ဘယ်တော့မှ အစိမ်းမစားသင့်တဲ့ အစားအစာ ၆ ခု

ဘယ်တော့မှ အစိမ်းမစားသင့်တဲ့ အစားအစာ ၆ ခု

အသားအစိမ်းတွေ ကြက်ဥအစိမ်းတွေ မစားသင့်မသောက်သင့်ဘူးဆိုတာကို သိတဲ့သူတွေ အများကြီးရှိကြပါလိမ့်မယ်။ ဒါပေမဲ့ မစားခင် ချက်ပြုတ်ပြီးမှ စားသင့်တဲ့ အခြားအစားအစာတွေ ရှိပါသေးတယ်။ တချို့အစားအစာတွေကို သိရရင် ခင်ဗျား အံ့တောင်အံ့သြသွားနိုင်ပါတယ်။

၁) အာလူး

အာလူးကို ဘယ်တော့မှ အစိမ်း မစားသင့်ပါဘူး။ ရင်ပြည့်ရင်ကယ်တာနဲ့ အစာမကြေတဲ့ပြသနာတွေ ဖြစ်နိုင်တယ်။ အာလူးတုတ်ထိုးဆိုလည်း ကျက်နေအောင် ပြုတ်ထားမှ စားသင့်ပါတယ်။ အာလူးမှာပါတဲ့ ကစီဓာတ်တွေက ကျက်အောင်ချက်ပြုတ်မှ ပြိုကွဲနိုင်တာမို့ပါ။ ပိုကြောက်ဖို့ကောင်းတာတခု ရှိပါသေးတယ်။ အာလူးအစိမ်းဟာ နွေးထွေးစိုစွတ်တဲ့နေရာမှာထားတာကြာသွားရင် အစိမ်းရောင်ပြောင်းသွားပြီး Solanine လို့ခေါ်တဲ့ အဆိပ်တခု ဖြစ်လာပါတယ်။ တကယ်လို့ အာလူးပေါ်မှာ အစိမ်းရောင် အကွက်တွေ တွေ့ရင် လုံးဝမစားသင့်ပါဘူး။ Solanine က အစာအဆိပ်သင့်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

၂) မြေထောက်နီပဲ (သို့မဟုတ်) kidney beans

ဒီ ပဲကလည်း ကျန်းမာရေးအတွက်ကောင်းပေမဲ့ စားပုံစားနည်း မမှန်ရင် ဒုက္ခပေးနိုင်ပါတယ်။ အသားဓာတ် အမျှင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်တဲ့ မြေထောက်နီပဲဟာ အစိမ်းစားမိမယ်ဆိုရင်တော့ အစာအိမ်ကို ရှယ်ဒုက္ခပေးပါလိမ့်မယ်။ ကျက်အောင် ချက်ပြုတ်မထားတဲ့ မြေထောက်နီပဲမှာ phytohemagglutinin ဆိုတဲ့ အဆိပ်ဓာတ်ပါပြီး ဗိုက်အောင့်ဗိုက်နာမအီမသာစတဲ့ အစာအဆိပ်သင့်တဲ့ပြသနာတွေဖြစ်စေပါတယ်။ ဒါကြောင့် မစားခင်မှာ ဒီပဲကို အနည်းဆုံး ဆယ်မိနစ်လောက် ပြုတ်ဖို့တော့ လိုပါလိမ့်မယ်။

၃) ဟော့ဒေါ့အသားချောင်း

သိတဲ့အတိုင်း ဒီအသားချောင်းတွေက အာဟာရသိပ်ရတဲ့အထဲ မပါပါဘူး။ ဒါပေမဲ့ အစိမ်းစားမိရင်တော့ ဒုက္ခရောက်နိုင်ပါတယ်။ ဒီကလူတွေ မှားနေတာတခုက အဲဒီ အကင်ချောင်းတွေကို အစိမ်းစားလို့ရတယ်လို့ထင်နေတာပါပဲ။ အကျက်တွေလို့ ထင်နေတတ်ကြတယ်။ တခြားနိုင်ငံ FDA တွေရဲ့အဆိုအရ ထုပ်ပိုးပြီးသား အသားချောင်းတွေမှာ Listeria လို့ခေါ်တဲ့ ဘက်တီးရီးယားတွေ တွယ်ကပ်နေတတ်ပါတယ်။ ဒီဘက်တီးရီးယားတွေ သေသွားအောင်က မစားခင်မှာ  ပြန်ပြီးအပူပေးတာ ကြော်တာ ကင်တာတွေ လုပ်ဖို့လိုပါလိမ့်မယ်။

၄) နွားနို့

နွားနို့အစိမ်းဆိုတာ နွားမဆီကနေ ဒီအတိုင်းညှစ်ထားပြီး သန့်စင်အောင် ကျိုချက်ထားခြင်းမရှိသေးတဲ့နို့ကို ဆိုလိုပါတယ်။ သူ့မှာ အလွန်အန္တရာယ်များတဲ့ E.coli နဲ့ Salmonella လို့ခေါ်တဲ့ပိုးတွေ ပါဝင်ပါတယ်။ အဲဒီ နွားနို့အစိမ်းဟာ အခြားနို့ထွက်ပစ္စည်းတွေထက် အဆပေါင်း ၁၅၀ လောက် ပိုပြသနာပေးနိုင်ပါတယ်။ ဒါကြောင့် နို့ဝယ်မယ်ဆို Pasteurized Milk ဟုတ် မဟုတ် သေချာစစ်ပြီးမှ ဝယ်ဖို့လိုပါလိမ့်မယ်။

၅) ပဲပင်ပေါက် မုန်လာပင်ပေါက်

ပဲပင်ပေါက်ဟာ ကျန်းမာရေးအတွက် အရမ်းကောင်းပါတယ်။ ပြသနာက သူတို့မှာလည်း E.coli ,Salmonella နဲ့ Listeria စတဲ့ ဘက်တီးရီးယားတွေ ရှိနေတတ်တာပါ။ ဒါကြောင့် ဝယ်မယ်ဆိုရင် အလတ်ဆတ်ဆုံးကို ရွေးဝယ်သင့်ပါတယ်။ မစားခင် ဆေးကြောပြီး အနည်းဆုံးတော့ ပြုတ်ပေးဖို့လိုပါလိမ့်မယ်။

၆) ခရမ်းသီး

သူ့မှာလည်း အာလူးလိုပဲ Solanine ဆိုတဲ့အဆိပ်အတောက်ပါပါတယ်။ မြန်မာတွေအများဆုံး ငပိရည်နဲ့ တို့လေ့ရှိတဲ့ ခရမ်းကြွပ်သီးလိုမျိုး မရင့်မှည့်သေးခင်ခူးဆွတ်ထားတာမျိုးတွေဆိုရင် ပိုပြီး Solanine ပါဝင်မှုများပါတယ်။ အစာအဆိပ်သင့်ဖို့ဆိုတာက ဒီခရမ်းသီးအစိမ်းတွေကို အများကြီးစားမှဖြစ်တယ်ဆိုပေမဲ့ ကျက်အောင်ချက်ပြုတ်ပြီးမှ စားတာမျိုးက ပိုအဆင်ပြေပါလိမ့်မယ်။

Dr.KG

ဆက်စပ် ဆောင်းပါးများ