သောက်တိုင်း မကောင်းတဲ့ ဗိုက်တာမင် ဒီ

သောက်တိုင်း မကောင်းတဲ့ ဗိုက်တာမင် ဒီ

” မောင် စိုး ပါလား။”

ဒေါက်တာ စိုးသန်းနှင့် မောင်စိုးသည် ညီအကို တစ်ဝမ်းသာ ကွဲသည်။  မောင်စိုးသည် ဒေါက်တာ စိုးသန်းဆီသို့ လာခဲသည်။ ငယ်ငယ်ကတော့ ညီအကိုနှစ်ယောက်  သွားအတူ လာအတူ စားအတူနဲ့ လည်ပင်းဖက် ပေါင်းလာကြသည်။ အသက်တွေ ကြီးလာ အလုပ်အကိုင် ကိုယ်စီဖြစ်လာတော့ ညီအကို နှစ်ယောက် သိပ်မတွေ့ဖြစ်တော့။ သို့သော် အဆက်အသွယ်တော့ အမြဲ မပြတ်။

“နေမကောင်းလို့လား။ တစ်ခြား ကိစ္စရှိလို့လား “အရေးအကြောင်းရှိလျှင်တော့ ဒီညီအကိုတွေ ဒူးတိုက်ဆွေးနွေးဆဲ။

”  ဖုန်းနဲ့ မပြောချင်လို့ လူကိုယ်တိုင်လာတာ အကိုရေ။  အကြောင်းရှိလို့ ပဲ ပြောရမှာပေါ့”

“အင်း ပြောပါဦး  ”

မောင်စိုးသည် သက်ပြင်းတစ်ချက် ချလိုက်သည်။ ထို့နောက် သူကိုင်လာသော အိတ်ထဲမှ ဆေးစစ်ထားသော စာရွက်ပေါင်းများစွာကို ထုတ်ပြသည်။

” အကို သိပါတယ်။ ကျွန်တော်တို့ Company က တစ်နှစ်တစ်ခါ ဆေးစစ်ပေးတယ်။  ”

”  သိပ်ကောင်းတာပေါ့ကွာ။ ကဲ ဆေးစစ်ချက်များ ဘာတွေများပါလို့လဲ။”

ဒေါက်တာ စိုးသန်းသည် ဆေးစာရွက်များကို တစ်ရွက်ခြင်း လှန်ကြည့်နေသည်။

“အာထရာဆောင်းလည်း ကောင်းတယ်။ ရင်ဘတ် ဓာတ်မှန်လည်းကောင်းတယ်။   ”

စာရွက်တွေကြည့်ရင်း ဒေါက်တာ စိုးသန်း ဖတ်ပြသည်။

” ဟာ မင်းသွေးထဲမှာ Vitamin D တွေ များလှ ချည်လား ”

မောင်စိုး ဘာမှ မပြော။

“တစ်ခြားဟာတွေ အကုန်ကောင်းတယ်။ Vitamin D level ကြောက်ခမန်းလိလိ တတ်နေတာပဲ  ”

”  ဟုတ်တယ် အကို။ ဒီနေ့ အဖြေတွေရတယ်။ Company က စီစဉ်ပေးတဲ့ ဆရာဝန်နဲ့ က နောက်အပတ်ထဲမှ တွေ့ရမှာဆိုတော့ အကိုနဲ့ လာတိုင်ပင်တာ။  Vitamin D အရမ်းများနေတာက မကောင်းဘူးဆိုတာ ဟုတ်သလား။”

” ဟုတ်တယ်။ မကောင်းဘူး။  မနှစ်ကဆေး စစ်ထားတာတွေရောပါလာသလား”

” ဒီမှာ အကို ”

မောင်စိုးပေးသော ဆေး စစ်ချက်များကို ယူကြည့်လိုက်သည်။

” မနှစ်က ရော Vitamin  D တိုင်းထားတာပဲ။ 21 ng/ml  ရှိနေတာပဲ။ နည်းတယ်လို့ မခေါ်သေးပါဘူ။ အဲဒါကို ကိုယ့်သဘောနဲ့ကိုယ် Vitamin D တွေ သောက်နေတာလား။  ”

