ကလေးမွေးပြီးရင် အချင်းသွေးနဲ့တစ်ရှုး သိမ်းတဲ့အလေ့အထ ဘာလို့ခေတ်စားလာတာလဲ

ကလေးမွေးပြီးရင် အချင်းသွေးနဲ့တစ်ရှုး သိမ်းတဲ့အလေ့အထ ဘာလို့ခေတ်စားလာတာလဲ

အရင်ခေတ်တွေတုန်းကတော့ ကလေးမွေးဖွားပြီးတဲ့အခါမှာ အချင်းနဲ့ချက်ကြိုးကို စွန့်ပစ်ကြပါတယ်။

သို့သော် လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်ကစပြီး ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ကလေးမွေးဖွားပြီးတဲ့အခါ အချင်းနဲ့ချက်ကြိုးကိုစွန့်မပစ်ဘဲ အချင်းသွေးနဲ့ အချင်းတစ်ရှုးကို ယူကာ သိမ်းဆည်းလာကြပါတယ်။

အချင်းသွေးဆိုတာကတော့ အချင်းနဲ့ချက်ကြိုး တွေထဲမှာ ကျန်ရှိတဲ့သွေးဖြစ်ပါတယ်။

အချင်းတစ်ရှုးဆိုတာကတော့ Umbilical cord ခေါ် ချက်ကြိုးထဲမှာရှိတဲ့ Wharton’s Jelly လို့အမည်ရတဲ့ တွယ်ဆက်တစ်ရှုးဖြစ်ပါတယ်။

ဒါကြောင့် တကယ်တမ်းခေါ်ရင်တော့ ချက်ကြိုးတစ်ရှုးခေါ်သင့်ပေမယ့် အများအားဖြင့်တော့ အချင်းတစ်ရှုးပဲခေါ်လေ့ရှိပါတယ်။တချို့ကလည်း အချင်းတိုင်တစ်ရှုးလို့ခေါ်ကြပါတယ်။

အချင်းသွေးနဲ့ အချင်းတစ်ရှုးတွေကို သိမ်းဆည်းရတဲ့အကြောင်းကတော့ သူတို့တွေထဲမှာ အဖိုးတန်အသုံးဝင်တဲ့ ပင်မဆဲလ်(Stem cells)တွေပါလို့ဖြစ်ပါတယ်။

အချင်းသွေးနဲ့အချင်းတစ်ရှုးသိမ်းတယ်ဆိုပေမယ့် တကယ်တမ်းက သူတို့ထဲမှာပါတဲ့ ပင်မဆဲလ်တွေကို ထုတ်ယူပြီး Vapour phase of liquid nitrogen နည်းပညာနဲ့ သိမ်းထားတာဖြစ်ပါတယ်။

ဒီနေရာမှာ ပင်မဆဲလ်(Stem Cells)အကြောင်း အကြမ်းဖျင်း နားလည်လွယ်အောင် ရှင်းပြချင်ပါတယ်။

သုတ်ကောင်နဲ့မမျိုးဥပေါင်းစပ်ပြီးနောက်မှာ Zygote ဆိုတဲ့သန္ဓေအောင်ဆဲလ်လေးတလုံးဖြစ်လာပါတယ်။

ထို သန္ဓေအောင်ဆဲလ်တလုံးကနေ နှစ်လုံး လေးလုံး ရှစ်လုံးစသဖြင့် အတိုင်းအတာတခုထိပွားများပါတယ်။

ထို့နောက်မှာမှ အဲ့ဆဲလ်တွေဟာ အရိုးဆဲလ်၊ကြွက်သားဆဲလ်၊အာရုံကြောဆဲလ်၊ကိုယ်တွင်းအင်္ဂါဆဲလ်တွေအဖြစ်အသီးသီးပြောင်းလဲပြီး ဆက်ပွားများပါတယ်။

အဲ့လိုပွားများတဲ့အခါမှသာ အရိုး၊ကြွက်သား၊ကိုယ်တွင်းအင်္ဂါ၊အာရုံကြောအဖွဲ့အစည်းစသဖြင့် အသီးသီးဖြစ်လာပြီး သန္ဓေသားကလေး ပီပီပြင်ပြင်ဖြစ်လာပါတယ်။

