အိပ်စက်အနားယူခြင်းသည် ကျန်းမာရေးအတွက် အလွန်အရေးကြီးကြောင်းသုတေသနတွေ့ရှိချက်များကအတည်ပြုလျက်ရှိသည်။ အိပ်စက်အနားယူခြင်းဆိုင်ရာ ပြဿနာများသည် ခန္ဓာကိုယ်၏ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကိုသာမက၊ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုလည်းထိခိုက်ယိုယွင်းစေမည်ဖြစ်သည်။
အိပ်စက်အနားယူမှု၌ ပြဿနာများ ကြုံတွေ့လာရလျှင် မှတ်ဉာဏ်စွမ်းရည်ဆိုင်ရာယိုယွင်းမှုဖြစ်လာကြောင်းတွေ့ရသည်။ စိတ်ပူပင်သောကများလာတတ်သည်။ ဆိုးဝါးသောအခြေအနေတွင် စိတ်ကစဥ့်ကလျားဖြစ်ခြင်းမျိုးအထိ ကြုံတွေ့လာရနိုင်သည်။ လေ့လာမှုတစ်ခုတွင် အမျိုးသမီးများအဖို့ အသက်အရွယ်ကြီးလာလေ၊ အိပ်စက်အနားယူမှု ပိုမိုအရေးကြီးလေဖြစ်ကြောင်းတွေ့ရှိရသည်ဟုဖော်ပြထားပါသည်။
အသက်ကြီးသောအမျိုးသမီးများအဖို့ ကောင်းမွန်နှစ်ခြိုက်စွာအိပ်စက်မှုမရှိလျှင် မှတ်ဉာဏ်စွမ်းရည်လျော့ပါးလာကာပြဿနာများ ကြုံတွေ့လာရနိုင်ကြောင်းသုတေသနပညာရှင်များကထုတ်ဖော်ပြောကြားခဲ့သည်။ The University of California in San Francisco မှ သုတေသနပညာရှင်များကလေ့လာဖော်ထုတ်ခဲ့ကြခြင်းဖြစ်၏။
အသက် ၆၉ နှစ်နှင့်အထက် အမျိုးသမီးပေါင်း ၂၅၀၀ ခန့်ကိုသုတေသနပညာရှင်များကလေ့လာခဲ့ကြသည်။ အိပ်စက်အနားယူမှုဆိုင်ရာပြဿနာကြုံတွေ့လာရသည်နှင့်အမျှ မှတ်ဉာဏ်စွမ်းရည် အားနည်းယိုယွင်းလာသည် ဟုဆိုပါသည်။
အိပ်စက်အနားယူစဉ်၌ မိနစ် ၉၀ မျှအိပ်မပျော်နိုင်ဘဲရှိနေခဲ့လျှင် မှတ်ဉာဏ်ယိုယွင်းမှု၌ အခြားသူများထက် ၁.၅ ဆဖြစ်ပွားမှုပိုကြောင်းတွေ့ရသည်။ အိပ်စက်အနားယူမှုဆိုင်ရာပြဿနာများသည် ဦးနှောက်၌ အယ်လ်ဇိုင်းမားရောဂါ A1-zherimer’s Disease ဖြစ်ပွားသူများကဲ့သို့ ပြောင်းလဲမှုများတွေ့ရသည်ဟုလေ့လာသူများကပြော ကြားခဲ့ပါသည်။
လူတစ်ယောက်အဖို့ အိပ်စက်အနားယူခြင်းသည် ခန္ဓာကိုယ်ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် အထူးလိုအပ် ကြောင်းဗဟုသုတအဖြစ် တင်ပြလိုက်ရပါသည်။
Author -ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)