fbpx

အူမကြီးကင်ဆာမဖြစ်အောင် ဒါတွေစား ဒါတွေမစားနဲ့

အူမကြီးကင်ဆာမဖြစ်အောင် ဒါတွေစား ဒါတွေမစားနဲ့

အမေရိကားမှာ ယောကျာ်းရော မိန်းမပါ တတိယအများဆုံးဖြစ်လေ့ရှိတဲ့ကင်ဆာက အူမကြီးကင်ဆာပါတဲ့။ ဒီကင်ဆာနဲ့ အဓိကသက်ဆိုင်တဲ့ အချက်တစ်ခုက အစားအသောက်တွေပဲ ဖြစ်ပါတယ်။ အသီးအနှံများများစားတာ အနီရောင်အသား မကျက်တကျက်အသားနဲ့ အသင့်ပြင်ဆင်စီမံပြီးသားအသားတွေ လျော့စားတာမျိုးက ဒီကင်ဆာမဖြစ်ရအောင် အကူအညီပေးနိုင်ပါတယ်။

ဒါ့အပြင် လေ့ကျင့်ခန်းပုံမှန်လုပ်တာ အရက်လျော့သောက်တာ ဆေးလိပ်ဖြတ်တာ ကိုယ်အလေးချိန်ကိုထိန်းထားတာ စတဲ့အမူအကျင့်တွေကလည်း သင့်ကို ကင်ဆာမျိုးစုံကနေ ဝေးကွာစေအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ အူမကြီးကင်ဆာနဲ့ပတ်သက်ပြီး စားသင့်တဲ့အစားအစာတွေနဲ့ မစားသင့်တဲအစားအစာတွေအကြောင်း ဖော်ပြပေးသွားပါမယ်။

၁) နို့နှင့်နို့ထွက်ပစ္စည်း များများစားပါ

သုတေသနတချို့အရ ကယ်လ်ဆီယမ်ဓာတ်နည်းပါးရင် အူမကြီးကင်ဆာဖြစ်နိုင်ချေ မြင့်မားတယ်လို့ဆိုပါတယ်။ ဒါကြောင့် ကယ်လ်ဆီယမ်ဓာတ်ခပ်များများပါဝင်တဲ့ နို့ ဒိန်ချဉ် ဒိန်ခဲ ထောပတ်နဲ့ ရေခဲမုန့်စတာတွေ များများစားပေးဖို့ လိုပါမယ်။

၂) ပဲအမျိုးမျိုးစားပါ

ပဲကတော့ ဘယ်လိုပဲမျိုးမဆို များများစားပေးသင့်ပါတယ်။ ဒါဟာ အူမကြီးကင်ဆာဖြစ်နိုင်ချေကို တခါတည်း လျော့ချပြီးသားဖြစ်စေပါတယ်။ ပဲမှာပါတဲ့ အမျှင်ဓာတ် ဗီတာမင် ဘီဓာတ် အသားဓာတ်စတာတွေဟာ ကျန်းမာရေးအတွက်အထူးသင့်တော်ပါတယ်။ ဒါ့အပြင် flavonoids နဲ့ အခြား antioxidants တွေပါပြီး ကင်ဆာဆဲလ်တွေမပြန့်ပွား မကြီးထွားလာအောင် ကာကွယ်ပေးပါသေးတယ်။

၃) အရောင်အသွေးတောက်ပစိုပြေတဲ့ အသီးအနှံနဲ့ဟင်းသီးဟင်းရွက်တွေ များများစားပါ။

အရောင်စိုတဲ့ဟင်းသီးဟင်းရွက်တွေမှာ ကင်ဆာဆဲလ်တွေကြီးထွားမှုကို ဟန့်တားပေးနိုင်တဲ့ phytochemicals တွေ အများကြီးပါပါတယ်။ အဝါ အစိမ်း အနီ အပြာ ခရမ်း အရောင်စုံတဲ့အသီးအနှံမျိုးစုံကို စားတာဟာ ကင်ဆာမှ မဟုတ်ပါဘူး။ သူတို့မှာပါဝင်တဲ့ antioxidants တွေကြောင့် အခြားသော နာတာရှည်ရောဂါတွေကနေပါ ကာကွယ်မှုရစေပါတယ်။

၄) ငါးများများစားပါ

အထူးသဖြင့် အဆီများများပါတဲ့ငါးတွေစားပါ။ ဥပမာ ဆယ်လ်မွန်လို ငါးမျိုး။ သူ့မှာပါတဲ့ လူနဲ့တည့်တဲ့အဆီဖြစ်တဲ့ Omega 3 ဟာ ကင်ဆာဆဲလ်တွေပြန့်ပွားမှု ကြီးထွားမှုကို ရပ်တန့်စေပါတယ်။

၅) အသားလျော့စားပါ

အသားဓာတ်ဟာ အရေးကြီးတာ မှန်ပါတယ်။ ဒါပေမဲ့ မီးပြင်းပြင်းနဲ့ချက်ထားတဲ့ ဝက်သား အမဲသားစတဲ့ အနီရောင်အသား (Red Meat ) တွေဟာ အူမကြီးကင်ဆာနဲ့ ဆက်စပ်မှုတွေရှိတယ်လို့ လေ့လာမှုတွေကဆိုပါတယ်။ ဒါ့အပြင် ဒီအသားတွေမှာ လူနဲ့မတည့်တဲ့အဆီတွေလည်း ပါဝင်သေးတာမို့ ဘာပဲဖြစ်ဖြစ် လျော့စားနိုင်ရင် အကောင်းဆုံးပါပဲ။

၆) ကြာရှည်ခံအောင် ပြင်ဆင်ဖြည့်စွက်စီမံထားတဲ့ အသားတွေ (Processed Meat) လျော့စားပါ။

ကျပ်တိုက်ထားတာ ဆားနယ်ထားတာ တခြားဓာတုပစ္စည်းတွေထပ်ထည့်ထားတာ စတဲ့ အသားတွေကို ဆိုလိုပါတယ်။ ဟော့ဒေါ့ဂ် ဟမ်ဘာဂါ ဝက်ပေါင်ခြောက် စတာတွေပေါ့။ ဒါမျိုးတွေ များများစားတဲ့သူတွေမှာ အူမကြီးကင်ဆာဖြစ်နိုင်ချေ ပိုများတတ်ပါတယ်။

၇) အရက်ဖြတ်ဖို့ကြိုးစားပါ

တနေ့ကို ၂ ခွက် ၃ ခွက်လောက် ပုံမှန်သောက်ဖြစ်နေရင်ကို အူမကြီးကင်ဆာဖြစ်ဖို့ အလားအလာ ၂၀ ရာခိုင်နှုန်းလောက် ပိုများသွားနိုင်ပါတယ်။ အသားကုန်သောက်တဲ့ သူတွေမှာတော့ ကင်ဆာဖြစ်နိုင်ချေ ၄၀ ရာခိုင်နှုန်းလောက် မြင့်တက်နေနိုင်ပါတယ်။

Dr.KG

ဆက်စပ် ဆောင်းပါးများ