မျိုးရိုးဗီဇနဲ့ မသက်ဆိုင်တဲ့ အဝ ပြဿနာများ

 

မျိုးရိုးဗီဇနဲ့ မသက်ဆိုင်တဲ့ အဝ ပြဿနာများ

ကျန်းမာရေးကဏ္ဍကကြည့်မယ်ဆိုရင် လိုအပ်တာထက် ပိုဝနေတာဟာ တစက်ကလေးမှ မကောင်းပါဘူး။တချို့က အဖေအမေ ဒါမှမဟုတ် မျိုးရိုးထဲက လူတွေ ဝသလို မျိုးရိုးလိုက်ပြီး ဝကြပေမဲ့ တချို့ကြပြန်တော့ မျိုးရိုးနဲ့ မဆိုင်ပဲကို ဝနေတတ်ပါတယ်။ဝတဲ့အတွက်ကြောင့်ဖြစ်လာနိုင်တဲ့ရောဂါတွေရှိသလို ရောဂါတချို့ကြောင့်လည်း ဝလာနိုင်ပါသတဲ့။ဒီဆောင်းပါးမှာတော့ မျိုးရိုးမလိုက်ဘဲ ဝတာနဲ့ ဆက်စပ်နေတဲ့ ကျန်းမာရေးပြဿနာတွေကို ပြောပြပေးသွားပါမယ်။

၁။လည်ပင်းဟော်မုန်းအထွက်နည်းခြင်း(Hypothyroidism)

လည်ပင်းမှာရှိတဲ့လိပ်ပြာပုံဂလင်းသေးသေးလေးကနေ ပုံမှန်ထွက်ရမဲ့ဟော်မုန်းပမာဏ မထွက်တော့ဘူးဆိုရင် သင်ဟာ စပြီးဝလာပါတော့မယ်။ဒါ့အပြင် ဆံပင်တွေပါးလာလိမ့်မယ်။အသားတွေကြမ်းလာမယ်။မောပန်းလွယ်မယ်။ဝမ်းချုပ်တတ်မယ်။နောက်ဆုံး စိတ်ဓာတ်တွေပါကျလာနိုင်ပါတယ်။

၂။ စိတ်ကျရောဂါ (Depression)

များသောအားဖြင့် အဝလွန်တယ် ဝိတ်တတ်လာတယ်ဆိုတာ ရုပ်ပိုင်းဆိုင်ရာပြဿနာလို့ပဲ ခံယူထားကြပါတယ်။ဒါပေမဲ့ ရုပ်ပိုင်းသာမကပါဘူး။ဒါဟာ စိတ်ပိုင်းဆိုင်ရာရောဂါတွေနဲ့လည်း ဆက်စပ်နေပါတယ်။စိတ်ကျရောဂါလိုအခြေအနေမျိုးမှာ stress hormones တွေ ခန္ဓာကိုယ်ကနေ အများကြီးထွက်ပြီး အဆိုပါဟော်မုန်းက ဝမ်းဗိုက်မှာအဆီတွေကို လာစုစေပါတယ်။စိတ်ကျတဲ့လူအဖို့မှာ လေ့ကျင့်ခန်းတွေ ကိုယ်လက်လှုပ်ရှားမှုတွေလည်း သိပ်မလုပ်နိုင်တာကြောင့် ဝပြီးရင်းဝဖို့ ဖြစ်လာပါတယ်။ဒီရောဂါအတွက်သောက်ရတဲ့ဆေးအချို့ကလည်း ဝအောင်လုပ်နိုင်ပါသေးသတဲ့။

၃။အိပ်မပျော်ခြင်း (Insomnia)

အိပ်ရေးတွေပျက်လို့ ပိန်သွားမယ် ထင်သလား။လုံးဝ မှားသွားပါလိမ့်မယ်။တနေ့ကို အနည်းဆုံး ၆ နာရီလောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ဘူးဆိုရင် အဆီတွေပိုတိုးလာနိုင်တယ်လို့ ဆိုပါတယ်။အိပ်ရေးပျက်ရင်ထွက်တဲ့ cortisol နဲ့ insulin ဟော်မုန်းတွေက အဓိကတရားခံတွေပါပဲ။သူတို့က အိပ်ရေးပျက်တဲ့သူတွေကို အစားတွေအများကြီးစားချင်အောင်လည်း လုပ်ပါသေးတယ်။

၄။သွေးဆုံးခြင်း (Menopause)

သွေးဆုံးကိုင်တဲ့အချိန် Oestrogen ဟော်မုန်းအထွက်နဲသွားတာကလည်း အမျိုးသမီးတွေ ဝလာစေတဲ့အကြောင်းတချက်ဖြစ်ပါတယ်။သူ့ချည်းသက်သက်တော့ မဟုတ်ပါဘူး။ဒီအချိန်မှာဖြစ်တတ်တဲ့ အိပ်မပျော်တာတွေ စိတ်အလိုမကျတာတွေကြောင့်လည်း ပါပါသတဲ့။

