အစာသီးရင် သေတတ်သလား

အစာသီးရင် သေတတ်သလား

ဦးလူနာသည် အိမ်ပင့်လိုက်လာသော မောင်ဒေါက်တာကို ဆေးခန်းသို့ပြန်လိုက်ပို့ရန် ဟန်ပြင်လိုက်သည်။

‘ခဏလေးနော် ဆရာ ဆိုက်ကားကို ခေါ်ထားတာ၊ ဘယ်ရောက်သွားလဲမသိဘူး’

‘နေပါစေ ဦးလေးရယ်။ သည်နားက ဆိုက်ကားခေါ်ရလဲ လွယ်တာမဟုတ်ဘူး။ ရပါတယ် လမ်းလျှောက်ပြီးပဲ ပြန်ရအောင်. . .လမ်းမှာတွေ့မှပဲ ဆိုက်ကားငှားတာပေါ့’

‘အားနာပါတယ်ဆရာရယ်. . .အခုလို အိမ်လိုက်ကြည့်ပေးတာတင် ကျေးဇူးတင်လှပါပြီ။ ပေး. .ပေး. . ဆရာ့ ဆေးသေတ္တာ ကျနော် သယ်ပေးပါ့မယ်’

‘သြော် ဟုတ်ကဲ့ ကျေးဇူးပဲ။ ဒါနဲ့ အခု လူနာအဘွားက ဦးလေးနဲ့ ဘာတော်တာလဲဗျ’

‘ဘာမှ မတော်ပါဘူး ဆရာရယ်။ အရင်တုန်းဒီနားမှာ ကျွန်တော်တို့နေဖူးတော့ အိမ်နီးနားချင်းအနေနဲ့ ခင်တာပါလေ။ ဒီ ဒေါ်ခင်တင့်က အရင်ကဆို သွားလာလှုပ်ရှားစားသောက်လို့ အင်မတန် တက်ကြွပြီး စိတ်ကြီးတဲ့သူဗျ။ အခု လေဖြတ်သွားတော့ အိပ်ရာထဲ ဘုန်းဘုန်းလဲတာပဲ ဆရာ။’

‘အင်း ဟုတ်တယ် ဒါပေမယ့် အခုသူလေဖြတ်တာက သိပ်မဆိုးတော့ဘူး။ ခြေတွေလက်တွေ ပြန်လှုပ်လာနိုင်ပြီး ထိုင်တောင်ထိုင်နိုင်နေပြီပဲ။ အခု သူဖြစ်တဲ့ပြဿနာက အဆုတ်ရောင်တာဗျ’

‘သြော် သူက အဆုတ်ရောဂါအခံရှိလို့လားဆရာ’

‘မဟုတ်ဘူးဗျ သူ့ရဲ့အဆုတ်ရောင်တာက အစာစားရင်း “သီး” လို့ အဆုတ်ရောင်သွားတာ’

‘ဗျာ အစာစားရင်း သီး တာနဲ့ပဲ အဆုတ်ရောင်တတ်သလားဆရာ။ ကျွန်တော်တို့လည်း အစာစားရင်း သီး တတ်တာပဲ ဆရာရဲ့။ အဆုတ်ရောင်နေမှဖြစ် ဒုက္ခပါပဲ’

‘ဟုတ်တယ်ဗျ သီး တယ်ဆိုတဲ့သဘောက မျိုချလိုက်တဲ့အစာတွေက ပုံမှန် အစာလမ်းကြောင်းထဲမဝင်ဘဲ အသက်ရှုလမ်းကြောင်းထဲဝင်သွားလို့ သီး တယ်ဆိုတာဖြစ်တာ။ အသက်ရှုလမ်းကြောင်းဆိုတာ အဆုတ်ထဲရောက်တဲ့လမ်းကြောင်းကို ပြောတာလေ။ အဆုတ်ထဲကို အစာတွေရောက်သွားမှတော့ အဆုတ်ကရောင်ပြီပေါ့ ဦးလေးရဲ့’

‘ဟာ အဲဒါဆို အစာစားရင်း မသီးအောင် ဂရုစိုက်မှပဲဗျ။ တော်ကြာ ဘာမှမဟုတ်ဘဲ အဆုတ်ရောင်နေမှဖြင့် ခုနက ဒေါ်ခင်တင့်လို့ ဟောဟဲဆိုက်ပြီး မောနေဦးမယ်’

‘အဲသည်လောက်တော့မဖြစ်ပါဘူးဗျ။ ဒေါ်ခင်တင့်လို လူနာကတော့ လေဖြတ်ထားတာမို့ သူ့ရဲ့ပါးစပ်နဲ့လည်ပင်းကြွက်သားတွေ အားနည်းကုန်လို့ အစာကိုကောင်းကောင်းမမျိုနိုင်ဘဲ အသက်ရှူလမ်းကြောင်းထဲ ရောက်ကုန်တာပါ။ ပုံမှန်လူတွေမှာက အဲသည်လိုမဖြစ်အောင် ခန္ဓာကိုယ်က အလိုအလျောက်ကာကွယ်ထားပါတယ်ဗျ။ ဘယ်လိုလဲဆိုတော့ အခု ဦးလေး တံတွေးပဲ အရင်မျိုချကြည့်လိုက်ပါဦး။ အသက်ရှူနေရင်း တံတွေးမျိုကြည့် ရလား’

