fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 316 Total Cases
😥 6 Deaths
😇 245 Recovered

ပူပြင်းသောရာသီဥတုနဲ့ ကျန်မားရေး (၁)

ပူပြင်းသောရာသီဥတုနဲ့ ကျန်မားရေး (၁)

အခုဆိုရင် ရာသီဥတုက နွေရာသီဘက်ကို ကူးလာပါပြီ။နွေရဲ့သရုပ်ပီပြင်လာတာနဲ့အမျှ အပူချိန်ကလည်းတဖြည်းဖြည်းနဲ့မြင့်တက်လာပါတယ်။ ဒီလိုမြင့်တက်လာတဲ့ အပူဒဏ်ကို ခံစားရတဲ့အခါမှာ အခန့်မသင့်ရင် ကျွန်တော်တို့တွေဟာ

– အပူဒဏ်ကြောင့် ချွေးထွက်လွန်ပြီး ကိုယ်တွင်းရှိရေဓါတ်ခန်းခြောက်ကာ နုံးတာ (Heat Exhaustion)၊

– အပူဒဏ်ကြောင့် ခြေသလုံးကြွက်တက်တာ (Heat Cramp)၊

– အပူဒဏ်ကြောင့် သတိလစ်တာ (Heat Syncope)

– အပူဒဏ်ကြောင့် မိတ်နဲ့ယားဖုတွေထွက်တာ (Heat Rush)

– အပူလျှပ်တာ (Heat stroke or Heat Hyperpyrexia) စတဲ့အခြေအနေတွေကို ခံစားရနိုင်ပါတယ်။

 

ဒီထဲမှာမှ အပူလျှပ်တာ (Heat stroke or Heat Hyperpyrexia) ဟာ ကြောက်စရာအကောင်းဆုံးနဲ့ အသက်အန္တရာယ်အရှိဆုံးအခြေအနေဖြစ်ပါတယ်။ ကိုယ်တွင်းအပူချိန် (Core Body Temperature) ၁၀၄ ဒီဂရီဖာရင်ဟိုက်နဲ့အထက်တက်လာရင် အပူလျှပ်ခြင်းအခြေအနေကိုခံစားရနိုင်ပါတယ်။

အပူလျှပ်ခြင်းကို ခံစားရနိုင်ခြေများတဲ့သူတွေကတော့

ငယ်ရွယ်တဲ့ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ၊ သွေးတိုးနှလုံးဆီးချိုစတဲ့ နာတာရှည်ရောဂါအခံတခုခုရှိသူတွေ၊ အရက်ကို ရေရှည်အလွန်အကျွံသောက်သုံးသူတွေ၊ ပူပြင်းသောနွေရာသီမှာ မလွဲမရှောင်သာ မီးပူနေပူခံပြီး အချိန်ကြာမြင့်စွာ လုပ်ငန်းလုပ်ကိုင်နေရသူတွေနဲ့ နေပူထဲမှာ သို့မဟုတ် ပူတဲ့ပတ်ဝန်းကျင်မှာ အားကစားအပြင်းအထန်လုပ်သူတွေ ဖြစ်ပါတယ်။ အများအားဖြင့် အပူလျှပ်ခြင်း အခြေအနေမဖြစ်ခင်မှာ အပူဒဏ်ကြောင့် အလွန်အမင်းချွေးထွက်ပြီး အသားအရေစိုစွတ်အေးစက်ခြင်း၊ ၊ အသားအရေဖြူဖတ်ဖြူရော်ဖြစ်ခြင်း၊ ရေငတ်ခြင်း၊ မောပန်းနုံးချိနေခြင်း၊ ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း စတဲ့ Heat Exhaustion အခြေအနေတွေအရင်ဖြစ်လေ့ရှိပါတယ်။

