ခြေစွယ်ငုပ်ခြင်း ပြဿနာဟာ အသက်အရွယ် ကြီးငယ်မရွေး တွေ့ကြုံခံစား ရနိုင်ပြီး ဖိနပ်မစီးနိုင်တာ၊ ကောင်းကောင်းလမ်းမလျှောက်နိုင်တာမျိုးတွေ ဖြစ်နိုင်ကာ အလွန်ပင် ခံရခက်တဲ့ ပြဿနာတရပ် ဖြစ်သလို စနစ်တကျ ကုသမှုမခံယူသူများ အနေနဲ့လည်း မကြာခဏ ပြန်ဖြစ်နေတတ်တဲ့ ပြဿနာ တရပ်လည်း ဖြစ်ပါတယ်။
ဖြစ်ပွားခဲ့လျှင်လည်း မသန့်ရှင်းသော လက်သည်းညှပ်၊ သံချွန် စသည်တို့နဲ့ ထိုးစွ မိခြင်းကြောင့်
ပိုးမွှားများ ဝင်ရောက်နိုင်ခြင်းမှသည် မေးခိုင်ပိုးဝင်ကာ အသက်သေဆုံး သည်အထိ ဖြစ်စေတတ်တဲ့ ပြဿနာတစ်ရပ်လည်း ဖြစ်ပါတယ်။
ဒါဆိုရင် ခြေစွယ်ငုပ်ခြင်း ဘယ်က စဖြစ်ပါသလဲ။ ခြေစွယ်ငုပ်ခြင်း မဖြစ်ရအောင် ဘယ်လိုတွေ လုပ်နိုင်ပါသလဲ။ ဖြစ်လာခဲ့ရင်လည်း ဘာတွေ လုပ်သင့် ပါသလဲစသည်ဖြင့် သိသင့် တာတွေ ဖော်ပြပေးထားပါမယ်။
ခြေစွယ်ငုပ်ခြင်း
ခြေစွယ်ငုပ်ခြင်းဆိုတာကတော့ အသစ်ထွက်လာတဲ့ခြေသည်းရဲ့ ဘေးအစွန် ထောင့်များဟာ ခြေချောင်းရဲ့ အရေပြားအထဲကို စိုက်ဝင်သွားပြီး အသားကို ထိုးခွဲမိချိန် ဖြစ်ရတဲ့ ခံစားမှုကို ခေါ်ဆိုတာပဲ ဖြစ်ပါတယ်။ စဖြစ်ကာစမှာ အရမ်းမနာတတ်ပေမယ့် ခြေထောက်ဆိုတဲ့အတိုင်း ခြေဆီ၊ ဖုန်၊ သဲ၊ အညစ်အကြေးတွေနဲ့ အမြဲ ထိတွေ့နေတဲ့ အစိတ်အပိုင်း ဖြစ်တာကြောင့် ထိုးခွဲမိတဲ့ နေရာမှာ အနှေးနဲ့ အမြန် ပိုးဝင်ရောက် နိုင်ပါတယ်။ ပိုးဝင်ရောက်လာခြင်းကြောင့် ရောင်လာခြင်း၊ နာလာခြင်း၊ နီရဲလာခြင်းနှင့် တဖြည်းဖြည်း ပြည်တည်လာပြီး လမ်းမလျှောက်နိုင်တော့သည် အထိ ဖြစ်လာနိုင် ပါတယ်။
ဘာ့ကြောင့် ခြေစွယ်ငုပ်ရသလဲ
ခြေစွယ်ငုပ်တာ အများဆုံးဖြစ်ရတဲ့ ခြေချောင်းကတော့ အားလုံး သိပြီးဖြစ်တဲ့ အတိုင်း ခြေမပဲဖြစ်သော်လည်း အခြားခြေချောင်းတွေမှာလည်း ဖြစ်ပွား ခံစားရနိုင် ပါတယ်။ အဓိကအားဖြင့် တကိုယ်ရည်သန့်ရှင်းမှု အားနည်းခြင်းနှင့် ခြေသည်းညှပ်ရာမှာ သန့်သန့်ရှင်းရှင်းနဲ့ ပုံစံတကျ မညှပ်တာကြောင့် ဖြစ်ပွား ရခြင်းဖြစ်ပေမယ့် အခြားသော အကြောင်းအရင်းများလည်း များစွာရှိပါတယ်။
- ခြေသည်းကို တိုလွန်းသည်အထိ ညှပ်ခြင်း
- ခြေသည်းထိပ်ကို တိတိရိရိ ဖြတ်မထားပဲ ဝိုင်း၍ထားခြင်း
- ခြေသည်းထောင့်များကို မသန့်ရှင်းသော အချွန်ဖြင့် လှန်ခြင်း၊ ဆွခြင်း
- ကြပ်လွန်းသော ရှုးဖိနပ်စီးခြင်းကြောင့် ခြေသည်းကို ဖိမိထားခြင်း
- ခြေအိတ်များကို ပုံမှန်မလျှော်ခြင်း၊ မသန့်သော ခြေအိတ်များ ဝတ်ဆင်ခြင်း
