဆရာ’

‘မှန်ပါတယ်။ ကျွန်တော်အားလုံး ငယ်ငယ်တုန်းက ကာကွယ်ဆေးတွေပြည့်စုံအောင် ထိုးဖူးရင် မေးခိုင်ကာကွယ်ဆေးက ပါပြီးသားပါ။ ဒါပေမယ့် အသည်းရောင်အသားဝါဘီတို့၊ တီဘီတို့လိုပါပဲ။ မေးခိုင်ကာကွယ်ဆေးက တစ်သက်လုံး အာနိသင်အပြည့်ရှိမနေနိုင်ပါဘူး။ ဒါကြောင့်မို့ ထပ်ဆောင်းကာကွယ်ဆေးထိုးခြင်း (booster dose) ဆိုတာ ပေါ်လာရတာပါ။ အခု မေးခိုင်အတွက်ဆို ကျွန်တော်တို့ဆီမှာ သုံးကြိမ်ပဲ ထိုးပေမယ့် တစ်ချို့နိုင်ငံတွေမှာ ငါးကြိမ်အထိ ထိုးပါတယ်။ ဒါပေမယ့် နောက်ဆုံးထိုးခဲ့တဲ့အကြိမ်နဲ့ ဆယ်နှစ်ကျော်ကွာသွားပြီဆိုရင် ကာကွယ်ဆေး အာနိသင်က စိတ်မချရတော့ပါဘူး။ ဒါဆို လိုရင် ထပ်ထိုးရပါတယ်’

‘အင်း သားက အသက် တစ်နှစ်တုန်းကပဲ ထိုးထားဖူးတာ ဆိုတော့ အခုဆို ဆယ်နှစ်ကျော်ကြာနေပြီ’

‘ဟုတ်တယ်လေ၊ ကျွန်တော် ပြောချင်တာက အဲဒါပါပဲ။ အခုလို လူကြီးဖြစ်လာတဲ့အခါမှာ ထိခိုက်ဒဏ်ရာရရင် ကျွန်တော်တို့က အနာရဲ့အနက်၊ ထိခိုက်မိတဲ့ အရာဝတ္ထု နဲ့ အနာမှာပိုးမွှားဝင်ရောက်နိုင်မှုတွေကို တွက်ဆပြီး မေးခိုင်ရောဂါဝင်နိုင်တဲ့လူတွေတိုင်းကို ကာကွယ်ဆေးချက်ချင်းထိုးခိုင်းပါတယ်။ ဒါမှသာ အလွယ်တကူကာကွယ်နိုင်ရဲ့သားနဲ့ အသက်ဆုံးရှုံးရတဲ့အထိ အဖြစ်ဆိုးတွေ မကြုံစေချင်လို့ပါ’

‘ဟုတ်ပါပြီဆရာရယ်၊ ကဲ သား ဆရာပြောတာကြားတယ်နော်၊ ဆေးလေးတစ်လုံးထိုးလိုက်၊ ဘာမှ မနာဘူး၊ ပုရွက်ဆိတ်ကိုက်သလောက်ပဲ၊ ဟုတ်ပြီနော်။ ယောကျ်ားပဲ တောင့်ခံလိုက်၊ မငိုနဲ့နော်။ ပြီးရင် သား ကြေးအိုးစားချင်နေတာ မဟုတ်လား။ သွား စားကြမယ်နော်’

နောက်ဆုံးတော့ အမေဖြစ်သူ လက်ခံသွားပါပြီ။ သို့တိုင်အောင် လူပျိုပေါက်အရွယ်လောက် ရောက်နေပြီ ဖြစ်သော သားဖြစ်သူကို ပေါက်စနအရွယ်လေးလို ချော့မော့နေသေးသည်။ မောင်ဒေါက်တာ ဆေးထိုးရန် အသင့်ပြင်လိုက်စဉ်တွင်ပင်… .

‘ဟိုလေ ဆရာ သားက ခိုက်မိတာ တစ်ရက်ကျော်သွားပြီဆိုတော့ ကာကွယ်ဆေးက အကျိုးသက်ရောက်ပါ့မလားဟင်’

‘သြော် အစ်မရယ် ထိခိုက်မိပြီး လေးဆယ့်ရှစ်နာရီအတွင်း ထိုးရင် ရပါတယ်။ ကျွန်တော် တွက်ကြည့်ပြီးပါပြီ။ စိတ်ချပါ’ ဟု ဆိုကာ ဆေးမြန်မြန်ပြီးအောင် ထိုးလိုက်ရသည်။

ဆေးထိုးပြီးသွားသောအချိန်ထိတိုင်အောင် လူနာကလေးက မျက်နှာကိုလက်ဖြင့်အုပ်ပြီး အံတွေကြိတ်ထားကာ တရှုံ့ရှုံ့လုပ်နေသေးသည်။

‘ကဲ ပြီးသွားပြီ သူငယ်ချင်း။ ထတော့ ရပြီ’

‘ဟင် ပြီးသွားပြီလား ဟီး ဟီး’

ထိုးပြီးသွားမှန်းသိတော့မှ မေရော သားရော ရယ်နိုင်လေတော့သည်။ ထို့နောက် အမေဖြစ်သူကတော့ ထုံးစံအတိုင်းပင် သားကို အားပေးစကားပြောလိုက်သေးသည်။

’ကြည့်စမ်း။ သားက ချက်ချင်းကို ကောင်းသွားတာ မေးခိုင်ဖို့နေနေသာသာ ပါးစပ်အကျယ်ကြီးဟပြီး ရယ်လို့တောင်ရသွားပြီ’ ဟူ၏။

သူတို့သားအမိကိုကြည့်ပြီး မောင်ဒေါက်တာလည်း နောက်ဆို မေးခိုင်ရောဂါကို ကာကွယ်ဆေးအပြင် များများရယ်ပေးခြင်းဖြင့်ပါ ကာကွယ်ရတော့မည်ဟု လျှောက်တွေးမိသွားကာ သူကိုယ်တိုင်ပါ လိုက်ရီ်မိလေတော့၏။

ဒေါက်တာထွန်းလင်း

ဆက်စပ် ဆောင်းပါးများ