ဖျားနေတဲ့အချိန်ရေချိုးလို့ရသလား

ဖျားနေတဲ့အချိန်ရေချိုးလို့ရသလား

‘ဖျားနေလို့ သည်နေ့တော့ ရေမချိုးတော့ဘူး’ ဆိုသော စကားက လူတိုင်းလိုလို ပြောဆိုကျင့်သုံးနေကြသော အလေ့အထတစ်ခုပင်။ သို့ပေမယ့် သည်စကားက တကယ်ရော အပြည့်အဝမှန်ကန်ပါ့မလား။ ဆရာဝန်၊ သူနာပြုများကတော့ ဖျားနေသောလူနာများကို ရေပတ်တိုက်ခိုင်းတတ်သည်၊ ကိုယ်တအားပူနေလျှင် ရေလောင်းချိုးခိုင်းသည်များလည်း ရှိပေသည်။ သည်လိုဆိုလျှင်တော့လည်း ဖျားနေသောအချိန်မှာ ရေချိုးကိုချိုးရမည်လား။
အမှန်တကယ်အားဖြင့်တော့ ဘယ်အရာကိုမှ လှေနံဓါးထစ်မှတ်ယူထားလို့ မရပါ။ အစွန်းမရောက်ဘဲ အလယ်အလတ်လမ်းစဉ်ဖြင့် လိုအပ်သည့်အချိန်တွင် လိုအပ်သလောက်တော့ ပြုမူရမည်ဖြစ်သည်။ ဆိုလိုသည်က ဖျားနေလို့ ရေမချိုးဘဲ အမြဲနေစရာမလိုပါ။ သို့တစေ ချမ်းတုန်ပြီးဖျားနေသူတိုင်းကိုလည်း ရေအတင်းချိုးခိုင်းဖို့လည်း မလိုပါ။ အခြေအနေ၊ အချိန်အခါပေါ်လိုက်ပြီး ချိုးသင့်လျှင်ချိုးရပါမည်။ မချိုးသင့်သည့်အချိန်တွင် မချိုးဘဲနေလို့ရပါသည်။ သည်လိုဆိုလျှင် မည်သည့်အချိန်တွင် ရေချိုးနိုင်ပြီး မည်သည့်အချိန်တွင် မချိုးဘဲနေသင့်သနည်း။။ သည်ကိစ္စကို အကြမ်းဖျင်း နားလည်လွယ်အောင် ပြောပြပါမည်။

သည်အကြောင်းအရာကို ရေးသားရခြင်းမှာလည်း သာမန်အဖျားရောဂါလေးကနေ မှားယွင်းစွာ နားလည်လုပ်ဆောင်မှုများကြောင့် အသက်အန္တရာယ်ဖြစ်သည်အထိ ဆိုးဝါးသွားခဲ့မှုများရှိသောကြောင့်ပင်။ ယခု အကျဉ်းချုံးတင်ပြမည့် အချက်များမှာ အများအားဖြင့် ကနဦးအဖျားတက်ကာစ လူနာများအတွက် ရည်ရွယ်ထားခြင်းဖြစ်ပါသည်။ အကယ်၍ လူနာမှာ အဖျားကြာရှည်ခြင်း သို့မဟုတ် အပြင်းအထန်ဖျားခြင်းများရှိနေပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့လည်း သွားရောက်ပြသရန်လိုအပ်မည် ဖြစ်ကြောင်းလည်း သတိပေးလိုပါသည်။
ပထမဆုံး အနေဖြင့် အဖျားတက်ခြင်း (Fever) ဆိုသည်ကို နားလည်ဖို့လိုပါသည်။ သို့မှသာ မည်သည့် အချိန်တွင် ထိုအဖျားကျရန် ရေချိုုးသင့်သည်ကို သိရှိနိုင်မည်ဖြစ်သည်။ ဖျားသည်၊ တစ်နည်းအားဖြင့် ကိုယ်ပူသည်ဆိုသည်မှာ ခန္ဓာကိုယ်အတွင်းသို့ ရောဂါပိုးတစ်မျိုးမျိုး ဝင်ရောက်လာခြင်းကြောင့် ထိုရောဂါပိုးကိုသတ်နိုင်ရန် ခန္ဓာကိုယ်က ကိုယ်အပူချိန်မြှင့်တင်လိုက်ခြင်းဟု ယေဘုယျဆိုနိုင်ပါသည်။ သို့ဆိုလျှင် ကိုယ်ပူခြင်းသည် မိမိခန္ဓာကိုယ်ကိုမိမိကာကွယ်ရန်ကြိုးပမ်းအားထုတ်မှု တစ်ခုဖြစ်နေမှန်း သိနိုင်လောက်ပါပြီ။ တစ်ဆက်တည်းမှာပင် ထိုအခြေအနေနှင့် ပြောင်းပြန်ဖြစ်သော အအေးမိခြင်း Common Cold ကိုလည်း နားလည်သွားမည်ထင်ပါသည်။ အအေးမိခြင်းဟူသည် အလွယ်ဆုံးပြောရလျှင် ခန္ဓာကိုယ်အပူချိန်ကျဆင်းနေချိန်တွင် ရောဂါပိုးများအလွယ်တကူဝင်ရောက်ပေါက်ပွားခြင်းပင် ဖြစ်သည်။ အများအားဖြင့် ရာသီဥတုအေးခြင်း၊ မိုးမိခြင်းနှင့် အခြားကိုယ်ခန္ဓာကိုယ်တာရှည်အေးခဲစွတ်စိုမှုများကြောင့် ရောဂါပိုးများက ခန္ဓာကိုယ်တွင်းသို့ ရောက်ရှိလာခြင်းပင်ဖြစ်သည်။ အကျယ်ပြောရလျှင်တော့ လေထုသိပ်သည်းဆ၊ ပိုးအမျိုးအစား၊ မိမိအနားပတ်ဝန်းကျင်တွင် ကူးစက်နိုင်သောလူနာရှိနေခြင်း စသည့် အချက်များစွာအပေါ်လည်း မူတည်နေပါသေးသည်။ သို့သော် ယခုပြောလိုရင်းဖြစ်သည့် ဖျားနေစဉ် ရေချိုးလို့ရနိုင်သလားဆိုသည်အတွက်ကိုတော့ ယခုလောက် နားလည်ထားလျှင် လုံလောက်ပါသည်။