ဒေါက်တာ စိုးသန်းတစ်ယောက် မချိတင်ကဲ။

” ကျွန်တော် ကိုယ့်သဘောနဲ့ကိုယ်တော့ ဘယ်သောက်မလဲ အကိုရယ်။ ဆေးစာရွက်တွေ ရတော့ အမေကို ပြရတာပေါ့ ”

သူလည်း အမေ တစ်ခု သားတစ်ခု ဆိုတော့ ဒီအမေသည်သာ သူ့အတွက် တိုင်ပင်ဖော် တိုင်ပင်ဖက်။

” မင်းက ငါ့လာ မပြပဲ။ မင်းအမေ ပြတယ်ပေါ့။ ” ဒီတစ်ခါတော့ ဒေါသသံ နည်းနည်း ပါလာသည်။

“အဲလိုတော့လည်းမဟုတ်ဘူးလေ။ ပထမ Company က စီစဉ်ပေးတဲ့ ဆရာဝန်နဲ့ ပြရတယ်။ ဆရာဝန်က အဖြေ အားလုံးကောင်းတယ်လို့ ပြောလိုက်တယ်။ အဲဒါနဲ့ ကျွန်တော် က အကို ဆီကို မလာတော့တာ။ အိမ်မှာ အမေ့ကို ပြောပြတော့ အမေ က ဆေးစာရွက်တွေ တောင်းကြည့်ရော။  ဒီအတိုင်းတောင်းကြည့်တယ်လို့ပဲ ထင်တာပေါ့။ အမေ က Vitamin D နည်းနေတယ်။ ဖြည့်စွက်စာ သောက်ရမယ်ဆိုပြီး တိုက်တယ်။ အမေက တိုက်တော့ သောက်နေရတာပေါ့  ”

“အင်းပေါ့။  ” အမေဆိုတော့လည်း ကိုယ့်သားကို စိုးရိမ်တတ်တဲ့ သဘောရှိပါသည်။

” အဲဒါ မနက်တိုင်း ကျွန်တော့်ကို ဆေးတွေ တိုက်နေတော့တာပဲ။ Vitamin  D တစ်မျိုးတည်းလည်း မဟုတ်ဘူးနော်။ ကျွန်တော် မနက်မနက် သောက်ရတဲ့ဆေးတွေ အများကြီးပဲ။  ”

” ဟာ ဘာဆေးတွေ သောက်နေတာလဲ။  ”

”  သောက်နေရတာတွေကတော့ အများကြီးပဲ အကိုရယ်။ ကျွန်တော် လည်း အမေသောက်လို့သာ သောက်နေရတာ။ အရင်ကတော့ ကျွန်တော်လည်းမသိပါဘူး။ အမေတိုက်ရင် သောက်လိုက်တာပဲ။ အခုက တော့ သောက်သင့်မသောက်သင့် အကိုနဲ့လာတိုင်ပင်တာ။ အကို က မသောက်နဲ့လို့ ပြောရင် ကျွန်တော် မသောက်တော့ ဘူးလို့ အမေ့ကို ပြောချင်လို့။ အကိုက ဆက်သောက် ဆိုရင်တော့ ကျွန်တော် သောက်မယ်။  ”

ဒီလိုဆိုတော့လည်း မောင်စိုးကို သဘောကျမိသည်။ မိဘ ကိုမလွန်ဆန်နိုင်လို့သာ သောက်နေရသည်။

မောင်စိုးသည် သူယူလာသော ဆေးဗူးများကို ထုတ်လိုက်၏။ ပထမဆုံးထွက်လာသည်က Vitamin D ဆေးဗူး။

” ဈေးကြီးပေးဝယ်ထားရတာတွေ။ ”

