ဒုက္ခပေးတဲ့အဆီ နဲ့  ကောင်းကျိုးပေးတဲ့အဆီ

ဒုက္ခပေးတဲ့အဆီ နဲ့  ကောင်းကျိုးပေးတဲ့အဆီ

“ငါတော့ သွေးစစ်ကြည့်တာ ကိုလက်စထရောတက်နေလို့ အဆီလျှော့စားနေရတယ်။ဆေးတွေသောက်နေရတယ်” စသဖြင့် ပြောကြတာကို ခုခေတ် ပတ်ဝန်းကျင်အသိုင်းအဝိုင်းကြားမှာ မကြာခဏ ကြားဖူးကြမှာပါ။

ကိုလက်စထရာ ကိုလက်စထရော နဲ့ ပြောနဲ့ကြပေမယ့် ကိုလက်စထရောအကြောင်းကို သေသေချာချာမသိတာများပါတယ်။

ဒါကြောင့် ဒီတပတ်ဆောင်းပါးမှာ ကိုလက်စထရော (Cholesterol) အကြောင်းကို သိသလောက်ရေးသားတင်ပြလိုက်ရပါတယ်။

ကိုလက်စထရာ(Cholesterol)ဆိုတာဟာ ကျွန်တော်တို့ခန္ဓာကိုယ်ဆဲလ်အားလုံးရဲ့အထဲမှာတွေ့နိုင်တဲ့ ဖယောင်းဆီကဲ့သို့သော အရာဖြစ်ပါတယ်။

ကိုလက်စထရာများရင်မကောင်းဘူးလို့ အကြမ်းအားဖြင့်ပြောကြပေမယ့် ကိုလက်စထေရာဓါတ်ဟာ ခန္ဓာကိုယ်အတွက်မရှိလို့လည်းမရပါဘူး။

ပုံမှန်လူတယောက်မှာ စုစုပေါင်းကိုလက်စထရောဓါတ်ပမာဏ(Total cholesterol level)ဟာ 200mg/dl အောက်မှာရှိရပါမယ်။

အဲ့ထက်များရင်ကျန်းမာရေးအတွက်မကောင်းသလို ကိုလက်စထရောဓါတ်ပမာဏဟာ 140mg/dl ထက်နည်းရင်လည်း ကျန်းမာရေးအတွက်မကောင်းပါဘူး။

ကိုလက်စထရာဓါတ်ဟာ ဆဲလ်နံရံတွေတည်ဆောက်ရာမှာ အရေးကြီးတဲ့ပစ္စည်းဖြစ်သလို ဗီတာမင်ဒီဓါတ်ဖွဲ့စည်းတည်ဆောက်ခြင်း ဟော်မုန်းများထုတ်လုပ်ခြင်း အစာခြေဖျက်ရာမှာ ကူညီပေးမယ့် ပစ္စည်းများကိုထုတ်လုပ်ခြင်း စတဲ့နေရာတွေမှာ အရေးပါတဲ့ ကဏ္ဍ ကနေပါဝင်ဆောင်ရွက်ပေးပါတယ်။

ကိုလက်စထရောကို ခန္ဓာကိုယ်ရဲ့အသည်းကနေလည်း ထုတ်လုပ်ပေးနိုင်သလို ကျွန်တော်တို့နေ့စဉ်စားသောက်တဲ့အစားအသောက်တွေမှလည်းရပါတယ်။

ကိုလက်စထရောဓါတ်ပါဝင်တဲ့အစားသောက်တွေကတော့ ဥအမျိုးမျိုး၊အသား၊ကိုယ်တွင်းကလီစာ၊အဆီ၊စားသုံးဆီ၊နို့ထွက်ပစ္စည်းအမျိုးမျိုး စသဖြင့်ဖြစ်ပါတယ်။

ကိုလက်စထရောဓါတ်ကို မကောင်းတဲ့ကိုလက်စထရောဓါတ်(LDL cholesterol) နဲ့ ကောင်းတဲ့ကိုလက်စထရောဓါတ်(HDL cholesterol) ဆိုပြီး ယေဘုယျအားဖြင့် နှစ်မျိုးခွဲထားပါတယ်။