ပြန်ကောက်ရလျှင် ဖျားခြင်း (သို့မဟုတ်) ကိုယ်ပူခြင်းဟူသည် ဆိုခဲ့ပြီးသည့်အတိုင်း ရောဂါပိုးကိုသေစေရန်အတွက် ဖြစ်ပေါ်လာခြင်းဖြစ်ပေသည်။ ထို့ကြောင့် ရေလောင်းချိုးပြီး အတင်းကိုယ်ပူကျအောင် အမြဲတမ်းလုပ်စရာမလိုပါ။ ထို့အပြင် အဖျားတက်နေစဉ်တွင် ကိုယ်အပြင်ကသာပူပြီး ကိုယ်အတွင်းကချမ်းနေတတ်ပါသည်။ ၎င်းသည်ပုံမှန်ပင်ဖြစ်ပါသည်။ ခန္ဓာကိုယ်က မိမိအပူချိန်ကိုမိမိ မြှင့်တင်နေချိန်တွင် အပူချိန်မလုံလောက်သေးအခါ ချမ်းတုန်ခြင်းကို ခံစားရခြင်းဖြစ်သည်။ ထိုအချိန်မျိုးတွင် ရေချိုးခြင်းက ကိုယ်ကိုပြန်အေးသွားစေသောကြောင့် အပူချိန်မြှင့်တင်ရာတွင် အနှောင့်အယှက်ရှိနိုင်ပါသည်။ ထို့ကြောင့် အကြံပေးလိုသည်က သည်အခြေအနေမျိုးတွင် ရေမချိုးဘဲနေလို့ရပါသည်။ အကယ်၍ ချိုးချင်လျှင်လည်း ရေနွေးနှင့်စပ်ချိုးခြင်း သို့မဟုတ် ရေပတ်များများတိုက်ခြင်းပြုလုပ်ရုံဖြင့်လည်း အဆင်ပြေနိုင်ပါသည်။ အဓိကအားဖြင့် ကြာရှည်စွာ အအေးခံ၍ မချိုးမိဖို့သာ သတိထားရပါမည်။
နောက်တစ်ခုကတော့ ပိုအရေးကြီးပါသည်။ ဘယ်အချိန်တွင် ဖျားနေစဉ် ရေချိုးရမည်လဲ။ စောစောက အခြေအနေထက်လွန်သွားလျှင် ရေလောင်းချိုးဖို့ လိုကောင်းလိုလာပါမည်။ ထို့အပြင် ရာသီဥတုပူပြင်းနေချိန်တွင် အဖျားတက်နေသောသူမှာ ရေချိုးလိုက်ခြင်းသည် ကိုယ်ပူမြန်မြန်ကျသွားနိုင်ပါသည်။ ပုံမှန်ဖျားနေသောသူသာမက အပူဒဏ်လွန်ကဲမှုရောဂါများ (heat disorders) လူနာများအတွက်ဆိုလျှင် ရေကိုတစ်ကိုယ်လုံးလောင်းချဖို့အထိ လိုနိုင်ပါသည်။ သည်နေရာတွင် မေးစရာတစ်ခုရှိသည်။ စောစောကလို ကိုယ်ပူခြင်းမှာ မိမိကိုယ်ကို ကာကွယ်ခြင်းဖြစ်သည်ဖြစ်ရာ ထိုအပူချိန်ကိုချရန် ကြိုးစားနေသည်မှာ စိတ်ချရပါမည်လောဟူသော မေးခွန်းပင်။