‘အင်း မရဘူးဗျ’

‘ဟုတ်တယ်လေ ကျွန်တော်တို့ အစာဖြစ်ဖြစ် အရည်ဖြစ်ဖြစ် တစ်ခုခုမျိုချတိုင်း အသက်ရှူတာခဏရပ်ပြီး အသက်အောင့်ပြီးမှ မျိုလို့ရတယ်လေ။ အသက်ရှူသွင်းအထုတ်မလုပ်နေတော့ အဲဒီအချိန်မှာ အသက်ရှူလမ်းကြောင်းကပိတ်နေပြီး အစာလမ်းကြောင်းပဲ ပွင့်နေတာပေါ့။ အဲဒီတော့မှ အစာကို ကောင်းကောင်းမျိုချလို့ရပြီး အသက်ရှူလမ်းကြောင်းထဲ ဘာအစာမှမရောက်တော့ဘူးပေါ့’

‘ကျွန်တော်နည်းနည်းတော့ ရှုပ်သွားပြီဆရာရ။ အဲဒီ အသက်ရှူတာနဲ့အစာလမ်းကြောင်းက နဂိုကတည်းက သက်သက်စီ မဟုတ်ဘူးလား။ အသက်က နှာခေါင်းကရှူတာလေ။ အစာက ပါးစပ်ကစားရတာ ဆိုတော့’

‘သြော် ဦးလေးကလည်း အသက်ရှူတာက နှာခေါင်းတခုတည်းကရှူတာမဟုတ်ပါဘူး။ ပါးစပ်နဲ့လည်း ရှူရပါတယ်။ ဦးလေး နှာခေါင်းပိတ်ထားလိုက်လည်း ပါးစပ်နဲ့ရှူကြည့်ရနေတာပဲ မဟုတ်ဘူးလား။ နောက်ပြီး ဘာနဲ့ရှူရှူ နောက်ကျရင် ဟောသည် လည်ချောင်းထဲအရင်ရောက်တာဗျ။ အဲ အစာမျိုတော့လည်း အဲသည်လည်ချောင်းထဲပဲ ရောက်ရတာပဲ။ လည်ချောင်းကနေပြီးတော့မှ အရှေ့ဘက်ဆိုရင် အသက်ရှူလမ်းကြောင်းထဲရောက်သွားပြီး အနောက်ဘက်ဆိုရင် အစာမျိုတဲ့လမ်းကြောင်းထဲရောက်တာဗျ။ အဲသည်မှာ လမ်းကြောင်းမှားဝင်ရင် သီးတော့တာပေါ့’

‘သြော် ကျွန်တော် နည်းနည်းနားလည်ပြီ ဆရာရဲ့။ လည်ချောင်းက လမ်းခွဆုံလို ဖြစ်နေတာပေါ့။ ဝင်လာတဲ့ အစာတို့၊ လေတို့ က လည်ချောင်းရောက်ရင် သူ့လမ်းကြောင်းနဲ့သူ ပြန်ခွဲသွားရတယ်။ လမ်းကြောမှားဝင်ရင်ပြဿနာ ဖြစ်တဲ့သဘောပေါ့’

‘အဲ ဟုတ်တယ်ဗျ။ လမ်းကြောမှားဝင်ရင် သူက နောက်ပြန်ဆုတ်ရတဲ့သဘော။ လေလမ်းကြောင်းထဲမှားဝင်လာတဲ့ အစာတွေကို လေတွေက အပြင်ကို ပြန်မှုတ်ထုတ်တာဗျ။ အဲဒါကြောင့်မို့တခွီးခွီးဆိုပြီး ချောင်းဆိုးတာ သီးတာ ဖြစ်ကုန်တာလေ’

‘သြော် အဲဒါကြောင့် ရှေးလူကြီးတွေက အစာစားရင်း စကားမပြောနဲ့၊ သီချင်းမဆိုနဲ့လို့ပြောတာကိုး။ အဲဒါဆိုရင် သီး တတ်လို့ထင်တယ်နော် ဆရာ’