” ဟုတ်ပ အကိုရေ။ ကျွန်တော်တို့ သားအမိသောက်တဲ့ ဓာတ်ဆာတွေက တစ်လကို တစ်သိန်း ကျော် ကုန်တာနော်အကို။  တစ်ချို့လတွေဆို ရင် နှစ်သိန်းကျော်တယ်။  ”

” ဈေးတွေကလည်း အတော်ကြီးတာပဲ။ အမေရိကန်ထုတ်တွေပဲ ”

” အမေ့ကျန်းမာရေးအတွက်ပဲ ဆိုပြီး ကျွန်တော်လည်း ဘာမှ မပြောပါဘူး ”

“မလိုအပ်ပဲ ငွေတွေ ကုန်တာပေါ့လေ။   ”

“ဟုတ်တယ်အကို။  ”

“မင်းကတော့ လူငယ်ဆိုတော့ ဆေးတွေ မလိုအပ်ပဲ မသောက်သင့်ဘူး။ ဖြတ်လိုက်ပါ။ အကို သောက်ခိုင်းတာပဲ သောက် ဟုတ်ပြီလား။  ”

“ကျွန်တော်လည်း ဒီဆေးတွေ မသောက်ချင်တော့ဘူး အကို။ ကျွန်တော် အခုတစ်လော နေလို့ မကောင်းဘူး။  ”

” ဘယ်လို ခံစားရလို့လဲ။  ”

”  အဲဒီလောက် ဆေးတွေ အများကြီးသောက်နေရဲ့သားနဲ့ ကျွန်တော် အားနည်းနေတယ်လို့ ကိုယ့်ဘာသာ ထင်တယ်။ အားဆေးတွေ သောက်နေပေမဲ့ အားမရှိသလိုပဲ ခံစားရတယ်။ ဒီထက် ဆိုးတာ က အခုတစ်လော ပျို့ချင် အန်ချင်နေတယ်။ ”

ဒေါက်တာ စိုးသန်း သက်ပြင်းတစ်ချက် ချလိုက်သည်။

”  Vitamin D များလို့ ဖြစ်တဲ့ လက္ခဏာတွေပေါ့။ ကိုယ်လက် လေးလံနေမယ်။ အားအင်ကုန်ခမ်းသလို ခံစားရမယ်။ ပျို့ချင် အန်ချင်နေမယ်။ ဒါတွေက သွေးထဲမှာ Vitamin  D များနေတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ။ ”

” Vitamin D များရင် မကောင်းဘူးလို့ ရုံးကလူတွေက ပြောလိုက်သည်။  အရိုးကျိုးလွယ်တယ်လို့လည်း ပြောလိုက်တယ်။ ဟုတ်လား အကို။ ”

” ဟုတ်တယ်။ သူတို့ပြောတာမှန်တယ်။ ”

မောင်စိုးမျက်နှာငယ်သွားသည်။ ဒီလို ဆိုတော့လည်းကိုယ့်ညီကို ဂရုဏာသက်မိသည်။

” ကျွန်တော့်ကို သေချာရှင်းပြပါဦးအကိုရယ်။  ”