အမှန်တော့ ဘယ်အရာမဆိုအစွန်းရောက်လျှင် မှားယွင်းနိုင်ကြောင်း ရှေ့တွင်ပြောခဲ့ပြီးပါပြီ။ ကောင်းစေချင်သဖြင့် ရောဂါပိုးကိုသေအောင်ကိုယ်ပူချိန်ကို မြှင့်တင်ရင်း ပိုးကမသေဘဲ မိမိခန္ဓာကိုယ်တွင်သာ အပူချိန်တအားပြင်းလာလျှင် ဘေးထွက်ဆိုးကျိုးများကို အပြင်းအထန်ခံစားလာရနိုင်ပါသည်။ ၎င်းတို့မှာ ရေဓါတ်ဆုံးရှုံးခြင်း၊ နာကျင်ကိုက်ခဲခြင်း အပြင် တက်ခြင်း၊ သတိလစ်ခြင်းများအထိပါ ဖြစ်လာနိုင်ပါသည်။ သည်လိုအချိန်တွင် ဖျားလျှင်အအေးမိမည်ကို ကြောက်ပြီး စောင်အထပ်ထပ်ခြုံခြင်း၊ အကျီ ၤထူထူများဝတ်ခြင်း၊ ရေချိုးရန်ကြောက်ရွံ့နေခြင်းများကတာ့ ရှေ့မှာပြောခဲ့သလို အသက်အန္တရာယ်ပါပြုနိုင်လောက်သည့် အမှားများဖြစ်သွားပါသည်။
ယခုလောက်ဆိုလျှင် ဖျားနေတုန်းရေချိုးလို့ရသလားဆိုသော မေးခွန်း၏အဖြေကို ရလောက်မည်ထင်ပါသည်။ ရှုပ်သွားသည်ဟု ထင်လျှင် အရှင်းဆုံးပြန်ချုပ်ပြောပါမည်။ ဖျားနေစဉ် ရေချိုးမည်လားဆိုလျှင် ကိုယ်ပူသိပ်မကြီးဘဲ ဖျားခါစအချိန်တွင် မချိုးဘဲနေလို့ရပါသည်။ ရေပတ်လောက်တော့ တိုက်ရမည်ဖြစ်သည်။ အကယ်၍ ခြစ်ခြစ်တောက်ပူလာလျှင်၊ သို့မဟုတ် အပြင်ရာသီဥတုကလည်း တအားပူနေလျှင် ရေပတ်ရွှဲရွှဲတိုက်ရမည်ဖြစ်သည်။ ထိုအချိန်မျိုးတွင် ရေချိုးလို့လည်း ရပါသည်။ သို့သော် ကြာရှည်စွာ ရေစိမ်ချိုးခြင်းမျိုးကိုတော့ ရှောင်ကြဉ်ရပါမည်။
ထို့အပြင် သုတေသနသဘောတရားတွေအရကြည့်လျှင်လည်း ဖျားနေတုန်းရေမချိုးရဟု ပညတ်ထားခြင်းမျိုးမရှိပါ။ သို့သော် အကြံပေးလိုသည်က တစ်ဦးချင်းစီအနေဖြင့် ကိုယ့်ဘာသာကိုယ် ရေချိုးလို့မဟန်ဘူးထင်လျှင် (ရေချိုးရမှာ ချမ်းပြီးကြောက်နေလျှင်) မချိုးပါနှင့်။ ရေပတ်လောက်ပဲ တိုက်လိုက်ပါ။ အကယ်၍ ကိုယ်ကချိုးချင်နေသည်၊ ချိုးလိုက်လို့ အပူကျသွားမည်ဟု ခံစားနေရလျှင်တော့ ချိုးလိုက်ပါ။ ပိုဖျားလာမည်စိုးရိမ်ပြီး မချိုးဘဲနေစရာမလိုပါ။ စောစောကပြောသလို သတိနှင့်ချိုးလျှင်ရပါသည်။ ကိုယ်ဘာသာကိုယ် မသေချာလျှင်လည်း နားလည်တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများနှင့်တိုင်ပင်ပါ။ အရေးကြီးဆုံးတစ်ချက်ကိုပဲ မမေ့အောင် ထပ်ပြောလိုပါသည်။ ကိုယ်ပူကြီးပြီးဖျားနေချိန်တွင် စောင်အထပ်ထပ်ခြုံပြီး အကျီ ၤထူထူဝတ်ထားခြင်းကတော့ ‘သင့်ကို စမတ်မကျစေပါ’ ဆိုသော အချက်ပင် ဖြစ်ပါသည်။

ဒေါက်တာထွန်းလင်း
Ref;ကျန်းမာရေးဆိုင်ရာစံပြုအချက်အလက်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန (၂၀၁၇)
https://www.webmd.com/cold-and-flu/qa/what-is-the-best-way-to-shower-when-sick-with-a-cold-or-the-flu

ဆက်စပ် ဆောင်းပါးများ