ကျွန်မတို့ နေ့စဉ်စားသောက်နေကြတဲ့ အထဲမှာ ကော်ဖီ လက်ဖက်ရည်တွေကလည်း အမြဲလိုလိုပါနေတတ်ပါတယ်။ သိပ်မသောက်ဘူးလို့ ဆိုတဲ့သူတောင် မနက်စာစားတဲ့ အချိန်မှာ တစ်ခွက်လောက်တော့ သောက်တတ်ကြပါတယ် ။ ကော်ဖီသောက်တဲ့ အခါမှာ လန်းဆန်းတယ်ဆိုပြီး တစ်နေ့ လေးငါးခွက်လောက် သောက်တတ်တဲ့ သူတွေလည်းရှိပါတယ် ။အဲဒီတော့ ကော်ဖီသောက်တာဟာ ကျန်းမာရေးနဲ့ ညီညွတ်သလား ဆိုတာ ကိုသိချင်ကြပါလိမ့်မယ်။ ဒီနေ့တော့ အဲဒီ အကြောင်းလေး နည်းနည်းရှင်းပြပေးချင်ပါတယ် ။
မရှင်းပြခင် ကော်ဖီအကြောင်းကို နည်းနည်းလေးပြောပြပေးပါမယ်။
ကော်ဖီရဲ့ ရာဇဝင်ဟာ ၁၀ ရာစုနှစ်လောက်တုန်း က စတင်ခဲ့ပါတယ်။ ကော်ဖီကို အီသီယိုပီးယားနိုင်ငံက စတင်တွေ့ရှိတယ်လို့ ဆိုကြပါတယ်။ ၁၆ ရာစုနှစ်လောက် ရောက်တဲ့ အခါမှာတော့ ကော်ဖီ သောက်သုံးတဲ့ အလေ့အထဟာ ကျယ်ကျယ်ပြန့်ပြန့် စထွန်းကားလာခဲ့ပါတယ် ။ အဲဒီအချိန်ကစပြီး ယနေ့အထိ တစ်ကမ္ဘာလုံးမှာ ကော်ဖီကို နှစ်နှစ်ခြိုက်ခြိုက် နဲ့ သောက်သုံးကြပါတယ်။ ကော်ဖီ ယဉ်ကျေးမှု ထွန်းကားလာတာနဲ့ အမျှ ကော်ဖီကို ပုံစံ အမျိုးမျိုး အရသာ အမျိုးမျိုးနဲ့သောက်လာကြတယ် ။
ကော်ဖီ သောက်တာဟာ ကျန်းမာရေးနဲ့ မညီညွတ်ဖူးလို့ တစ်ချို့သောသူတွေက ယူဆကြပေမဲ့ ကော်ဖီဟာ အမှန်တော့ ကျန်းမာရေးအတွက်ကောင်းကျိုးပေးတဲ့ နေရာတွေလဲရှိပါတယ်။ အဓိကကတော့ ကော်ဖီစေ့ ကော်ဖီမှုန့်ကို ကြိတ်ထား စစ်ထားတဲ့ ကော်ဖီကြမ်းဟာ ကျန်းမာရေးအတွက် ကောင်းကျိုးတွေ ပေးစွမ်းနိုင်ပါတယ်။
ကော်ဖီကြမ်းကို သောက်မယ်ဆိုရင်တော့ တစ်ခြားသော ဥပမာ -အစာအိမ်ရောဂါတွေမရှိတဲ့ ကျန်းမာတဲ့သူတစ်ယောက်ဆိုရင် တစ်နေ့ကို လေးငါးခွက်လောက် အထိတောင် သောက်လို့ရတယ်လို့ ပြောလို့ရပါတယ်။
ကော်ဖီသောက်တဲ့ အခါမှာ နောက်ပိုင်းမှာတော့ အလွယ်တကူ ဖျော်သောက်လို့ရတဲ့ Instant coffee ထုပ်တွေကို သောက်သုံးလာကြတယ် ။ ဒီလို ကော်ဖီမစ်ထုပ် တွေကတော့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အတွက် များများသောက်ဖို့ မသင့်တော်ပါဘူး။ ဘာ့ကြောင့်လဲဆိုရင်တော့ ဒီကော်ဖီထုပ်တွေဟာ သကြားအချို စတာတွေ ကို ထည့်ထားတဲ့ အတွက် များများသောက်ရင် ကိုယ်တွင်းမှာ အဆီဓာတ်တွေများပြီး နှလုံးရောဂါ ဆီးချို ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဒီလို အသင့်ထုပ်ပိုးပြီးသား ကော်ဖီထုပ်တွေကို သောက်မယ်ဆိုရင်တော့ အချိန်အဆနဲ့ သောက်သုံးဖို့ လိုပါလိမ့်မယ်။
ကော်ဖီသောက်ခြင်း ကြောင့် ရတတ်တဲ့ ကျန်းမာရေး ကောင်းကျိုးတွေကတော့
• ကော်ဖီဟာ သိတဲ့ အတိုင်းပဲ ကိုယ်ကို လန်းဆန်းတက်ကြွစေပါတယ် ။ ဘာကြောင့်လဲ ဆိုရင်တော့ ကဖင်းဓာတ်ဟာ ခန္ဓာကိုယ်လှုပ်ရှားတဲ့ နေရာမှာ အရေးပါတဲ့ Adrenaline ဟော်မုန်းထွက်တာကို အားပေးလို့ပါပဲ ။
• ကော်ဖီကြမ်း မှာ ပါတဲ့ ကယ်လိုရီ ပမာဏ ဟာအတော်နည်းပါတယ် ။ နောက်တစ်ခု ကလည်း ကဖင်းဓာတ်ဟာ အဆီတွေ လောင်ကျွမ်းဖို့ အတွက် အထောက်အကူပြုပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန် ချချင်သူတွေအတွက် ကော်ဖီဟာ အထိုက်အလျောက် ကူညီပေးနိုင်ပါတယ်။
• အရင်ခေတ်ကတော့ ကော်ဖီသောက်ရင် နှလုံးနဲ့ ဆိုင်တဲ့ ရောဂါတွေ ပိုပြီးအဖြစ်များတယ်လို့ ထင်ခဲ့ကြဖူးပါတယ်။ နောက်ပိုင်း မှာတော့ လေ့လာချက်တွေ အရ ကော်ဖီသောက်တာဟာ နှလုံးရောဂါ နဲ့ သေနှုန်းကို လျော့စေတယ်လို့တောင် စတင်ယူဆလာကြပါတယ်။
• ကော်ဖီသောက်တာဟာ အချို့သောကင်ဆာရောဂါတွေ ဖြစ်ပွားမှုကို လျော့ချပေးပါတယ်။
• ကော်ဖီဟာ အသက်အရွယ်ကြီးရင့်ချိန်မှာ ဦးနှောက်ယိုယွင်းမှုကြောင့် ဖြစ်လာတတ်တဲ့ Parkinson ရာဂါ Alzheimer ရောဂါတွေ ဖြစ်ပွားမှုကို လျော့ချပေးနိုင်ပါတယ်။
ဒါကြောင့် ကော်ဖီကို သင့်တင့်မျှတအောင် သောက်သုံးမယ်ဆိုရင်တော့ ကျန်းမာရေးကို အထောက်အကူပြုနိုင်ပါတယ်။ ဒါပေမဲ့ တန်ဆေး လွန်ဘေး ဆိုတဲ့ အတိုင်းပဲ လိုတာ ထက် ပိုသောက်မယ်ဆိုရင်လည်း ဘေးဖြစ်စေပါလိမ့်မယ်။
အရေးကြီးတာကတော့ ကိုယ်မှာ ကော်ဖီကို အများကြီးသောက်ဖို့ မသင့်တော်တဲ့ အစာအိမ်ရောဂါမျိုး နှလုံးခုန်မမှန်တာ အစရှိတဲ့ ရောဂါမျိုးတွေ ရှိသလားဆိုတာ သိထားဖို့လိုတာပါပဲ…
Author : Dr.မွှေး