သတိ ခဏခဏ မေ့နေတဲ့ ပြဿနာ
လူတစ်ယောက် အသက်ရှင်စဉ်ကာလမှာ အဆင်ပြေပြေ နေထိုင်နိုင်ဖို့အတွက် မှတ်ဉာဏ်က အရေးကြီးပါတယ်။
အလုပ်လုပ်တဲ့အခါမှာ ဘာလုပ်ရမယ် ဘာအစီအစဉ်တွေ ဆွဲရမယ်ဆိုတာကို တစ်ချိန်လုံး စဉ်းစားနေနိုင်ဖို့ ဦးနှောက်က အရေးကြီးသလို ကျောင်းသားအရွယ်မှာဆိုရင်လည်း စာတွေသင်ယူကျက်မှတ်ဖို့ မှတ်ဉာဏ်က အရေးပါပါတယ်။
ဒီလို အရေးကြီးတဲ့ လုပ်ငန်းဆောင်တာတွေ လုပ်ဖို့သာ ဦးနှောက်က အရေးကြီးတာ မဟုတ်ပါဘူး။ လူတစ်ယောက် အသက်ရှင်ဖို့ အတွက် အခြေခံကျတဲ့ လုပ်ငန်းဆောင်တာတွေဖြစ်တဲ့ ခန္ဓာကိုယ် လှုပ်ရှားတာ၊ စကားပြောတာတွေနဲ့ မိမိပတ်ဝန်းကျင်က မိသားစုတွေ ရင်းနှီးသူတွေကို မှတ်မိနေဖို့ ကိုပါ ဦးနှောက်မှာ မှတ်သားထားရပါတယ်။
ဘာကြောင့် သတိမေ့တာလဲ???
အသက်ကြီးလာတဲ့အခါ ဦးနှောက်ဖွံ့ဖြိုးမှု ရပ်တန့်သွားပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ဦးနှောက်က ဖြစ်ခြင်းထက် ပျက်ခြင်းသဘောက ပိုများနေတယ်လို့ ပြောရမှာပါပဲ။
ဒါကြောင့်လည်း အသက်ကြီးလာတဲ့အခါ မှတ်ဉာဏ် မကောင်းတော့ဘူး စဖြစ်လာတော့တာပါပဲ။ လုပ်ငန်းပိုင်းဆိုင်ရာ တိုးတက်ဖို့အတွက် စာကျက် စာဖတ်နေရသေးသူတွေဆို ပိုသိပါတယ်။ အသက် ၂၅ နှစ်လောက် ကျော်လာတဲ့အခါ ငယ်ငယ်တုန်းကလောက် စာကျက်လို့ မကောင်းတော့တာကို။
ကိုယ့်မှတ်ဉာဏ်ကို ကိုယ်သံသဃ ဖြစ်နေရသလား ???
ဦးနှောက်က မှတ်ဉာဏ်တွေ လျော့ပါးလာတဲ့ကိစ္စဟာ ဖြစ်တဲ့အခါမှာ အစပိုင်းမှာ သိပ်မသိသာတဲ့ အတွက် အထူးတလည် စိုးရိမ်တာမျိုးတွေ ဖြစ်တာဟာ ရှားပါတယ်။
လူတစ်ယောက်နဲ့ တစ်ယောက် အစားအသောက် အနေအထိုင်တွေပေါ် မူတည်ပြီး ကွာခြားနိုင်ပေမဲ့ အသက် ၅၀ လောက် နောက်ပိုင်းကို ရောက်လာတဲ့ အခါမှာတော့ သတိမေ့တာတွေဟာ အနည်းနဲ့ အများတော့ ဖြစ်လာတတ်ပါတယ်။
အထူးသဖြင် ကိုယ်အမြဲတမ်း ရင်းနှီးကျွမ်းဝင်မှုရှိတဲ့ အရာတွေကို မေ့သွားတဲ့အခါမျိုးမှာ “ဟယ် ငါ့မှတ်ဉာဏ်ကတော့ တော်တော် မကောင်းတော့တာပဲ တစ်ခုခုများ ဖြစ်နေပြီလား ” လို့ စဉ်းစားတတ်ကြပါတယ်။
သာမန် သတိမေ့တာလား အယ်လ်ဇိုင်းမားဖြစ်တာလား ???
