fbpx

Download OnDoctor App on Google Play

COVID-19 Cases in Myanmar

206 – Confirmed
6 – Death
124 – Recovered

ဒီအချိန်မှာ ကလေးတွေကိုနေမကောင်းမဖြစ်လွယ်အောင် ဘာတွေကျွေးဖို့လိုလဲ

ကလေးတွေနေမကောင်းဖြစ်မှာစိုးရိမ်ခြင်းဟာ မိဘတိုင်းရဲ့ သောကတစ်ခုဖြစ်ပါတယ်။
ခုလို COVID-19 လို ရောဂါပိုးအသစ်အဆန်းတွေပါ ပိုပေါများလာချိန်မှာ ကလေးတွေအတွက် စိုးရိမ်မှုကလည်း ပုံမှန်ထက် ပိုများကြမှာ အသေအချာပါပဲ။

ခုလို အိမ်မှာနေနေရချိန်မှာရော နောက်ပိုင်းကာလတွေမှာရော ကလေးတွေကို ပိုကျန်းမာကြံ့ခိုင်စေဖို့ ဦးစားပေးကျွေးသင့်တဲ့ အစားအသောက်လေးတွေအကြောင်းပြောပြချင်ပါတယ်။
အစာလည်းဆေး၊ ဆေးလည်းအစာ ဆိုတဲ့အတိုင်း အာဟာရဓာတ်ပြည့်ဝတဲ့ အစားအသောက်တွေကျွေးခြင်းအားဖြင့် ကလေးတွေကို နေမကောင်းမဖြစ်လွယ်အောင် ဒီစာရင်းထဲက အစားအသောက်လေးတွေ မဖြစ်မနေထည့်ကျွေးပေးကြဖို့လည်း မှာချင်ပါတယ်။
ကဲ…ဘာအစားအသောက်တွေလဲ…စားကောင်းတာလေးတွေပါမလား ..ကြည့်လိုက်ရအောင်။

၁။ ဒိန်ချဉ်

ဒိန်ချဉ်ကတော့ ကလေးတော်တော်များများ ကြိုက်တတ်တဲ့ အစာတစ်ခုဖြစ်ပါတယ်။
လတ်ဆတ် သန့်ရှင်းတဲ့ ဒိန်ချဉ်တစ်ခွက်က ကလေးတွေကို ကိုယ်ခံအားတက်စေသလို အစာချေစနစ်အတွက် Probiotics လေးတွေပါ ဖြည့်တင်းပေးတာမို့ ပိုကျန်းမာစေမှာပါ။

၂။ ဥ အမျိုးမျိုး

ဒါလဲ ကလေးကြိုက်အစားအသောက်ပါပဲ။
ကြော်ကျွေးကျွေး၊ ဟင်းချက်ကျွေးကျွေး ၊ မုန့်လုပ်တဲ့အထဲပဲထည့်ထည့် အဆင်ပြေပါတယ်။
ကလေးတွေအတွက်ဆိုရင် အနှစ်ကျက်ဖို့တော့ လိုပါတယ်။
ပရိုတိန်းဓာတ်က ခန္ဓာကိုယ်ပိုကြံ့ခိုင်ကြီးထွားစေသလို ဉာဏ်ကောင်းစေတဲ့ Choline ဓာတ်လည်းပါဝင်ပါတယ်။
ကြက်ဥပြုတ်တစ်လုံးမှာ  Choline ၁၆၄မီလီဂရမ်ပါဝင်ပြီး တနေ့တာလိုအပ်ချက်ရဲ့ သုံးပုံတစ်ပုံလောက်ပါဝင်တာဖြစ်ပါတယ်။ Choline က ဆဲလ်တွေရဲ့ ကြံ့ခိုင်မှုအတွက် အဓိကလိုအပ်တဲ့ အရေးကြီးတဲ့ အာဟာရဓာတ်တစ်ခုဖြစ်ပါတယ်။

၃။ ပဲအမျိုးမျိုး

ဒါလည်း ဈေးချိုချိုနဲ့ အာဟာရဓာတ်ကြွယ်ဝတဲ့ အစားအသောက်တစ်ခုပဲဖြစ်ပါတယ်။
ပြုတ်ပြိးတော့ ဆီ/ဆားလေးနဲ့ အဆာပြေကျွေးလို့ရတဲ့ ပဲထောပတ်၊ ပဲကတ္တီပါ၊ စားတော်ပဲပြုတ် စတာတွေရှိသလို ပဲဟင်းအဖြစ် ချက်ကျွေးလို့ရတဲ့ ပဲနီလေး၊ ပဲစဉ်းငုံ ၊ ကုလားပဲခြမ်း စတာတွေလည်း စိတ်ကြိုက်ချက်ပြုတ်ကျွေးလို့ရပါတယ်။
ပဲတွေမှာလည်း အသားဓာတ်အပြင် အမျှင်ဓာတ်နဲ့ ဗိုက်တာမင်တွေ ကြွယ်ဝစွာပါဝင်တာမို့ ကလေးတွေကို ပိုကျန်းမာစေမှာပါ။

