ခြေဖနောင့်ကွဲတာ အမြန်ဆုံးသက်သာအောင်

ခြေဖနောင့်ကွဲတာ အမြန်ဆုံးသက်သာအောင်

ခြေဖနောင့်ကွဲတာဟာ အဖြစ်များလေ့ရှိတဲ့ ခြေထောက်ပိုင်းဆိုင်ရာပြသာနာတွေထဲက တခုပါ။

လေ့လာမှုတခုက အမေရိကန်နိုင်ငံမှာဆိုရင် အရွယ်ရောက်ပြီးသူတွေရဲ့၂၀ရာနှုန်းခန့်ဟာ ခြေဖနောင့်ကွဲခြင်းပြသာနာကို တွေ့ကြုံခံစားနေရတယ်လို့ ဖော်ပြထားပါတယ်။

ခြေဖနောင့်ကွဲခြင်းဟာ အသက်ကြီးသူတွေမှာမှ ဖြစ်တာမဟုတ်ပါ။ငယ်ရွယ်တဲ့သူတွေမှာလည်းဖြစ်နိုင်ပါတယ်။

အမျိုးသမီးတွေက အမျိုးသားတွေထက် ခြေဖနောင့်ကွဲခြင်းပြသာနာ ပိုဖြစ်နိုင်ခြေများပါတယ်။

အများအားဖြင့်တော့ ခြေဖနောင့်ကွဲခြင်းဟာ ဘာမှကြီးကြီးမားမားဆိုးကျိုးဖြစ်တာ ဖြစ်လေ့မရှိတတ်ပါဘူး။

သို့သော် အမျိုးသမီးတွေမှာဆိုရင်တော့ ကြည့်ရဆိုးပြီး အလှအပရေးရာထိခိုက်မှုရှိနိုင်ပါတယ်။

ဒါ့အပြင် တချို့တွေမှာဆိုရင် ခြေဖနောင့်ကွဲတဲ့ဒဏ်ရာဟာ တအားနက်တဲ့အခါ သွေးထွက်တာ နာကျင်တာတွေဖြစ်ပြီး သွားလာရအဆင်မပြေတာမျိုးလည်း ဖြစ်တတ်ပါတယ်။

ခြေဖနောင့်ကွဲခြင်းကို ဖြစ်စေနိုင်တဲ့အကြောင်းရင်းတွေကတော့

အချိန်အကြာကြီးမတ်တပ်ရပ်အလုပ်လုပ်ရတာ

ဖိနပ်အမာတွေ၊ဖိနပ်နောက်ပွင့်တွေအစီးများတာ

ဖိနပ်မပါဘဲ လမ်းကြမ်း မျက်နှာပြင်ကြမ်းတဲ့အပေါ်တွေလျှောက်သွားတာ

ခြေထောက်ရေအထိများတာ

ကိုယ်အလေးချိန်များလာတာ

အသားအရည်ခြောက်သွေ့တာ

အသက်ကြီးလာတာ

ဗီတာမင်ဓါတ်ချို့တဲ့တာ စသဖြင့် အများကြီးရှိပါတယ်။

ဒါ့အပြင် ဆီးချိုရောဂါ၊သိုင်းရွက်ဟော်မုန်းရောဂါ၊Psoriasis အရေပြားရောဂါစတာ တွေကြောင့်လည်း ခြေဖနောင့်ကွဲခြင်းဖြစ်နိုင်ပါသေးတယ်။

ခြေဖနောင့်ကွဲခြင်းဖြစ်တဲ့အခါ

အစိုဓါတ်ပါတဲ့ Lotion(လိုးရှင်း)တမျိုးမျိုးလိမ်းတာ သို့မဟုတ် Moisturizer(မွိုင်ချာရိုက်ဇာ)လိမ်းတာ သို့မဟုတ် သံလွင်ဆီ၊အုန်းဆီလိမ်းတာတွေကို မနက်၁ကြိမ် ည၁ကြိမ် လုပ်ပေးပါ။

ခြေဖနောင့်က လှန်နေတဲ့အရေခွံလေးတွေကို ဆွဲခွာတာမလုပ်ပါနဲ့။

Pumice stone လို့ခေါ်တဲ့ ကျောက်တုံးကြမ်း(ချေးတွန်းကျောက်)လေးနဲ့ ရေချိုးတဲ့ ခြေဖနောင့်ကို ညင်သာစွာပွတ်ပေးပါ။

ဖိနပ်နောက်ပိတ်ပါပြီး အောက်ခံပျော့ပျောင်းတဲ့ဖိနပ်အမျိုးအစားကိုစီးပါ။

ဒီလိုတွေလုပ်လို့မှ မသက်သာပါက သို့မဟုတ် ခြေဖနောင့်ကွဲတဲ့နေရာမှာပိုးဝင်ပြီး ရောင်ရမ်းလာတာမျိုးဖြစ်ပါက ဆရာဝန်နဲ့ပြသဖို့လိုပါတယ်။

ခြေဖနောင့်ကွဲခြင်းဖြစ်ပွားနိုင်ခြေနည်းစေရန်

ရေများများသောက်ပေးပါ။

ဖိနပ်ကိုမိမိနဲ့ကြပ်တဲ့ဆိုဒ်မစီးပါနဲ့။နောက်ပိတ်ပါပြီး အောက်ခံပျော့တဲ့ဖိနပ်စီးပါ။

ဖိနပ်ပျက်မှ အသစ်လဲတာမဟုတ်ဘဲ ခြောက်လတခါလောက် ဖိနပ်အသစ်လဲပေးပါ။

ဆောင်းတွင်းရေချိုးတဲ့အခါ ရေတအားပူတာရောစပ်ချိုးတာ အချိန်အကြာကြီးချိုးတာမျိုးကို ရှောင်ပါ။

ရေချိုးပြီးတဲ့အခါ အစိုဓါတ်ပါတဲ့ lotion တမျိုးမျိုးလိမ်းပါ။

ခြေဗလာဖြင့် မျက်နှာပြင်ကြမ်းတဲ့အပေါ် ပူနေတဲ့အပေါ်တွေ လျှောက်သွားတာရှောင်ပါ။

Dr 528

ဆက်စပ် ဆောင်းပါးများ