မျက်စိညောင်းညာမှုပြေလျော့စေရန်နည်းလမ်းများ

မျက်စိညောင်းညာမှုပြေလျော့စေရန်နည်းလမ်းများ

ဒီနေ့ခေတ်မှာ ဖုန်း၊ တီဗီ၊ ကွန်ပျူတာ အရမ်းပေါများလာပြီး လူအများစုအနေနဲ့လည်း Screen time လို့ခေါ်တဲ့ ဖုန်း၊ တီဗီ၊ ကွန်ပျူတာကြည့်ချိန် သုံးချိန်တွေဟာလည်း အရမ်းများလာပါတယ်။

Screen time အရမ်းများလာတဲ့အခါမှာ မျက်စိညောင်းညာမှုကို ခံစားရပြီး ရေရှည်ဆိုရင် မျက်စိအာရုံကြောတွေထိခိုက်ကာ မျက်စိပါဝါလည်းတက်လာနိုင်ပါတယ်။ အဲ့အခါကျ မျက်မှန်တပ်ရတာ၊ ရှိပြီးသားပါဝါထက်ပိုများတဲ့ ပါဝါပြောင်းတပ်ရတာမျိုးတွေ ဖြစ်လာပါတယ်။ ဒါကြောင့် ဒီတပတ်ဆောင်းပါးမှာ မျက်စိညောင်းညာမှုကို ပြေလျော့စေမယ့်နည်းလမ်းလေးတွေကို သိသလောက် ရေးသားတင်ပြလိုက်ရပါတယ်။

လေ့ကျင့်ခန်း၁

မျက်စိကို ၁၀ စက္ကန့်လောက် တင်းတင်းမှိတ်ထားပြီး ပြန်ဖွင့်ပါ။ထို့နောက် မျက်စိကိုဖွင့်လိုက်မှိတ်လိုက် ၁၀ကြိမ်လုပ်ပေးပါ။

လေ့ကျင့်ခန်း ၂

ခဲတံ သို့မဟုတ် ဘောပင်တချောင်းကို မျက်စိရှေ့ လက်တကမ်းအကွာလောက်မှာ ကိုင်ထားပြီး မျက်စိနဲ့နီးရာဆီ (နှာခေါင်းနဲ့ထိတဲ့အထိ) ဆွဲယူလိုက် မျက်စိနဲ့ဝေးရာဆီ ပြန်ခွာလိုက်ဖြင့် ၁၀ ကြိမ်လောက် လုပ်ပါ။ ထိုသို့လုပ်နေစဉ်မှာ မျက်စိက ခဲတံထိပ် သို့မဟုတ် ဘောပင်ထိပ်ကို စူးစိုက်ကြည့်ပေးပါ။

လေ့ကျင့်ခန်း ၃

လက်ဖဝါးနှစ်ဖက်ကို ပူလာအောင် ပွတ်ပါ။ ပူလာပြီဆိုရင် မျက်စိကိုမှိတ်ပြီး ဘယ်ဘက်မျက်စိပေါ် ဘယ်ဘက်လက်ဖဝါး ညာဘက်မျက်စိပေါ် ညာဘက်ဖက်ဖဝါးပြိုင်တူ တင်ကာ ခပ်ဖွဖွလေး ၂မိနစ်ခန့် ဖိထားပါ။

လေ့ကျင့်ခန်း ၄

ခေါင်းမလှည့်မရွေ့ဘဲ မျက်စိကို နာရီလက်တံအတိုင်း ၁၀ ကြိမ်ခန့်လှည့်ကြည့်ပါ။ ထို့နောက် နာရီလက်တံပြောင်းပြန်အတိုင်း ၁၀ ကြိမ်ထပ်လှည့်ကြည့်ပါ။

လေ့ကျင့်ခန်း ၅

ခေါင်းမရွှေ့ပဲ မျက်လုံးကိုပဲ အထက်အောက် ဘယ်ညာ အထက်ဘယ် အထက်ညာ အောက်ဘယ်အောက်ညာ ကြည့်ပေးပါ။