အပေါ်က ပြောခဲ့သလိုပါပဲ။ အသက်ကြီးလာလို့ သတိမေ့တာဟာ ပုံမှန် ဖြစ်နိုင်ပါတယ်။ လူတိုင်းမှာ ဖြစ်နိုင်ပါတယ်။
ဒါပေမဲ့ ကိုယ်သတိမေ့တာတွေ ဖြစ်ဖြစ်နေတာဟာ သာမန် အသက်ကြီးလို့ သတိမေ့တာလား ဒါမှမဟုတ် အယ်လ်ဇိုင်းမားလားလို့ သိဖို့ လိုပါတယ်။
ဆရာဝန်ရဲ့ ကဏ္ဍ
သတိမေ့မေ့လာတဲ့အခါ ကိုယ့်ဘာကို အားမရလို့ လာပြတာတွေ ရှိသလို သတိမရှိတာတွေက တဖြည်းဖြည်းနဲ့ ဆိုးဆိုးလာလို့ မိသားစုက ခေါ်လာတာမျိုးတွေလည်း ရှိပါတယ်။
ဒီလို အခါမျိုးမှာ သာမန်ဆရာဝန်တစ်ယောက်ထက် ကျွမ်းကျင်ရာ ဦးနှောက်နဲ့ အာရုံကြော ဆရာဝန်တစ်ဦးဦးကို ပြနိုင်ရင်တော့ ပိုကောင်းပါတယ်။
ဆရာဝန်ဆီ ရောက်တဲ့အခါ လိုအပ်သလို စမ်းသပ်စစ်ဆေးမှုတွေအပြင် မေးခွန်းလေးတွေ ဖြေရတတ်ပါတယ်။ ဒီလို စစ်ဆေးမှုတွေ ပြီးတဲ့အခါ ‘သာမန် အသက်ကြီးလို့ သတိမေ့တာလား အယ်လ်ဇိုင်းမားဖြစ်တာလား’ ဆိုတဲ့ မေးခွန်းဟာ ပြေလည်သွားတတ်ပါတယ်။
သာမန် အသက်ကြီးလို့ သတိမေ့တာနဲ့ အယ်လ်ဇိုင်းမား ဘာကွာခြားသလဲ
အကြမ်းဖျင်း ပြောရရင်တော့ အယ်လ်ဇိုင်းမားက ပိုဆိုးပါတယ်။
သာမန် အသက်ကြီးလို့ သတိမေ့တဲ့အခါ တစ်နေ့တာ လုပ်ငန်းဆောင်တာတွေကို မလုပ်နိုင်လောက်အောင် ဖြစ်တဲ့အထိ ဖြစ်တာဟာ အတော်ရှားပါတယ်။
အယ်လ်ဇိုင်းမားဖြစ်တယ်ဆိုရင် စကားပြောတဲ့အခါမှာတောင် စကားလုံးတွေ ပျောက်တာ၊ အပြင်သွားရင် အိမ်နားတစ်ဝိုက်မှာတင် လမ်းပျောက်နေတာ စတာတွေ ဖြစ်နိုင်ပါတယ်။ နောက်ပိုင်းမှာ သေးမနိုင် ချေးမနိုင်ဖြစ်တဲ့အထိ ဖြစ်နိုင်ပါတယ်။
ဒါတွေကို လျော့နည်းအောင် ဘယ်လိုလုပ်မလဲ
သာမန်သတိမေ့တာမျိုး ဆိုရင်တော့ မမေ့အောင် မေ့တတ်တဲ့ အရာတွေကို ချရေးထားပြီး သတိထားတာမျိုး ၊ မှတ်ဉာဏ် အားကောင်းအောင် ပုံမှန်တရားထိုင်တာမျိုးတွေ လုပ်ပေးလို့ ရပါတယ်။
အယ်လ်ဇိုင်းမား ဖြစ်ရင်တော့ ကျွမ်းကျင်တဲ့ ဆရာဝန် နဲ့ ပုံမှန် ပြသနေပြီး လိုအပ်တဲ့ ကုသမှုကို ခံယူရပါမယ်။
Dr. မွှေး