ခေတ်နဲ့အညီ မိန်းကလေးများ လှချင်ကြတာ မဆန်းပါ။ လှချင်လို့ ဆံပင်ကို အမျိုးမျိုးပြုပြင်ကြသည်။ ကောက်လိုက်၊ ဖြောင့်လိုက်၊ အရောင်အမျိုးမျိုး ဆိုးလိုက်ဖြင့် ဆံပင်အလှပြင်ကြရာမှ ဆံနွယ်ပင်များ ပျက်စီးကြသည်။
ပျက်စီးသွားသည့် ဆံပင်များတောက်ပပြီး ကောင်းမွန်လာစေဖို့ သဘာဝက ပေးထားတဲ့ သစ်သီးဝလံများဟာ စားသုံးတဲ့အခါမှာလည်း ဆေးဝါးဓာတ်စာဖြစ်သလို အလှတရားကိုပါ ဖြည့်ဆည်းပေးနိူင်ပါတယ်။
ဆံပင်တွေကလည်း ကြမ်းရှရှ၊ ဆံခွတွေကလည်းထွက်၊ ဗောက်တွေကလည်းထ ဒီလိုဖြစ်နေပြီဆိုရင် ကြက်ဥသုံးလုံးနဲ့ အုန်းဆီလက်ဖက်ရည်ဇွန်းတစ်ဇွန်းစာကို ရှာလိုက်ပါ။ ဒီနှစ်ခုကို သမအောင် ရောမွှေပြီး ဆံပင်အရင်းကနေ အဖျားထဲ နှံ့စပ်အောင် သုတ်လိုက်ပါ။ ပြီးရင် ဦးရေပြားကိုနှိပ်နယ်ပေးပါ။ နှိပ်နယ်တဲ့အခါ လက်ချောင်းလေးများကိုသာ အသုံးပြုပြီး ဦးခေါင်းအနှံ့ ပုံမှန်လေး နှိပ်ပေးပါ။ ကြမ်းတမ်းစွာ မပြုလုပ်ပါနဲ့။ နာရီဝက်လောက်ထားပြီး ခေါင်းလျှော်ရည်အပျော့စားနဲ့ ပြန်လျှော်လိုက်ပါ။ အုန်းဆီနဲ့ ကြက်ဥမှာပါတဲ့ ဗီတာမင်ဓာတ်များက ဆံပင်သား ကြမ်းရှခြင်းနှင့် ဗောက်ထခြင်းတွေ ကာကွယ်ပြီး ပျော့ပျောင်းတောက်ပြောင် သန့်ရှင်းမယ့် ဆံကေသာကို ပိုင်ဆိုင်ခွင့် သင်ရပါပြီ။
ဆံပင်သားတွေ မွဲခြောက်ခြောက်နဲ့ ခေါင်းဖြီးတဲ့အခါ ရှုပ်ထွေးပြတ်ထွက်မှုများ ဖြစ်နေပြီဆိုလျှင် ထောပတ်သီး တစ်လုံးအခွံဖယ်ပြီး အနှစ်တွေကို သန့်စင်တဲ့ ခွက်တစ်ခုထဲ ထည့်ပါ။ ကြက်ဥတစ်လုံးကို အနှစ်ဖယ် အကာကို ထောပတ်သီးနဲ့ အတူတူထည့်ပါ။ ပြီးရင် ဖြစ်နိူင်မယ်ဆိုရင်ပေါ့ သံလွင်ဆီ လက်ဖက်ရည်ဇွန်းဝက်လောက်ပါရောပြီး ထောပတ်သီးကြေသည်အထိ သမအောင်မွှေပါ။ သံလွင်ဆီအလွယ်တကူ မရရင်လည်း ဖြစ်တယ်နော်။ သမပြီး ကြေသွားပြီးမှ ဆံပင်အရင်းကနေ အဖျားထိ နှံ့စပ်အောင် သုတ်လိမ်းပြီး မျက်နှာသုတ်ပဝါနဲ့ ဆံပင်ကို သုပ်ပေးပါ။ နာရီဝက်ခန့်ထားပေးပြီးရင် ခေါင်းလျှော်ရည် အပျော့စားနဲ့ ခေါင်းလျှော်ပါ။ အခြောက်ခံစက်နဲ့ ဆံပင်သားကို ခပ်ဖွဖွလေး အခြောက်ခံပေးလိုက်ပြီးရင် ဆံနွယ်သားတွေ စိုပြည်တောက်ပြောင်တာကို လက်တွေ့ခံစားနိူင်ပါပြီ။