LDL cholesterol ကို မကောင်းတဲ့ကိုလက်စထရောအဖြစ်သတ်မှတ်ရတာကတော့ သူကများလာတဲ့အခါမှာ ခန္ဓာကိုယ်သွေးကြောတွေထဲမှာ အဆီဖတ်ကလေးတွေဖြစ်စေပြီး ကြာလာတဲ့အခါ သွေးကြောတွေကိုကျဉ်းလာစေကာ နှလုံးသွေးကြောကျဥ်းရောဂါ၊လေဖြတ်တာ၊နှလုံးဖောက်တာ စတဲ့ရောဂါတွေကိုဖြစ်စေနိုင်တဲ့အတွက်ပါ။

ပုံမှန်လူတယောက်မှာ LDL Cholesterol ပမာဏဟာ 130 mg/dl အောက်မှာပဲရှိရပါမယ်။အဲ့ထက်များရင် ကျန်းမာရေးထိခိုက်စေနိုင်ပါတယ်။

HDL cholesterol ကို ကောင်းတဲ့ ကိုလက်စထရောအဖြစ်သတ်မှတ်ရတာကတော့ သူက ခန္ဓာကိုယ်ထဲရှိ မကောင်းတဲ့အဆီ ပိုနေတဲ့အဆီတွေကို အသည်းဆီပို့ပြီး ခန္ဓာကိုယ်ထဲမှ စွန့်ထုတ်ပေးရာမှာ အကူအညီပေးလို့ဖြစ်ပါတယ်။

HDL cholesterol ပမာဏကကျ LDL cholesterol လို များရင်မကောင်းမဟုတ်ပါ။

HDL cholesterol ကများလေကောင်းလေပါ။

HDL cholesterol ပမာဏက 40mg/dl အောက်နည်းနေရင်မကောင်းပါ။

ပုံမှန်လူတယောက်မှာ HDL Cholesterol ပမာဏဟာ 60 mg/dl အထက်ရှိရပါမယ်။ဒါမှ ပိုတဲ့အဆီ၊မကောင်းတဲ့အဆီတွေကို အသည်းဆီများများပို့ပြီး ခန္ဓာကိုယ်ထဲကနေ များများစွန့်ထုတ်နိုင်မှာပါ။

မကောင်းတဲ့အဆီဓါတ်များပြီး ကောင်းတဲ့အဆီဓါတ်နည်းနေတာဟာ ကျန်းမာရေးကိုထိခိုက်စေပြီး နှလုံးသွေးကြောကျဉ်းရောဂါ၊လေဖြတ်ရောဂါ စတဲ့ရောဂါဖြစ်နိုင်ခြေတွေကိုများစေနိုင်ပါတယ်။

အောက်ပါအချက်များကိုဂရုတစိုက်လိုက်နာခြင်းဖြင့်

မကောင်းတဲ့အဆီဓါတ်တွေနည်းပြီး ကောင်းတဲ့အဆီဓါတ်တွေများလာစေကာ ကျန်းမာရေးကိုကောင်းလာစေနိုင်ပါတယ်။

၁။တိရစ္ဆာန်မှရတဲ့အဆီတွေ(ဥပမာ-ဝက်ဆီ) နဲ့ ပြည့်ဝဆီများဖြစ်တဲ့ စားအုန်းဆီ၊ပြန်ကြော်ဆီ တွေကိုရှောင်ပါ။

၂။ဆီနဲ့ကြွပ်အောင်ကြော်ထားတာတွေ၊အဆီအဆိမ့်များတဲ့အစားသောက်တွေကိုရှောင်ပါ။

၃။ဆေးလိပ်၊ဘီယာ ရှောင်ပါ။

၄။လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်နဲ့သစ်သီးဝလံတွေများများစားပေးပါ။

၅။နေ့စဉ်စားသုံးတဲ့ဆီကို မပြည့်ဝဆီဖြစ်တဲ့ မြေပဲဆီ၊နှမ်းဆီ၊နေကြာဆီ၊သံလွင်ဆီ တွေကိုသုံးပါ။လျှော့သုံးပါ။

၆။လတ်ဆတ်တဲ့သစ်သီးဝလံနဲ့ဟင်းသီးဟင်းရွက်တွေကိုများများစားပေးပါ။

၇။ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပါ။

Dr 528

ဆက်စပ် ဆောင်းပါးများ