- ခလုတ်တိုက်မိခြင်းနှင့် အခြားသောအကြောင်းများကြောင့် ခြေသည်းကို မကြာခဏ ထိခိုက်မိခြင်း
- ပုံမှန်မဟုတ်သော ခုံးလွန်းသည့် ခြေသည်း ပိုင်ရှင်များ စသည့် အခြေအနေများမှာ ခြေစွယ်ငုပ်ခြင်း ဖြစ်ပွားနိုင်ပါတယ်။
ခြေစွယ်ငုပ်ခြင်း မဖြစ်ရအောင် ဘယ်လိုနေရမလဲ
အဓိကအားဖြင့် ခြေသည်းညှပ်ရာတွင် စနစ်တကျ ညှပ်တတ်ရန် လိုမည်ဖြစ်သလို ခြေသည်းများ၏ သန့်ရှင်းရေးကိုလည်း ဂရုစိုက်ဖို့ လိုသည်။
- ခြေသည်းကို တိုလွန်းသည်အထိ မညှပ်ရပါ။ ဘေးဘက်ထောင့်များကို မြင်ရသည့် အနေအထား ဖြစ်နေစေရမည်။
- ခြေသည်းထိပ်များကို အဖြောင့်အတိုင်း ရှိနေအောင် ညှပ်ရမည်ဖြစ်ပြီး ဝိုင်း၍ ထားခြင်းနှင့် ခြေစွယ်များ ဖော်ခြင်းကို ရှောင်ကျဉ်ရမည်။
- ခြေသည်းမညှပ်မီ ခြေထောက်ကို ဆပ်ပြာဖြင့် သေချာဆေးခြင်း (သို့မဟုတ်) ရေချိုးပြီးမှ ညှပ်ပေးသည့် အကျင့်ကို ပြုလုပ်ပေးသင့်သည်။
- လက်သည်းညှပ်၊ သံချွန်စသည်တို့ဖြင့် ခြေထောက်ကို ဆွခြင်းမျိုး ရှောင်ကျဉ်ရမည်။
- ရှုးဖိနပ်၊ ခြေအိတ် အချိန်ကြာမြင့်စွာ ဝတ်ရသူများအနေနှင့် အချိန်ရလျှင်ရသလို ဖိနပ်၊ ခြေအိတ် ချွတ်ပေးထားရန် လိုအပ်သလို ခြေအိတ်၊ ဖိနပ်များ၏ သန့်ရှင်းရေးကိုလည်း ပုံမှန်ပြုလုပ်ပေးသင့်သည်။ကြပ်လွန်းသည့် ရှုးဖိနပ်များ ဝတ်ဆင်ခြင်းကို ရှောင်ကျဉ်ရမည်။
ခြေစွယ်ငုပ်ရင် ဘာတွေလုပ်ရမလဲ
- စတင်သတိထားမိချိန်တွင် တကိုယ်ရည်သန့်ရှင်းရေး ဂရုစိုက်ရန် လိုအပ်သလို ခြေထောက်ကိုလည်း ရေသန့်သန့်ဖြင့် တစ်နေ့လျှင် ၂ကြိမ်၊ ၃ကြိမ်ခန့် (သို့) မကြာခဏ ဆေးကြော ပေးသင့်သည်။
- ညမအိပ်မီတွင် ၅မိနစ်ခန့် ရေနွေးနွေးတွင် ဆားအနည်းငယ် ထည့်၍ စိမ်ထားပေးခြင်းဖြင့်လည်း သက်သာနိုင်သည်။
- ရောင်နေသည့် ခြေသည်းထောင့်အား ဂွမ်းပါသည့် နားကျပ်တံဖြင့် ဖိကာ ခြေသည်း ဖော်ပေးခြင်းမျိုး ပြုလုပ်ပေးနိုင်သည်။
- ခြေစွယ်ငုပ်ချိန်တွင် လက်သည်းညှပ်၊ သံချွန်စသည်တို့ဖြင့် ခြေသည်းဖော်ခြင်းကို အထူးရှောင်ကျဉ်သင့်သည်။
- ခြေစွယ်ငုပ်နေစဉ်အတွင်း ခြေအိတ်နှင့်ရှုးဖိနပ်များ ဝတ်ဆင်ခြင်းကို ရှောင်ကျဉ်ရမည်။
- ပြည်တည်လာခြင်း၊ ရောင်ရမ်းလာခြင်းနှင့် မခံနိုင်အောင် နာကျင်ခြင်းမျိုးရှိလျှင် ပိုးဝင် ခြင်းကြောင့်ဖြစ်သည့် လက္ခဏာများဖြစ်သည့်အတွက် နီးစပ်ရာ ဆေးခန်းတွင် အမြန်ဆုံး သွားရောက် ပြသပြီး လိုအပ်သော ကုသမှုများ ခံယူရန်လိုသည်။
ခြေစွယ်ငုပ်ခြင်း ပြဿနာမှ ကင်းဝေးကြပါစေ။