ရှေးစာဆိုမှာ “မိန်းမတို့ဘုန်း ဆံထုံး”တဲ့။ ဆံပင်ဟာ မိန်းမတို့ဘုန်းပါ။ ဆံပင်တွေ ရှည်မလာဘူး။ ဆံပင်ထဲ လက်နှစ်လိုက်တိုင်း ဦးရေပြားတွေ တရှိန်းရှိန်းနဲ့ ပူနေတယ်။ ခေါင်းချွေးကလည်း ထွက်နေတယ်ဆိုရင် ငှက်ပျောသီးနှစ်လုံးနဲ့ ထောပတ်သီးတစ်လုံးကို ရှာပါ။ အတွင်းသားများကို ရောနှောပြီး ကြေညက်စေပါ။ ဦးရေပြားထဲရောက်အောင် သုတ်လိမ်း၊ ဆံပင်အဖျားအထိ ရောက်အောင်လည်း သုတ်လိမ်းပြီး ဦးရေပြားကို လက်ချောင်းလေးများနဲ့ ခပ်ဖွဖွ နှိပ်နယ်ပြီး မိနစ် ၂၀ လောက်ရှိမှ ရေအေးအေးနဲ့ ခေါင်းလျှော်လိုက်ပါ။ ထောပတ်သီးနဲ့ ငှက်ပျောသီးမှာပါတဲ့ သဘာဝအဆီဓာတ်တွေက ဦးရေပြားကို အေးမြစေပြီး ဆံပင်သန်စွမ်းမှုကို ဖြည့်စွမ်းပေးပါတယ်။
ထူးခြားစွာ ပျော့ပြောင်းနူးညံ့တဲ့ ဆံနွယ်တွေကို ပိုင်ဆိုင်ပြီး တောက်ပြောင်နေတဲ့ သဘာဝဆံကေသာရချင်တယ်ဆိုရင် သံလွင်ဆီနဲ့ ပျားရည်စစ်ကို ရှာဖွေပါ။ သံလွင်ဆီနဲ့ ပျားရည်ကို ဆတူရောစပ်ပြီး ဆံပင်ရင်းမှ အဖျားတိုင် သုတ်လိမ်းကာ မျက်နှာသုတ်ပဝါနဲ့ ဆံပင်တွေကို ထုပ်ထားပေးပါ။ နာရီဝက်လောက်ထားပြီးရင် ခေါင်းလျှော်လိုက်ပါ။ ပျားရည်စစ်စစ် ရှာမရခဲ့ဘူးဆိုရင် သံလွင်ဆီတစ်မျိုးထဲကို လက်ဖက်ရည်ဇွန်း ၂ဇွန်း ထည့်ပါ။ ထူးခြားစွာ ပျော့ပြောင်းတောက်ပြောင်တဲ့ ဆံကေသာအလှကို တွေ့ရမှာပါ။
မိန်းမသားတို့အတွက် အရေးအကြီးဆုံးဟာ ကျန်းမာလှပမှုဘဲ ဖြစ်ပါတယ်။ အဦးဆုံး ထိပ်ဆုံးမှာရှိတဲ့ ဆံကေသာတွေကစလို့ လှပကောင်းမွန်မှုကို ဂရုစိုက်ပြီး ဆွဲဆောင်နိူင်တဲ့ မိန်းမသားတစ်ယောက်ဘဝကို ရယူပိုင်ဆိုင်နိူင်ပါစေ။
Author : ညီညီကျော် Healthcare Journal, vol 8,no 4