‘မှန်တာပေါ့ ဦးလေးရယ်။ ပုံမှန်သူ့ဘာသာသူ စားလိုက် အသက်ရှူလိုက်လုပ်နေရင် အဆင်ပြေနေတာပေါ့။ အဲ စားနေတဲ့အချိန်စကားပြောဖို့ ကြိုးစားရင်တော့ သူက အသက်ရှူဖို့လိုလာပြီလေ။ အဲသည် အချိန်ကျရင်တော့ လေလမ်းကြောင်းကို ပိတ်ထားတဲ့ epiglottis ခေါ်တဲ့ လေလမ်းကြောင်းအဖုံးက ပွင့်ဖို့လိုလာတယ်ပေါ့။ ပြီးတော့စကားပြောရတဲ့ အသံအိုး vocal cord ဆိုတာကလည်း ပွင့်ရသေးတယ်ဗျ။ အဲသည်တော့ အစာတွေက အဲသည်အပေါက်တွေကတစ်ဆင့် အသက်ရှူလမ်းကြောင်းထဲရောက်ကုန်တာပဲ။’

‘ဒါဆို ဒေါ်ခင်တင့်ကျတော့ အဲသည်အပေါက်တွေက မပိတ်တော့လို့လား’

‘မဟုတ်ဘူးဗျ ဒေါ်ခင်တင့်ကျတော့ လေဖြတ်ထားတာမို့လို့ ပါးစပ်နဲ့ လည်ချောင်းနဲ့ ပြီးတော့ အသက်ရှူတာနဲ့ ဟန်ချက်မညီတော့တာ။ ပုံမှန်ပါးစပ်ထဲကနေ လည်ချောင်းထဲကို သူ့အချိန်နဲ့သူ တိုင်ပင်ကိုက် မျိုချရတယ်၊ ပြီးမှ အသက်ရှူရတယ်။ လေဖြတ်တဲ့လူကျတော့ မျိုချရခက်ပြီး အစာတွေကအများကြီး လည်ချောင်းထဲရောက်လာတယ်။ ပြီးတော့ အသက်ရှူလမ်းကြောင်းအဖုံးကို ပိတ်ဖို့ကလည်း ကြွက်သားတွေလိုသေးတယ်တာကိုး၊ အဲဒါတွေကလည်း လေဖြတ်ထားလို့မသန်။ ဒါကြောင့်မို့ သီးကုန်တာလေ’

‘ကဲ ဟုတ်ပါပြီ။ ဒီလိုနဲ့ စကားကောင်းနေလိုက်တာဆရာရေ။ ဟိုမှာ ပြောရင်းဆိုရင်း ဆရာ့ဆေးခန်းရှေ့တောင် ရောက်လာပြီ။ အစာစားရင်း သီးတဲ့အကြောင်းလည်း ကျွန်တော် အတော်သိသွားပြီဆရာ။ နောက်ဆုံးပိတ်အနေနဲ့ တကယ်လို့ အဲသည်လို အစာစားရင်း သီးရင် ချက်ချင်းဘာလုပ်သင့်လဲဆရာ။ အဆုတ်ရောင်တဲ့အထိ မဖြစ်အောင်ပေါ့။ ဒါလေးတော့ ပြောသွားပေးပါဦး’

‘ဟုတ်ကဲ့ အစာစားရင် မသီးအောင်ကတော့ ခုနက ပြောသလို အစာစားရင်း စကားပြောတာမျိုးကို ရှောင်ပါ။ သီးသွားရင်လည်း မကြောက်ပါနဲ့။ များများသီးတာက ကောင်းပါတယ်။ ခုနက ကျွန်တော်ပြောသလို အစာတွေကို အပြင်ကိုများများပြန်မှုတ်လိုက်တော့ အဆုတ်ရောင်ဖို့အခွင့်အလမ်းနည်းသွားတာပေါ့။ သီးတာကများလွန်းလို့ ချောင်းဆိုးရခက်နေရင် နောက်ကနေ ကျောကို အသာအယာ လက်နဲ့ ပုတ်ပေးလို့ရပါတယ်။ ပြီးရင် အသက်ပုံမှန်ရှူပြီး ရေပြန်သောက်ချလိုက်ပါ။ ကောင်းသွားမှာပါ။ ဒါပေမယ့် ခဏခဏ စားတိုင်းလိုလိုမှာ သီးနေရင်တော့ ကိုယ့်ရဲ့အစာမျိုမှုကို ပြန်လည်စစ်ဆေးပြီး ကုသမှုခံယူဖို့လိုပါလိမ့်မယ်။ ကဲ ဦးလေးရေ ဒီလောက်ဆို အဆင်ပြေမှာပါနော်။ လိုက်ပို့ပေးတာ ကျေးဇူးပါပဲ။ နောက်မှ တွေ့ကြတာပေါ့’

‘ဟုတ်ကဲ့ပါ ဆရာ။ နောက်မှ ဆက်ဆွေးနွေးကြသေးတာပေါ့’

ဒေါက်တာထွန်းလင်း

Reference:
Anatomy and Physiology of Feeding and Swallowing – Normal andAbnormal (2008) by Koichiro Matsuo, DDS, PhD and Jeffrey B. Palmer, MD

ဆက်စပ် ဆောင်းပါးများ