၄။ ထောပတ်သီး

ထောပတ်သီးတွေမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတစ်ခုဖြစ်တဲ့ Monosaturated Fat ကြွယ်ဝစွာပါဝင်တဲ့အပြင် ကလေးတိုင်းနီးပါး အလွန်နှစ်သက်တဲ့ အသီးတစ်ခုလည်းဖြစ်ပါတယ်။
လွယ်လွယ်ကူကူ စားလို့ရတဲ့ အာဟာရတန်ဖိုး အလွန်မြင့်မားတဲ့ ကိုယ်ခံအားတက်စေမဲ့ အစာတစ်ခုမို့ ကလေးတွေကို ထောပတ်သီးများများကျွေးပေးပါ။

၅။ ကန်စွန်းဥ

ကန်စွန်းဥဆိုတာ ကလေးတော်တော်များများရဲ့ နေ့လည်ခင်းအဆာပြေစားစရာအဖြစ် နေရာယူနေကျ အစာတစ်ခုဖြစ်ပါတယ်။
ပြုတ်ပြီး ဆီနဲ့ဆားနဲ့ တို့စားစား၊ အလွှာသေးသေးစိတ်ပြီး ကြော်စားစား စားလို့သိပ်ကောင်းသလို ကလေးတွေလည်း သိပ်ကြိုက်ကြပါတယ်။
ကန်စွန်းဥမှာ ကိုယ်ခံအားစနစ်အတွက် အရေးကြီးတဲ့ ဗိုက်တာမင်အေကြွယ်ဝစွာပါဝင်ပါတယ်။
နောက်ထပ် အမျှင်ဓာတ်နဲ့ ပိုတက်စီယမ်ဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်တာမို့ ကန်စွန်းဥကျွေးတဲ့ အကျင့်လေးကောင်းပါတယ် ဆက်ကျွေးပါလို့ တိုက်တွန်းချင်ပါတယ်။

၆။ နို့

နို့မှာ ပရိုတိန်းဓာတ်အပြင် ကယ်လ်စီယမ်နဲ့ ဗိုက်တာမင်ဒီ လည်း ကြွယ်ဝစွာပါဝင်တာမို့ ကလေးတစ်ယောက်ရဲ့ ငယ်ဘဝကနေစပြီး နို့သောက်တဲ့ အကျင့်မွေးမြူပေးရပါမယ်။
နွားနို့၊ ပဲနို့၊ ဖော်မြူလာနို့မှုန့် စတာတွေအကုန်တိုက်လို့ရပါတယ်။
သန့်ရှင်းလတ်ဆတ်ဖို့တော့ သတိထားရပါမယ်။
ဘယ်အရွယ်ရောက်ရောက် နေ့တိုင်းနို့သောက်တဲ့ အကျင့်က လူတိုင်းကို ပိုကျန်းမာစေမှာပါ။

၇။ အစေ့အဆံ

ဒါလည်း ကလေးကြိုက်အစားအသောက်ဖြစ်ပါတယ်။
သီဟိုဠ်စေ့၊ Almond စေ့၊ နေကြာစေ့၊ ဖရုံစေ့၊ သစ်ကြားသီး၊ မြေပဲ ..စသည်ဖြင့်ပေါ့။
အစေ့အဆံတွေအားလုံးမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ Omega 3 fatty acid တွေပါဝင်တာမို့ ပိုလည်းဉာဏ်ကောင်းစေသလို ပိုလည်းကျန်းမာစေပါတယ်။

၈။ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်

အသီးအနှံတော်တော်များများကတော့ ကလေးတွေ ကြိုက်တတ်ကြလို့ သိပ်ဆွဲဆောင်ဖို့ မလိုလောက်ပေမဲ့ ဟင်းသီးဟင်းရွက်တွေကတော့ ကလေးတိုင်းကြိုက်တတ်တဲ့အရာမဟုတ်ပါဘူး။
ကိုယ့်ကလေးက ဘာဆွဲဆောင်မှုမှမလိုဘဲ ဟင်းသီးဟင်းရွက်ကြိုက်တတ်တာဆိုရင် ပျော်ရွှင်လိုက်ပါ။
အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေမှာ ကိုယ်ခံအားတက်စေတဲ့ ဗိုက်တာမင်အေ၊ ဗိုက်တာမင်စီနဲ့ တခြားဗိုက်တာမင်တွေ၊ သတ္ထုဓာတ်တွေ ကြွယ်ကြွယ်ဝဝ ပါဝင်ပါတယ်။
ဘာအသီးအနှံဖြစ်ဖြစ်..ဘာဟင်းသီးဟင်းရွက်ဖြစ်ဖြစ် လတ်ဆတ်သန့်ရှင်းရင် အကုန်ကျွေးပါ။
အစာချေစနစ်အတွက် အရေးကြီးတဲ့ အမျှင်ဓာတ်တွေလည်း အဓိကပါဝင်တာမို့ ကလေးတွေကို ဝမ်းပိုမှန်စေပြီး ပိုကျန်းမာပျော်ရွှင်စေပါလိမ့်မယ်။

ကလေးတွေအားလုံး ကျန်းမာပျော်ရွှင်ကြပါစေ..

Dr ဖြိုးဝေလင်း

ဆက်စပ် ဆောင်းပါးများ