”  အရင်ဆုံး Vitamin D အကြောင်းအရင်ပြောပြမယ်။ Vitamin D က ပုံမှန် အစားအစာတွေမှာ ပဲ အနည်း အကျဉ်းပါတာ။အများဆုံးပါတာက ဆယ်လမွန်ငါးတို့ တူနာငါးတို့ ပင်လယ်ငါးတွေရဲ့ အသည်းတို့ အမဲအသည်းတို့ နို့နဲ့ ဥ အမျိုးမျိုးတွေမှာ  ပါတတ်တယ်။ နောက်ပြီးတော့ တစ်ချို့အစားအစာတွေမှာလည်း ဖြည့်စွက်စာအနေနဲ့ အနည်းအကျဉ်း ထည့်ထားတတ်တယ်။ Vitamin D ကို အစားအသောက် ကထက် ကိုယ်ခန္ဓာက သူ့ဘာသာ ထုတ်လုပ်နေတယ်။ နေရောင်ခြည်က အရေပြားပေါ်ကို ကျရောက်တဲ့အခါ  ကိုယ်ခန္ဓက Cholesterol  ကနေ  Vitmin  D ကို ပြောင်းလဲပေးတယ်။ ဒါကြောင့် နေရောင်ခြည် ခံပေးတာနဲ့ ကိုယ်ခန္ဓာမှာ Vitamin D ကို ထုတ်ပြီးသား ဖြစ်သွားတယ်။  နောက် တစ်ချက်က အကိုတို့နိုင်ငံက နေထွက်တဲ့ တိုင်းပြည်ဖြစ်တဲ့အတွက် မနက်စောစော နေရောင်ခံပေးလိုက်တာနဲ့ ကိုယ်ခန္ဓာအတွက် Vitmin D က လုံလောက်သွားပြီ။  နေမထွက်တဲ့ တိုင်းပြည်တွေ ဝင်ရိုးစွန်းမှာ နေတဲ့ သူတွေကသာ နေရာင်ခြည် မခံရလို့  vitamin D ကို သောက်ပေးရတာပါ။ ကိုယ်တို့လို နိုင်ငံမှာ Vitamin  D ကို တကူးတက ဝယ်သောက်နေစရာမလိုဘူး။  ပိုက်ဆံ အပိုကုန်တာပဲ အဖတ်တင်မယ်။   ” ”

” ဟုတ်ကဲ့အကို  ”

”  မင်းတို့ငါတို့လို လူငယ်တွေ အတွက် Vitamin  D ဆိုတာ သောက်သုံးသင့်တဲ့အရွယ်လည်း မဟုတ်ဘူး။ အသက် ငယ်တဲ့ ကလေးတွေမှာတော့ ကိုယ်ခန္ဓ ကြီးထွားဖို့ အရိုးတွေ ဖွံ့ဖြိုးဖို့လိုအပ်တယ်။ သူတို့အတွက် လည်း ကလေး အားဆေးတွေမှာ ထည့်ပေးထားပြီးသား။ အသက်ကြီးတဲ့ အဘိုးအဘွားတွေကတော့ Vitamin D လိုအပ်တယ်။ ကိုယ်ခန္ဓကနေလည်း Vitamin  D ထုတ်တာ နည်းလာပြီ။ အိမ်ပြင်ထွက်တာလည်း နည်းတယ်ဆိုရင် တော့ Vitamin D  ကို Supplement အနေနဲ့ သောက်သင့်တယ်။ သောက်တယ်ဆိုရင်တောင် ကိုယ့်သဘောနဲ့ ကိုယ်သောက် ဖို့ မသင့်တော်ဘူး။ နားလည်တဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှေ သာက်သင့်တယ်။”

“ကျွန်တော့်အလုပ်က မနက် ၈း၃၀ ကနေ ညနေ ၅း၃၀ ထိဆိုတော့ နေရောင်နဲ့ မထိတွေ့ရဘူးလို့ အမေက ပြောတယ်။ နေ့လည် နေ့ခင်းလည်း ကျွန်တော်က ရုံးခန်းထဲမှာပဲ နေတယ်ဆိုတော့ အမေက Vitamin D ချို့တဲ့မယ်ဆိုတာ ချည်း ပြောနေတာပဲ အကိုရယ်။   ”

အမေဆိုတော့လည်း သူ့ခဗျာ ဘယ်လို ငြင်းဆန်မည်နည်း။ ကိုယ်ချင်းစာပါသည်။ ကိုယ်တွေတောင် အမေ ပြောလျှင် ဟုတ်ကဲ့ လိုက်နေရတုန်း။

