နွားနို့ (သို့မဟုတ်) နို့ရည်၏ အလှအပဆိုင်ရာ အသုံးဝင်ပုံ ၅ ချက်

နွားနို့ (သို့မဟုတ်) နို့ရည်၏ အလှအပဆိုင်ရာ အသုံးဝင်ပုံ ၅ ချက်

နွားနို့မှာ အာဟာရဓါတ်တွေ များစွာပါရှိပြီး နွားနို့သောက်ရင် အားရှိတယ် အရပ်ရှည်တယ် ဆိုတာတွေကိုတော့ လူအတော်များများ ကြားဖူးကြမှာပါ။

ဟုတ်ပါတယ်။ နွားနို့ဟာ အာဟာရဓါတ်များစွာပါရှိလို့ နွားနို့ပုံမှန်သောက်ရင် ခန္ဓာကိုယ်ဖွံ့ဖြိုးမှုကို အထောက်အပံ့ပေးသလို ကျန်းမာရေးအတွက်လည်း ကောင်းစေပါတယ်။

တကယ်တော့ နွားနို့ကို ကျန်းမာရေးကောင်းဖို့၊ အားရှိဖို့သောက်တာအပြင် အလှအပဆိုင်ရာအတွက်လည်း သုံးလို့ရပါတယ်။

နွားနို့ (သို့မဟုတ်) နို့ရည်ကို အလှအပဆိုင်ရာအတွက် သုံးတာကျတော့ သိတဲ့သူ နည်းပါတယ်။

ဒါကြောင့် ဒီတပတ်မှာ နို့ရည်ရဲ့ အလှအပဆိုင်ရာအသုံးဝင်ပုံကို သိသလောက်ရေးသားတင်ပြချင်ပါတယ်။

၁။ မျက်နှာပေါင်းတင် ပစ္စည်းအဖြစ် သုံးနိုင်ခြင်း

ခွက်တခွက်ထဲ နွားနို့ ထမင်းစားဇွန်းနှစ်ဇွန်း ထည့်ပြီး ပျားရည်၊ သံပုရာရည်၊ မုန့်ဖုတ်ဆော်ဒါတွေကို သင့်တင့်သလောက်ထည့်ကာ ရောမွှေပါ။

စိတ်ရှိရင် ဗီတာမင်အီး ဆေးလုံးတလုံးပါ ဖောက်ထည့်ပြီးရောမွှေပါ။

ပြီးရင် မျက်နှာပေါ်မှာ ပါးပါးလိမ်းပြီး ၁၀ မိနစ်ကနေ ၁၅ မိနစ်ခန့်ထားပေးပါ။

ထို့နောက် ရေကြက်သီးနွေးလေးနဲ့ မျက်နှာကို ဆေးကြောသန့်စင်ပေးပါ။

ဒီလိုလုပ်ပေးခြင်းဖြင့် သင့်မျက်နှာအသားအရေဟာ ချောမွေ့ပြီး လတ်ဆတ်နေပါလိမ့်မယ်။

၂။ နွားနို့နဲ့ ရေချိုးနိုင်ခြင်း

နို့နဲ့ ရေချိုးတယ်ဆိုတာဟာ ရှေးယခင်နှစ် များစွာကတည်းက ရှိခဲ့တာပါ။

ရေချိုးမယ့်ဇလုံ သို့မဟုတ် ရေချိုးကန်ထဲကို ရေနွေးနွေးလေးနဲ့ နွားနို့ကို ရောထည့်ပါ။

နွားနို့များများထည့်နိုင်လေ ကောင်းလေပါပဲ။

ရေချိုးကန် (Bathtab) တကန်ထဲကို နွားနို့ တဂါလံ ကနေ သုံးဂါလံအထိ ထည့်နိုင်ပါတယ်။

အဆင်မပြေလို့ ဒီလိုအများကြီးမထည့်နိုင်ရင် သုံးခွက် လေးခွက်လောက်ဆိုရင်လည်း အဆင်ပြေနိုင်ပါတယ်။

နို့နဲ့ရေချိုးတဲ့အခါ ခပ်ပြီးလောင်းချိုးတာထက် စိမ်ချိုးတာ ပိုထိရောက်ပါတယ်။

၁၅ မိနစ်ကနေ မိနစ် ၂၀ ခန့်လောက် စိမ်နေပါ။

ဒီလိုလုပ်ပေးခြင်းဖြင့် အသားအရေကို ႏူးညံ့ချောမွေ့စေပြီး ကြည်လင်တောက်ပြောင်လာစေနိုင်ပါတယ်။

၃။ Facial Cleanser (မျက်နှာသန့်စင်ပစ္စည်း) အဖြစ် သုံးနိုင်ခြင်း

မကျိုချက်ရသေးတဲ့နွားနို့ဟာ ပြီးပြည့်စုံတဲ့ Facial Cleanser အမျိုးအစားတခု ဖြစ်ပါတယ်။

ချည်သားအဝတ်သန့် သို့မဟုတ် ဂွမ်းလုံးလေးကို နို့ထဲနှစ်ပါ။

နို့ထဲနှစ်ထားတဲ့ ထိုအဝတ်သန့် သို့မဟုတ် ဂွမ်းလုံးလေးနဲ့ မျက်နှာလည်ပင်းတလျှောက်သေချာလေးတို့ပေးပါ။

ပြီးရင် ၅ မိနစ် ၁၀ မိနစ်လောက် ထားပါ။ ထို့နောက် ရေကြက်သီးနွေးလေးနဲ့ ဆေးကြောသန့်စင်ပါ။

ဒီလိုလုပ်ပေးခြင်းဖြင့်

အရေပြားပေါ်က ဆဲလ်သေတွေနဲ့ မည်းညစ်နေတာတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

အရေပြားပေါ်က မွှေးညင်းပေါက်လေးတွေကို ပွင့်စေတဲ့အတွက် ဆားဝက်ခြံနဲ့ ဝက်ခြံတွေ မဖြစ်လာအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

၄။ Moisturizer (အစိုဓါတ်အားဖြည့်ပစ္စည်း) အဖြစ် သုံးနိုင်ခြင်း

အသားအရေခြောက်သွေ့တာ၊ အရေပြားမှာ အကြေးခွံထသလိုဖြစ်ပြီး အရေပြားကြမ်းတာတွေအတွက် နွားနို့နဲ့ ငှက်ပျောသီးမှည့်ကို ရောချေကာ ဖြစ်တဲ့နေရာအရေပြားပေါ်မှာ လိမ်းပေးခြင်းဖြင့် အရေပြားခြောက်သွေ့တာ၊ အရေပြားကြမ်းတာတွေကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။

၅။ Exfoliator (အရေပြားအညစ်အကြေးတွေ၊ ဆဲလ်သေတွေ ဖယ်ရှားတဲ့ပစ္စည်း) အဖြစ်သုံးနိုင်ခြင်း

နွားနို့တခွက်နဲ့ ကွေကာအုပ်အကြမ်းမှုန့် ၃ဇွန်းရောမွှေပြီး အရေပြားပေါ် ညင်သာစွာ ပွတ်ပေးပါ။ ပြီးရင် ၅ မိနစ် ၁၀ မိနစ်ခန့်ထားပြီး ရေကြက်သီးနွေးလေးနဲ့ ဆေးကြောလိုက်ပါ။

ဒီလိုတွေလုပ်ခြင်းဖြင့် အရေပြားပေါ်က ဆဲလ်သေတွေနဲ့ အညစ်အကြေး အမည်းစက်အမည်းကွက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

Dr သီတာနွယ် (အမရပူရ)

ဆက်စပ် ဆောင်းပါးများ