အရိုးဆဲလ်၊ကြွက်သားဆဲလ်၊အာရုံကြောဆဲလ်၊ကိုယ်တွင်းအင်္ဂါဆဲလ် စသဖြင့် အသီးသီးပြောင်းလဲမသွားရသေးတဲ့ ဆဲလ်တွေကို ပင်မဆဲလ်(Stem cells)လို့ခေါ်ပါတယ်။

အရိုးဆဲလ်အဖြစ်ကွဲပွားပြီးတဲ့ဆဲလ်တွေက ကြွက်သားဆဲလ်အဖြစ်ပြောင်းမရတော့သလို ကြွက်သားဆဲလ်အဖြစ်ကွဲပွားပြီးတဲ့ ဆဲလ်တွေကလည်း အရိုးဆဲလ်ပြန်ပြောင်းမရပါ။

ဒါပေမယ့် ဆဲလ်အမျိုးအစားတမျိုးမျိုးအနေနဲ့ မကွဲပွားရသေးတဲ့ ပင်မဆဲလ်တွေကတော့ မည့်သည့်ဆဲလ်အမျိုးအစားအနေနဲ့ပဲဖြစ်ဖြစ် ကွဲပွားနိုင်စွမ်းရှိပါတယ်။

အဲ့လိုအစွမ်းရှိတဲ့အတွက်ပင်မဆဲလ်တွေဟာ ရောဂါတွေအတော်များများကုသရာမှ အလွန်အသုံးဝင်ပါတယ်။

အချင်းသွေးနဲ့အချင်းတစ်ရှုးသိမ်းဆည်းခြင်းဖြင့်ရနိုင်တဲ့အကျိုးကျေးဇူးတွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။

အချင်းသွေးထဲမှာ Haematopoietic stem cell ခေါ် သွေးပင်မဆဲလ်တွေပါတဲ့အတွက် နောင်တချိန်မိမိကလေးမှာ အကြောင်းကြောင်း ကြောင့် သွေးကင်ဆာ သို့မဟုတ် သာလာဆီးမီးယားရောဂါ စတဲ့သွေးနဲ့ဆိုင်တဲ့ရောဂါဆိုးတွေဖြစ်လာခဲ့ပါက ထိုသွေးပင်မဆဲလ်သုံးပြီး ကုသခြင်းဖြင့် ပျောက်ကင်းနိုင်ပြီး ရိုးတွင်းချဉ်ဆီအစားထိုးကုသဖို့မလိုတဲ့အတွက် မိမိနဲ့ရိုးတွင်းချဉ်ဆီကိုက်ညီမယ့်သူကိုလိုက်ရှာနေစရာမလိုတော့ပါ။

အချင်းတစ်ရှုးထဲမှာတော့ Mesenchymal stem cell ခေါ် တစ်ရှုးပင်မဆဲလ်တွေပါပါတယ်။ထိုဆဲလ်တွေကတော့ ခန္ဓာကိုယ်ရှိ အရေပြားတစ်ရှုး၊အရိုးတစ်ရှုး၊နှလုံးတစ်ရှုး စသဖြင့် ပြောင်းလဲကွဲပွားနိုင်တဲ့အတွက် နောင်တချိန် အကြောင်းအမျိုးမျိုးကြောင့် အသည်းခြောက်ရောဂါ၊နှလုံးကြွက်သားပုပ်ရောဂါတွေဖြစ်ပြီး အင်္ဂါအစားထိုးကုသဖို့လိုလာပါက မိမိနဲ့ကိုက်ညီမယ့် ကိုယ်တွင်းအင်္ဂါ အလှူရှင်ရှာတာ အလှူရှင်စောင့်ရတာတွေလုပ်စရာမလိုဘဲ အချင်းတစ်ရှုးပင်မဆဲလ်ကိုသုံးပြီးကုသလို့ရပါတယ်။

ဒါ့အပြင် Mesenchymal stem cells တွေဟာ အရေပြားလေးဖက်နာ(SLE) လိုကိုယ်ခံအားစနစ်နဲ့ရောဂါတွေကိုလည်း ကုသပေးနိုင်သလို အသက်ကြီးလို့မျက်နှာအရေအကြောင်းတွေဖြစ်ပြီး အရေပြားတွေတွန့်ကုန်တဲ့အခါ ပြန်လည်နုပျိုတင်းရင်းစေဖို့အတွက်လည်း အသုံးဝင်ပါတယ်လို့ သုတေသနပညာရှင်တွေကပြောကြားထားပါတယ်။

Dr 528

ဆက်စပ် ဆောင်းပါးများ