” မနက် ၈း၃၀ မတိုင်ခင် နေရောင်နဲ့ တွေ့လို့ရတာပဲလေ။ နောက်တစ်ချက် က စနေတနင်္ဂနွေ နေ့တွေမှာဆိုရင်လည်း နေရောင်ထဲထွက်လို့ရတာပဲ။ တစ်ပတ်ကို  နှစ်ရက် သုံးရက်  တစ်နေ့ကို မိနစ် သုံးဆယ်လောက် နေရောင်ထဲထွက်ပေးရင် လုံလောက်ပါတယ်။ နေရောင်ခြည်ကို မနက်စောစော နေရာင်ခြည်က အကောင်းဆုံးပဲ။ နေ့လည်ခင်း နေရောင်ခြည်က ခရမ်းလွန်ရောင်ခြည်များတော့ အရေပြားမှာ နေလောင်တာတို့ Skin cancer တို့တော့ ဖြစ်တတ်တယ်။  အသက် ၅၀ ကျော်လာရင်တော့ Vitamin D ထုတ်လုပ်နှုန်းကျလာတတ်တယ်။ အသက်ကြီးတဲ့ သူတွေမှာတော့ ဖြည့်စွက်စာ အနေနဲ့ သောက်လို့ရတယ်။ မင်းလို အသက် ၃၀ မပြည့်သေးတဲ့ သူတွေကတော့ Vitamin D ကို ဖြည့်စွက်စာ အနေနဲ့ မသောက်သင့်သေးဘူး။ လိုအပ်လာရင်လည်း ဆရာဝန်တွေရဲ့ ညွှန်ကြားချက်နဲ့ပဲ သောက်သင့်တယ်။  အမေ့ညွှန်ကြားချက်နဲ့တော့ မသောက်နဲ့ကွာ။ ”

မောင်စိုးသည် ဒီတစ်ခါတော့ ရယ်မောလိုက်သည ်။

” Vitamin D များလာရင် သွေးထဲမှာ ကယ်ဆီယယ်များလာတတ်တယ်။ အဲဒါဆိုနောက်ဆက်တွဲအနေနဲ့ ကျောက်ကပ်မှာ ကျောက်တည် တတ်တယ်။  မင်းအခု ဖြစ်နေတဲ့လက္ခဏာတွေလိုမျိုး ပျို့ချင်တာ အန်ချင်တာ နဲ့ ဝမ်းချုပ်တာ ဗိုက်အောင့်တာတွေ ဖြစ်တတ်တယ်။  ဦးနှောက် မှတ်ဉာဏ်တွေကိုလည်း ထိခိုက်တတ်တယ်။ တွေဝေတာတွေ သတိမေ့တာတွေအပြင် အဆိုးဆုံးအနေနဲ့ စိတ်ကျရောဂါ ဖြစ်တတ်တယ်။ နှလုံးခုန်နှုန်း မမှန်တတ်ဘူး။ မောနေတတ်မယ်။  အရိုးအတွက် ကယ်ဆီယမ် ဓာတ်က လိုအပ်တယ်ဆိုပေမဲ့ အရမ်းများတဲ့အခါ အရိုးပျော့တတ်ပြန်ရော။ ဒါကြောင့် အရိုးတွေ နာတာ ကိုက်တာ ခဲတာ ဖြစ်တတ်တယ်။ ဒီထက် ပိုဆိုးရင် သွေးတွင်း ကယ်ဆီယမ် များတဲ့ အတွက် အရိုးပါးပါးလာပြီး အရိုးပွတာဖြစ်တတ်တယ်။ အရိုးပွတယ်ဆိုတယ် အသက်ကြီးကြီးအမျိုးသမီးတွေမှာ အများဆုံးဖြစ်ပွားတာ။ ”

”  အကို ပြောမှ အရိုးတွေ က ပဲ နာသလိုလို ဖြစ်နေတယ်။”

ဒေါက်တာ စိုးသန်းသည် ပြုံးလိုက်သည်။

“အရိုးပွမပွ ပြန်စမ်းသပ်ကြည့်လို့ရပါတယ်။  ”

“အမေ တစ်ခါ စစ်ဖူးသလိုပဲ  ”
”  ဟုတ်တယ်။ သွေးဆုံးပြီးတဲ့ အမျိုးသမီးတွေဆိုရင် အရိုးပွ မပွ စမ်းသပ်ကြတယ်း။ Bone density scan လို့ခေါ်တယ်။ အဲဒါ ပြန်စစ်ကြည့်ရမှာပေါ့ ”