၅။ကူးရှင်း ရောဂါ (Cushion’s Disease)

Cortisol ဆိုတဲ့ဟော်မုန်းဟာ ခန္ဓာကိုယ်ရဲ့ သွေးပေါင်ချိန်နဲ့ သွေးတွင်းအချိုဓာတ်ကို ပုံမှန်အနေအထားဖြစ်အောင် ထိန်းညှိပေးပါတယ်။ဒါပေမဲ့ ဒီဟော်မုန်းပမာဏ လိုအပ်တာထက်အရမ်းများသွားရင်တော့ ဗိုက်တွေပူ လည်ကုပ်တွေတိုဝင်သွားအောင် ဝလာနိုင်ပါတယ်။မျက်နှာက ဖောင်းဖောင်းဝိုင်းဝိုင်းကြီးဖြစ်နေပြီး ဗိုက်ကပူ လက်တွေခြေတွေကျတော့ သေးသေးသိမ်သိမ်လေးတွေဖြစ်နဲ့ ကြည့်ရအတော်ဆိုးပါတယ်။သွေးခြေဥလွယ်တာ အားနည်းနေတတ်တာတွေလည်း တွေ့ရတတ်ပါတယ်။ဆေးကုသမှုခံယူဖို့ မဖြစ်မနေလိုတဲ့အခြေအနေတခုပါ။

၆။သားဥအိမ်တွင် အရည်အိတ်အမြောက်အမြားတည်ခြင်း (Polycystic Ovarian Syndrome)

ဒီရောဂါရဲ့ ပြဿနာက တချို့ရောဂါတွေလို တခုခုစစ်ဆေးလိုက်တာနဲ့ ဒါပါပဲလို့ တန်းပြောဖို့မလွယ်ကူတာပါ။ရာသီထိန်သွားမယ်။ဝက်ခြံတွေ ထွက်မယ်။မျက်နှာနဲ့ခန္ဓာကိုယ်အနှံ့မှာ အမွေးကလေးတွေထွက်မယ်။အာထရာဆောင်းမှာ သားဥအိမ်မှာ အရည်အိတ်ကလေးတွေတွေ့ပါလိမ့်မယ်။Androgen ဟော်မုန်းအထွက်များလို့ ဖြစ်ရတာဖြစ်ပြီး Insulin ဟော်မုန်းကို  အားနည်းစေလို့ ကိုယ်အလေးချိန်တွေပါ တိုးလာစေပါတယ်။

၇။နှလုံးကြပ်ခြင်း (Congestive Heart Failure)

နှလုံးက ပုံမှန်မညှစ်ထုတ်နိုင်တော့ရင် ဖြစ်တဲ့အခြေအနေပါ။ဒီအခြေအနေမှာ ရုတ်တရက် လေးငါးဆယ်ရက်အတွင်း ပေါင်ချိန်တွေထိုးတက်လာတယ်ဆို သိပ်မကောင်းပါဘူး။ခြေထောက်တွေဖောရောင်လာမယ်။အသက်ရှုပြင်းမယ်။သွေးတိုးမယ်။သတိမေ့တတ်လာမယ်။ဆေးကုသမှုစနစ်တကျခံယူသင့်တဲ့အခြေအနေပါပဲ။

၈။ဖောရောင်ခြင်း (Oedema)

များသောအားဖြင့် ခြေတွေလက်တွေဖောရောင်လာပြီဆိုရင် လူကလည်း ဝနေပါပြီ။ဖောရောင်တာဟာ ကျောက်ကပ် နှလုံး အသည်းစတဲ့ ပြဿနာတွေနဲ့ ဆက်စပ်မှုရှိနေနိုင်တာမို့ ဖြစ်ရတဲ့အကြောင်းရင်းကို မြန်မြန်ရှာတွေ့အောင် ဆေးကုသမှုခံရပါမယ်။

၉။စတီးရွိုက်ပါသောဆေးများ (Steroids)

ပန်းနာရင်ကြပ်တို့ အဆစ်အမြစ်ရောင်တို့မှာသုံးလေ့ရှိတဲ့ ဒီဆေးတွေကို ကြာကြာသုံးစွဲမိရင် လူကဖောသလိုဖြစ်လာပြီး ကိုယ်အလေးချိန်တွေလည်းတက် အစားစားချင်စိတ်တွေလည်း တက်လာပါတယ်။ရေရှည်သုံးစွဲဖို့ လုံးဝမသင့်တော်တဲ့ဒီဆေးကို မြန်မာပြည်မှာ ရမ်းကုတွေက လှိုင်လှိုင်သုံးသလို မှတ်ပုံမတင်ထားတဲ့တိုင်းရင်းဆေးအမည်ခံဆေးတွေမှာပါ ခဏခဏဆိုသလို ဖော်ထုတ်တွေ့ရှိနေတာ ရင်လေးစရာပါပဲ။

Dr.KG

ဆက်စပ် ဆောင်းပါးများ