ဒါတွေကတော့ သိသလောက် မျက်စိအညောင်းညာပြေစေတဲ့ လေ့ကျင့်ခန်းတွေမှာ ဖုန်း၊ ကွန်ပျူတာ၊ တီဗီအကြည့်များလို့ဖြစ်ဖြစ် စာဖတ်များလို့ဖြစ်ဖြစ် မျက်စိညောင်းညာနေပါက ဒီလေ့ကျင့်ခန်းလေးတွေ လုပ်ပေးခြင်းဖြင့် အညောင်းညာသက်သာနိုင်ပါတယ်။

နောက်ထပ်အနေနဲ့ ဖုန်းတီဗီကွန်ပျူတာတွေသုံးတဲ့အခါ မျက်စိထိခိုက်နိုင်ခြေနဲအောင် ဆောင်ရန် ရှောင်ရန်အချက်လေးတွေကိုပါ တလက်စတည်းရေးသားတင်ပြချင်ပါတယ်။

ဖုန်း၊ တီဗီ၊ ကွန်ပျူတာတွေသုံးတဲ့အခါမှာ မျက်စိနဲ့တတန်းတည်း ထားသုံးပါ။ မျက်နှာပြင်ကြီးလေလေ အာရုံစူးစိုက်မှုကို လျှော့ချနိုင်လေဖြစ်တာကြောင့် တတ်နိုင်ရင် မျက်နှာပြင်ဆိုဒ်ကြီးတာကို ရွေးသုံးပါ။

ဖုန်း၊ တီဗီ၊ ကွန်ပျူတာ မျက်နှာပြင်တွေရဲ့ အလင်းကို မှောင်လွန်းလင်းလွန်းတာ မဖြစ်စေဘဲ ပတ်ဝန်းကျင်အလင်းရောင် အနေအထားအလိုက် ချိန်ညှိသုံးပါ။ ဖုန်း၊ တီဗီ၊ ကွန်ပျူတာသုံးတဲ့အခါ မှောင်ထဲမှ ာသုံးတာကိုရှောင်ပါ။ အလင်းရောင်ရတဲ့နေရာမှာသုံးပါ။ မဟုတ်ရင် မီးဖွင့်သုံးပါ။

မျက်စိထိခိုက်မှုနဲအောင် မျက်နှာနဲ့ အရမ်းကပ်သုံးတာမျိုးကိုရှောင်ရပါမယ်။ တီဗီ ကြည့်တဲ့အခါမှာဆိုရင် အနည်းဆုံး ရှစ်ပေ ကနေ ဆယ်ပေ အကွာလောက်ကနေကြည့်သင့်ပါတယ်။ကွန်ပျူတာ သုံးတဲ့အခါမှာလည်း လက်တဆန့်အကွာအဝေးလောက် ထားသုံးသင့်ပါတယ်။ဖုန်းသုံးတဲ့အခါမှာလည်း တတ်နိုင်သလောက် မျက်စိနဲ့ ခပ်ခွာခွာသုံးသင့်ပါတယ်။

အဆုံးသတ်အနေနဲ့ မှာချင်တာကတော့ ဖုန်း၊ တီဗီ၊ ကွန်ပျူတာကြည့်ကြည့် စာအုပ်ဖတ်ဖတ် ဆက်တိုက်မနားမနေ ကြည့်တာ ဖတ်တာမျိုး မလုပ်ပါနဲ့။ မိနစ် ၂၀ ကြာပြီးတိုင်းမှာ အဝေးတနေရာမှာရှိတဲ့အရာ ဝတ္ထုတခုကိုဖြစ်ဖြစ် ရှုခင်းကိုဖြစ်ဖြစ် စက္ကန့်နှစ်ဆယ်လောက်ကြည့်ပေးပါလို့ အကြံပေးချင်ပါတယ်။

Dr 528

ဆက်စပ် ဆောင်းပါးများ