အဲ့လို Heat Exhaustion အခြေအနေမှာ ရေ၊ ဓါတ်ဆား သောက်ပြီး အနားယူတာ၊ အရိပ်ရအေးမြပြီး လေဝင်လေထွက်ကောင်းတဲ့နေရာတွေမှာ နေတာတွေလုပ်လိုက်ရင် အများအားဖြင့် အပူလျှပ်တဲ့ (Heat Stroke or Heat hyperpyrexia) အခြေအနေထိဖြစ်တာနည်းပါတယ်။ သို့သော် ပြန်လည်ရေဓါတ်ဖြည့်တင်းတာ အနားယူတာတွေမလုပ်လို့ပဲဖြစ်ဖြစ် အခန့်မသင့်လို့ပဲဖြစ်ဖြစ် အပူလျှပ်ခြင်း အခြေအနေကိုရောက်သွားရင်တော့ ချွေးလည်းမထွက်နိုင်တော့ဘဲ ခန္ဓာကိုယ်အပူချိန်က ၁၀၆ ဒီဂရီဖာရင်ဟိုက်ထိတက်လာကာ အသားအရေတွေအလွန်ပူလာပြီး ခြောက်သွေ့တာ၊ နှလုံးခုန်နှုန်းတွေမြန်လာတာ၊ ပျို့အန်တာ၊ အသက်ရှုမြန်လာပြီး သတိလစ်သွားတာတွေဖြစ်နိုင်ပါတယ်။ တချို့ဆို အသက်ပါဆုံးရှုံးသွားတာမျိုးအထိဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ အပူဒဏ်ခံစားရပြီး အလွန်အမင်းချွေးထွက်ပြီး အသားအရေစိုစွတ်အေးစက်ခြင်း၊ ၊ အသားအရေဖြူဖတ်ဖြူရော်ဖြစ်ခြင်း၊ ရေငတ်ခြင်း၊ မောပန်းနုံးချိနေခြင်း၊ ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း စတဲ့ Heat Exhaustion အခြေအနေတွေဖြစ်ပါက လုပ်လက်စအလုပ်တွေကိုထားကာ အရိပ်ရအေးမြပြီး လေဝင်လေထွက်ကောင်းသော နေရာတွင်အနားယူတာ၊ ရေ၊ ဓါတ်ဆားရည် စတဲ့အရည်များကိုများများသောက်ပြီး ရေဓါတ်ပြန်လည်ဖြည့်တင်းတာ၊ ရေဖတ်တိုက်ပြီး ကိုယ်တွင်းအပူချိန်ကိုလျှော့ချတာတွေလုပ်ပေးပါ။ သုံးလေးရက်လောက်တော့ သေသေချာချာအနားယူပါ။ အများအားဖြင့် ၁ ရက် ၂ ရက်နဲ့တင် သက်သာသွားနိုင်ပါတယ်။

သို့သော် အဲ့လိုလုပ်ရင်းနဲ့မှ မသက်သာရင် အပူချိန်မကျဘဲ ပိုတက်လာပြီး အပူလျှပ်တဲ့လက္ခဏာတွေဖြစ်လာရင်တော့ ချက်ချင်းနီးစပ်ရာ ဆေးရုံ ဆေးခန်းသွားဖို့လိုပါတယ်။ စာဖတ်ပရိသတ်တွေအနေနဲ့ အပူဒဏ်နဲ့ ဆက်စပ်ပြီးဖြစ်နိုင်တဲ့ ကျန်းမာရေးပြသာနာတွေနဲ့ အပူရှပ်ခြင်းအကြောင်းကို သိသင့်သလောက်သိပြီးပြီဆိုတော့ အပိုင်း ၂  မှာ အပူဒဏ်ကြောင့် ကျန်းမာရေးမထိခိုက်အောင် ဘယ်လိုကာကွယ်ရမလဲဆိုတာတွေကို ဆက်လက်ရေးသားတင်ပြပါ့မယ်။

Dr 528

 

ဆက်စပ် ဆောင်းပါးများ