ပြုံးရယ်ခြင်းနဲ့ကျန်းမာရေးကောင်းကျိုးများ

ပြုံးရယ်ခြင်းနဲ့ကျန်းမာရေးကောင်းကျိုးများ

နည်းပညာတွေတိုးတက်လာတဲ့ ဒီဘက်ခေတ်မှာ ကျွန်တော်တို့တွေဟာ စားဝတ်နေရေးအတွက်၊ ဘဝအောင်မြင်ကြီးပွားဖို့အတွက် ကြိုးစားကြရင်း လောဘ၊ ဒေါသ၊ မောဟတွေ များလာပါတယ်။

အဲ့အခါမှာ ကျွန်တော်တို့တွေဟာ စိတ်တအားဖိစီးလာပြီး စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ရောဂါတွေရလာကာ အသက်တိုလာကြပါတယ်။

စိတ်ဖိစီးမှုတွေများပြီး စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာရောဂါတွေ မဖြစ်စေရန်အတွက် အရိုးရှင်းဆုံးနဲ့ အလွယ်ကူဆုံး နည်းလမ်းတခု ရှိပါတယ်။

အဲ့ဒါကတော့ တနေ့ကို အနည်းဆုံး တကြိမ်လောက် ပြုံးရယ်ဖို့ပါပဲ။

ကျွန်တော်တို့တွေ အားလုံးလိုလိုဟာ အလုပ်တွေအဆင်ပြေနေတဲ့ အချိန်၊ ပျော်စရာတွေနဲ့ ကြုံနေရတဲ့အချိန်တွေမှာပဲ ပြုံးရယ်တတ်ကြပါတယ်။

စိတ်ဖိစီးစရာများတဲ့အခါ၊ အဆင်မပြေမှုတွေနဲ့ကြုံတဲ့အခါ၊ စိတ်ညစ်တဲ့အခါ တွေမှာတော့ ဝမ်းနည်းပူဆွေးကြပါတယ်။

ဒါသဘာဝပါပဲ။

သို့ပေမယ့် စိတ်ဖိစီးစရာများတဲ့အခါ၊ အဆင်မပြေမှုတွေနဲ့ကြုံတဲ့အခါ၊ စိတ်ညစ်တဲ့အခါတွေမှာလည်း ပြုံးရယ်နိုင်အောင် ကြိုးစားရပါမယ်။

လွယ်တော့မလွယ်ပေမယ့် တဖြည်းဖြည်းနဲ့လေ့ကျင့်ရင် ဖြစ်နိုင်ပါတယ်။

စိတ်ဓါတ်ကျပြီး၊ စိတ်ပူပန်မှု၊ စိတ်ညစ်မှုတွေများတဲ့အခါမှာ ပြုံးရယ်ခြင်းဖြင့် စိတ်ခံစားမှုကိုပိုမိုကောင်းမွန်စေလာနိုင်ပြီး စိတ်ဓါတ်ကျတာ၊ စိတ်ပူပန်မှု၊ စိတ်ညစ်မှုများတာတွေကို လျော့ပါးသက်သာစေနိုင်ပါတယ်။

၂၀၁၀ကလုပ်တဲ့သုတေသနတခုရဲ့ရလဒ်အရ စိတ်ဓါတ်ကျ၊ အဆင်မပြေတဲ့အခါမှာ ပြုံးရယ်ခြင်းဖြင့် စိတ်ခံစားမှုကို ကောင်းမွန်စေနိုင်ပြီး အကောင်းမြင်စိတ်ကိုလည်း ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။

စိတ်ညစ်နေတဲ့အချိန်၊ အဆင်မပြေတဲ့အချိန်မှာတော့ ပြုံးရယ်ဖို့ဆိုတာမလွယ်ကူပါ။ ဒါပေမယ့် တတ်နိုင်သမျှကြိုစားပြီး မချိပြုံးလေးပဲဖြစ်ဖြစ်ပြုံးနိုင်အောင် ပြုံးကြည့်ပါ။

စိတ်ညစ်တာတွေ၊ စိတ်ဖိစီးစရာတွေ လျော့ပါးသက်သာသွားပြီး တခြားကျန်းမာရေး ကောင်းကျိုးတွေလည်း ရလာနိုင်ပါတယ်။

ပြုံးရယ်ခြင်းဟာ သွေးဖိအားကိုကျစေပြီး နှလုံးခုန်နှုန်းကိုလည်းနှေးစေတဲ့အတွက် နှလုံးကျန်းမာရေးအတွက်ကောင်းစေပါတယ်။

ပြုံးရယ်တဲ့အခါမှာ ခန္ဓာကိုယ်ထဲကနေ endorphins လို့ခေါ်တဲ့ဟော်မုန်းထွက်လာပါတယ်။

အဲ့ဟော်မုန်းက နာကျင်မှုတွေ၊ စိတ်ဖိစီးမှုတွေကို သက်သာစေနိုင်ပြီး စိတ်ကိုပျော်ရွှင်စေပါတယ်။

ပြုံးရယ်ခြင်းဟာ တယောက်နဲ့ တယောက် ကူးစက်တတ်ပါတယ်။ အများအားဖြင့်တော့ ကိုယ်ကသူများကို ပြုံးရယ်ပြရင် သူများကလည်းကိုယ့်ကို ပြန်ပြီးပြုံးရယ်ပြပါတယ်။

အဲ့အခါမှာ လူတယောက်နဲ့ တယောက်ကြား၊ အဖွဲ့အစည်းတခုနဲ့ တခုကြား ဆက်ဆံရေးကို ကောင်းမွန်စေနိုင်ပါတယ်။ ယုံကြည်မှုတွေတိုးလာစေပါတယ်။

လုပ်ငန်းဆောင်တာတွေ ဆောင်ရွက်ရာမှာလည်း အဆင်ပြေချောမွေ့စွာနဲ့စောစီးစွာ ပြီးမြှောက်နိုင်ပါတယ်။

အဆုံးသတ်အနေနဲ့ပြောရရင် ပြုံးရယ်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာ နဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ကောင်းစေရုံသာမက လူမှုရေးဆိုင်ရာအကျိုးကျေးဇူးတွေကိုပါ ရရှိစေနိုင်ပါတယ်။

ပြုံးရယ်ခြင်းဟာ သင့်အတွက်သာမက သင့်အပြုံးအရယ်ကို မြင်ရတဲ့သူအတွက်ပါ အကျိုးရှိစေနိုင်ပါတယ်။

ဒါကြောင့် ဘယ်လောက်စိတ်ညစ်စရာ၊ အဆင်မပြေတာ၊ စိတ်ဓါတ်ကျစရာတွေရှိရှိ တနေ့တကြိမ်လောက်ပြုံးရယ်ကြပါလို့ တိုက်တွန်းချင်ပါတယ်။

Dr 528

ဆက်စပ် ဆောင်းပါးများ