“ဟုတ်ကဲ့အကို။ အမေ့ကိုလည်း နားချပေးပါဦးအကို။ ဆေးတွေ တိုက်နေမှာ စိုးလို့။ သူငယ်ချင်းတွေကတော့ ဆေးတွေ လွှတ်ပစ်လို့ပြောပေမဲ့ ဈေးကြီးပေးဝယ်ထားရတော့ မလွှတ်ပစ်ချင်ဘူး။   ”

” အင်းပေါ့ ”

” အိမ် တစ်ရက် လောက်လာလည် ပြီး အမေ့ကို နားချပေးပါ။ နောက်တစ်ချက်က အမေသောက်နေတဲ့ ဆေးတွေရော အမေသောက်သင့်ရဲ့လားလို့ တစ်ချက်လာကြည့်ပေးပါဦးအကို။ အကိုပြောရင်ရမှာပါ။ ”

“ဒီတစ်ပတ် Sunday လာခဲ့မယ်ကွာ  ”

” ကျေးဇူပါအကို ”

မောင်စိုးကားကျေးဇူးတင်စကားဆိုကာ ထွက်သွား၏။

ရင်မော ကျန်ခဲ့ရသည်ကား ဒေါက်တာ စိုးသန်း။ Sunday  စကားနိုင်လုပြောဖို့ ဒီရက်ပိုင်းအတွင်း စာတွေ ဖတ်ထားရမည်။ Facebook တွေ ပျံ့နှံ့နေသော တစ်ချို့ သတင်းတွေကို ပြန် save လုပ်ရမည်။

လွန်ခဲ့တဲ့ တစ်နှစ်ခန့်က အိမ်က အမေကို ဓာတ်စာတွေကို မလိုအပ်ပဲ မသောက်ပါနှင့်ဟု မနည်းတားခဲ့ရသည်။ တော်တော်ကို တားယူထားရသည်။ အဲဒီတုန်းကလည်း သားအမိနှစ်ယောက် တင်းမာခဲ့ရသည်။ ဒေါက်တာ စိုးသန်းကတော့ အဆိုတော် ကြက်ဖ  ပြောသလို ‘အမေ ကျွန်တော့် အသည်းကို ခွဲနေတာလား ‘ ဟုသာ ပြောကာ တားမြစ်ခဲ့ရသည်။ သား ဆရာဝန် ပြောစကားထက်  တစ်ခြားသူ စကားကို ပိုယုံသလားဟု တင်းတင်းကြပ်ကြပ်တားမြစ်ခဲ့ရသည်။

” နင်တို့က ငါ့ကို ဂရုစိုက်တာ မဟုတ်ဘူး။ ငါ့ကျန်းမာရေး ငါ့ဘာသာ ဂရုစိုက်ရတာ” ဟု အမေက မျက်ရည်စက်လက်နှင့် ပြန်ပြောခဲ့သည်ကို သတိရမိသေးသည်။

အမေ့ကို လိုအပ်သလောက်ပဲသောက်ခိုင်းပြီး တစ်ပတ်တစ်ကြိမ် သွေးပေါင်ချိန်တိုင်းတာမျိုး လက်ကလေးကိုင်ကာ သွေးခုန်နှုန်းတိုင်း နှားကြပ်ကလေး ထောက်ကာ အမေ့ကို ဂရုစိုက် ရသည်။  အမေလည်း ကိုယ့်စကားနားထောင်လာသည်။  သားဆရာဝန်က ဂရုစိုက်နေပါသည်။ မလိုအပ်ပဲ ဓာတ်စာတွေ စားစရာမလိုပါဘူးဟု အမေ့ကို နားချခဲ့ရသည်။

အမေ့ကို သုံးသည် နည်း ဗျူဟာကို မောင်စိုးကို သင်ပြရမည်ဟု တေးမှတ်ထားကာ Sunday အတွက် ရင်မောလျှက်။

 

Dr.အေးချမ်းမိုး

ဆက်စပ် ဆောင်းပါးများ